အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက် သွားကြမယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
တိုတိုတုတ်တုတ် ထုတ်ပြန်ထားတဲ့ ကြေညာချက် လိုရင်းကတော့ အသွင်ကူးပြောင်းရေးမှာ ပိုမို ပူးပေါင်း အဖြေရှာနိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းများဖြင့် ပူးတွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ပဲ ဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ နေပြည်တော်မှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေးတို့နဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မိနစ် ၄၀ ကျော်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုအပြီး အခုလို ဖွဲ့စည်းပုံပြင်ဆင်ရေး ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက် ထွက်ပေါ်လာတဲ့အပေါ် မေးခွန်း ထုတ်စရာတွေတော့ ရှိနေပါတယ်။
ပထမဆုံး မေးခွန်းထုတ်ရမှာက ဒီကြေညာချက်မှာ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတာ ခိုင်မာတဲ့ နည်းဗျူဟာတခုခု ဖော်ပြထားတာမျိုးလည်း မတွေ့ရသလို နိုင်ငံရေးအရ ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေးလည်း မပေါ်လွင်တဲ့ ပူးတွဲ ကြေညာချက် ဖြစ်ပါတယ်။ ဒီကြေညာချက်အရ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီတို့ကြား အခုမှပဲ နိုင်ငံရေး တွေ့ဆုံမှု စတင်တာလို့ ယူဆရဖွယ် ရှိနေတာကြောင့် ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ၈၈ မျိုးဆက်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းအရ အရင်က တွေ့ဆုံမှုတွေမှာ နိုင်ငံရေးအရ ဆွေးနွေးမှုမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှုရဲ့ နောက်ဆက်တွဲ တွေ့ဆုံမှုတွေလည်း ရှိမယ်လို့လည်း သိရပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အထင်ကရဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ နိုင်ငံရေးမှာ အတူလက်တွဲမယ်ဆိုတဲ့ သဘောထားတွေအပေါ် အားရကျေနပ်ကြတဲ့ ချီးမွမ်း ပြောဆိုသံတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက မြန်မာ့ ဒီမိုကရေစီအရေး အဓိက ကျတဲ့ နိုင်ငံရေးအင်အားစု ၂ ခုက အခုလို နိုင်ငံရေးအရ လက်တွဲတာဟာ အပေါင်းလက္ခဏာ ဆောင်တာမှန်ပေမယ့် အခုထိ ဒီအင်အားစု ၂ စုလုံးမှာ နိုင်ငံရေးအရ တိကျ ခိုင်မာတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချပြတာမျိုး မရှိသေးတာကတော့ အားမရစရာ ဖြစ်ပါတယ်။
တချို့ လေ့လာသုံးသပ်သူတွေကတော့ အခု ပူးတွဲ ကြေညာအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ အနေနဲ့ လူထုလှုပ်ရှားမှုမှာ အားကောင်းတဲ့ ၈၈ မျိုးဆက်တွေကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လိုအပ်ချက်အရ လက်တွဲပြတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဝေဖန်သံမှုတွေ ရှိပါတယ်။
ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတို့ဟာ မြန်မာပြည်အနှံ့ သွားရောက်ကာ အရေးပါတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောမှုတွေ လုပ်ဆောင်နေချိန်နဲ့လည်း တိုက်ဆိုင်နေလို့ ဒီလို ဝေဖန် ထောက်ပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ NLD ပါတီနဲ့ ၈၈ မျိုးဆက်တို့ အင်အားစု ၂ စုလုံးဟာ ဒီမိုကရေစီနည်းလမ်း မကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့ သဘောထားတွေ သီးခြားစီ ရှိကြပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရေး ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ သာမက အခြား ဖွဲ့စည်းပုံပါ အခြေခံမှုတွေနဲ့ အချက်အလက် တော်တော်များများကို ၈၈ မျိုးဆက်ကလည်း ပြင်ဆင်လိုကြတယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုအားနဲ့ သွားရမယ်လို့ ယုံကြည်လာပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက်နဲ့ အခုလို လက်တွဲဖို့ ရုတ်တရက် ဖြစ်ပေါ်လာတာလို့ သုံးသပ်သူတွေကလည်း သုံးသပ်ကြပါတယ်။
လက်ရှိအနေအထားမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီအနေနဲ့ လွှတ်တော်တွင်း မဟာမိတ်အင်အား ပြည့်မီမှုမရှိတာ၊ အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ ၂၅ ရာခိုင်နှုန်း စစ်တပ်ကိုယ်စားလှယ်တွေကို ဆွဲဆောင်နိုင်တဲ့ အခြေအနေ မရှိသေးတာတွေကြောင့် လူထုအားနဲ့ ပြင်ဆင်နိုင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က တဖက်တလမ်းက အားကိုးပုံရတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီတို့ အကြား တိကျခိုင်မာတဲ့ နိုင်ငံရေး မဟာမိတ် သဘောထား မရှိကြသလို ၈၈ မျိုးဆက်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ အကြား ကွာဟမှုတွေလည်း ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ အခုကြေညာချက်က ဒီကိစ္စကို မီးမောင်းထိုးပြနေပါတယ်။
၂၀၀၅ ခုနှစ်လောက်က အကျဉ်းထောင်တွေထဲက ပထမဆုံး ပြန်လွတ်ချိန်လောက်က အဲဒီ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ ဒီအတွက် ၈၈ မျိုးဆက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ တလှေတည်း စီးသူတွေ၊ တခရီးတည်း သွားသူတွေ လို့ အများက သတ်မှတ်နေကြပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးတဲ့နောက်ပိုင်း အများမျှော်လင့်ထားသလို ၈၈ မျိုးဆက်ကျောင်းသားများနဲ့ နီးနီးကပ်ကပ် မရှိခဲ့တာ တွေ့ရပါတယ်။
ဒီအင်အားစု နှစ်စု တစုနဲ့ တစု (သို့) လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ ဖြစ်တည်မှု တန်ဖိုးတွေကို အပြန်အလှန် အသိအမှတ်ပြုမှု အားနည်းချက်တွေကြောင့် အဓိက ကွာဟနေတာလို့လည်း ကောက်ချက်ချလို့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေ အပေါ် နှစ်ဖက်လုံးက အမြဲပဲ သိမ်သိမ်မွေ့မွေ့ နေတတ်ကြပြီး ကွာဟဟာ မသိသာလှပါဘူး။
အင်အားစု နှစ်စုက အနေဝေးမှုတွေ ရှိခဲ့တာကြောင့် အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ အတူပူးတွဲ လုပ်ဆောင်ကြမယ်ဆိုတော့ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ကြမလဲ ဆိုတာကတော့ စောင့်ကြည့် ရမှာပါပဲ။
အစိုးရ၊ အာဏာရပါတီ လွှမ်းမိုးတဲ့ လွှတ်တော်၊ စစ်တပ်တို့ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ချမှတ်ထားပေမယ့် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ လိုလားချက်တွေနဲ့တော့ ထပ်တူ မကျနိုင်တာ သေချာပါတယ်။
ဒါကြောင့်လည်း ယခုနှစ်အတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးရင်း သဘောထား ကွဲလာမှုတွေ ရှိလာနိုင်ပြီး လူအုပ်စုဖွဲ့ကာ တောင်းဆိုမှုတွေ၊ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်လို့ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများ အနေနဲ့ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် သမ္မတဦးသိန်းစိန်က လျှို့ဝှက်ညွှန်ကြားချက်တရပ် ထုတ်ပြန်ထားတာလည်း ဖြစ်နိုင်ဖွယ်ရှိပါကြောင်း။