မြန်မာနိုင်ငံ ပွင့်လင်းလာမှုနဲ့အတူ အသွင်ကူးပြောင်းရေးကာလ စစ်အစိုးရလက်ထက်က ကြီးပွားချမ်းသာခဲ့တဲ့ ခရိုနီတွေလည်း အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲကနေလွတ်မြောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေ ကြပါတယ်။
ခရိုနီတွေ ကြီးပွားချမ်းသာခဲ့တဲ့ နည်းလမ်းတွေပေါ်မူတည်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အထူးသတိထား စောင့်ကြည့်ရမည့်သူများ (SDN) စာရင်း ကနေ လွတ်မြောက်နိုင်ဖွယ်ရှိသူတွေ ရှိပေမယ့် တချို့ကတော့ လွတ်မြောက်ဖို့ လမ်းမမြင်ပါဘူး။
အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေပယ်ဖျက်ရေးမှာ ထည့်သွင်း စဉ်းစားတဲ့အချက်တွေ ရှိပါတယ်။ အဓိကကတော့ အဓမ္မ သိမ်းဆည်းထားတဲ့ မြေ တွေပြန်ပေးရေး၊ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ တတပ်တအား ပါဝင်ခြင်းနဲ့ လူမှုရေးလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါ လုပ်ဆောင်ရေးတို့ ဖြစ်ပါတယ်။
ဒါပေမယ့် ခရိုနီတွေ အနေနဲ့ပိတ်ဆို့ အရေးယူမှု စာရင်းကနေလွတ် မြောက်နိုင်ဖွယ်မရှိတဲ့ အနေအထားမျိုးလည်း ကြုံရဖို့ရှိပါတယ်။ စစ် အစိုးရလက်ထက်မှာ လက်နက်မှောင်ခိုလုပ်မှု၊ မူးယစ်ဆေးဝါးရောင်း ဝယ်မှုနဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ အစီအစဉ် မရှိသူတွေကတော့ လွတ်မြောက်စရာ လမ်းမမြင်ပါဘူး။ စစ်အစိုးရ လက်ထက်မှာ လက်နက်ရောင်းဝယ်မှုတွေထဲ ပါဝင်ပတ်သက်တယ် လို့ စွပ်စွဲခံထားရတဲ့ ဦးတေဇ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး ငွေမည်းတွေကို ငွေဖြူလုပ်ခဲ့တဲ့ Asia World ကုမ္ပဏီ ပိုင်ရှင် ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လောတို့ဟာ အဲဒီသတ်မှတ် ချက်တွေထဲ ငြိနေနိုင်ပါတယ်။
ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်က စစ်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ အရှိန်အဝါနဲ့ စစ်ဘက်၊ အရပ်ဘက် စီးပွားရေးလုပ်ငန်းများမှာ အခွင့်အရေးရယူခဲ့သူဖြစ် ပါတယ်။ တရုတ်နဲ့ စစ်အစိုးရ ဆက်ဆံရေးမှာကြားခံဖြစ်ခဲ့ပြီး သစ်လုပ်ငန်း၊ ဆောက် လုပ်ရေး လုပ်ငန်းတွေကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေးလေဆိပ်တွေ ရဲ့ Ground Handling လို့ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းတွေအထိ လက်ဝါးကြီး အုပ်နိုင်ခဲ့ ပါတယ်။ ပိတ်ဆို့အရေးယူမှုစာရင်းက လွတ်မြောက်ရေးမှာ ပတ္တမြားနဲ့ ကျောက်စိမ်း ကုန်သွယ်မှုတွေမှာ ဆက်နွှယ်နေသူတွေလည်း ကင်းလွတ်ခွင့်ရဖို့ မမြင်ပါ။ အမေရိကန် အစိုးရက မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာတွေ တင်သွင်းမှု တားမြစ်ချက်ကို ယမန်နှစ် ဇူလိုင်လ အတွင်းကထပ်ပြီး သက်တမ်းတိုးခဲ့ပါ တယ်။
အမေရိကန် အစိုးရ အနေနဲ့ လည်း မြန်မာနိုင်ငံ ပြန်လည်ထူ ထောင်ချိန်မှာအကူအညီပေးနိုင် ဖွယ်ရှိတဲ့အလားအလာရှိတဲ့ခရိုနီ တချို့ကို စောင့်ကြည့်နေပါတယ်။ ဒါကြောင့်လည်း တချို့ခရိုနီတွေဟာ သူတို့ လုပ်ငန်းတွေကို ထင်သာမြင် သာ လုပ်ဆောင်ဖို့၊ အခွန်များပေး ဆောင်ဖို့၊ သိမ်းယူထားတဲ့မြေတွေ နဲ့ တခြား မသမာတဲ့နည်းနဲ့ ပိုင် ဆိုင်ခဲ့တာတွေကို ပြန်ပေးဖို့ ကြိုး ပမ်းလာကြတာကို တွေ့ရပါတယ်။
ဦးတေဇနဲ့ သူရဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်းတို့ ပိုင်ဆိုင်တဲ့ ဧရာ ရွှေဝါကုမ္ပဏီကလည်း သိမ်းဆည်းမြေ တချို့ကို ပြန်ပေးခဲ့ပြီး Max Myanmar Group ဥက္ကဋ္ဌ ဦးဇော်ဇော်ကတော့ သိမ်းယူခဲ့တဲ့မြေတွေကို ပြန်ပေးတာ၊ လျော်ကြေးပေးတာ တွေလုပ်ခဲ့ပါတယ်။ ဦးဇော်ဇော်အနေနဲ့ကတော့ ရန်ကင်းကလေးဆေးရုံကို တည်ဆောက်ပေးခဲ့တာ ကြောင့်အာရုံစိုက်မှုရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆေးရုံကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ယမန်နှစ်အတွင်း ဦးဇော်ဇော်က အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေကို ခံယူခဲ့ပြီး စာရင်း အင်းတွေကို ချပြခဲ့ပါတယ်။ အခုအချိန်အထိ အမေရိကန်ရဲ့ စင်တော်ကောက်ခံမယ့် သူတွေထဲ ရှေ့တန်းမှာတော့ ဦးဇော်ဇော်နဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ ရှိနေပါတယ်။ သူတို့နှစ် ယောက်ကတော့ ပြုပြင်ပြောင်းလဲရေးမှာ အလိုက်အလျားသင့် ပါလာတဲ့ စံပြခရိုနီတွေ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
စစ်အစိုးရ လက်ထက်ကတည်းက တချို့သော ခရိုနီကြီးများဟာ အမေရိကန်က Public Relations Firm တွေကို ငွေပုံပေး ငှားရမ်းပြီး အရိပ်ဆိုးအောက်ကနေ လွတ်မြောက်ခွင့်ရဖို့ ကြိုးပမ်းခဲ့တာတွေ ရှိခဲ့ပါ တယ်။ ဒါပေမယ့် လက်ရှိအသွင်ကူးပြောင်းစ အခြေအနေမှာတော့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေနဲ့ ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းခြင်းအားဖြင့် ခရိုနီတချို့ဟာ သူတို့ပုံရိပ်ကို အဖတ်ဆယ်ဖို့၊ စောင့် ကြည့်နေသူရဲ့ အမြင်မှာ အမှတ်ကောင်းရဖို့ ကြိုးပမ်းလာကြပါ တယ်။ ဦးဇော်ဇော်၊ ထူးထရေးဒင်း ဥက္ကဋ္ဌဦးတေဇတို့အပါအဝင် ခရိုနီများဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အလှူငွေ ပေးဖို့ တန်းစီနေခဲ့ကြပါတယ်။
ဒီလိုဆက်စပ်မှုကြောင့် အလှူရှင်တွေရဲ့ ဂုဏ်သိက္ခာပိုတက်တာထက် NLD ပါတီအပေါ် ဝေဖန်မှုတွေက ပိုများနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက NLD ရဲ့ ပါတီရန်ပုံငွေရှာဖွေ ပွဲမှာ ဦးတေဇက ကျပ်သိန်း ၇၀ဝ လှူခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့ နီးစပ်သူတဦးဖြစ်တဲ့ ဦးကျော်ဝင်း ပိုင်ဆိုင်တဲ့ Sky Net ရုပ်သံက လှူဒါန်းတဲ့ ကျပ်သိန်း ၁၃၅၀ ကိုလည်း NLD လက်ခံခဲ့ပါတယ်။ ဒီလို အလှူငွေလက်ခံခြင်းကြောင့် NLD ပါတီကို ဝေဖန်မှုပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
NLD ကို လှူဒါန်းတဲ့ ငွေပမာဏဟာ မြန်မာခရိုနီသူဌေး ကြီးများအတွက် တညစာအရက်ဖိုး၊ မုန့်ဖိုး၊ ပဲဖိုးလောက်ပဲရှိတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။ တချို့က ခရိုနီတွေဆိုရင် နိုင်ငံရပ်ခြားက လောင်းကစားဝိုင်းတွေမှာ တညတည်းကို အမေရိကန်ဒေါ်လာ ၁ သိန်းကျော် (မြန်မာငွေ သိန်း ၁ ထောင်ကျော်) ဖြုန်းနိုင်တယ်လို့ ဆိုကြပါတယ်။
အမေရိကန်ရဲ့စောင့်ကြည့်မှုကနေ လွတ်မြောက်ဖို့ ဒီမိုကရေစီ အတိုက်အခံတွေနဲ့ ဟန်ပြဆက်ဆံရေး ထူထောင်နေရပေမယ့်လည်း တဖက်မှာ ခရိုနီတွေအနေနဲ့ တချိန်က သူတို့ချမ်းသာကြွယ်ဝရေး ဆည်းကပ်ခဲ့ရတဲ့ နောက်ကွယ်က ဩဇာရှိသူ တွေ မငြိုငြင်အောင်လည်း ကြိုးပမ်းနေရပါတယ်။
မော်ဒယ်လ် အမျိုးသမီးငယ်များနဲ့ ဈေးကြီးတဲ့ ပြိုင်ကားတွေကို သဘောကျတတ်သူ ခရိုနီသူဌေး တဦးဟာ NLD နဲ့ ပတ်သက်ခဲ့တဲ့အတွက် အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးရဲ့ အမျက် ဒေါသနဲ့ ၂၀၁၂ ခုနှစ်တုန်းက ရင်ဆိုင်ခဲ့ရဖူးတယ် လို့ ဆိုပါတယ်။ ထို့အတူ ငယ်ရွယ်တဲ့သူဌေး တဦး ဟာလည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကိ ုသွားရောက်လည်ပတ်ကာ NLD ကို ငွေလှူခဲ့တဲ့အတွက် အပြင်းအထန် ဆူပူပြစ်တင်ခံရတယ်လို့ သိရပါတယ်။ အဲဒီအတွက် နောက်ကွယ်က ဩဇာရှိနေ သူကြီးကိုငွေကြေး အမြောက်အများ အကုန်ခံ တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့က Macquarie တက္ကသိုလ်က မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဒေါက်တာ ရှောင်တာနဲလ် (Dr.Sean Turnell) ကတော့ “သူတို့က စီးပွားရေးမှာလိုပဲ နိုင်ငံရေးမှာ လည်းစားကျက်မြင်မယ့် သူတွေပါ။ ဒါပေမယ့် သေချာ တာကတော့ ကွဲပြားသူတချို့ ပေါ်ထွက်လာနိုင်ပါတယ်။ တကယ်လို့ သူတို့မှာလုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် အသွင်ကူး ပြောင်းရေးကိစ္စတွေကို လုပ်နိုင်မယ့် အရင်းအနှီးရှိသူအနည်း ငယ်ထဲကဆိုတော့ ကျနော်တို့ စောင့်ကြည့်ရမယ်လို့ ထင်ပါ တယ်” လို့ မှတ်ချက် ပေးထားပါတယ်။