ကောလာဟလ တခုကတော့ လူငယ်အရာရှိတွေကို ရာထူးတိုးပေးတော့မယ်ဆိုရင် သူတို့ထဲက ဘယ်သူ့ကို ရာထူးပေးသင့်တယ် ထင်သလဲလို့ သူတို့ရဲ့ နက္ခတ်နဲ့ ဇာတာကို စစ်ဆေးတဲ့နေရာမှာ ဦးနေဝင်းကို ဦးစိန်လွင်က ကူညီပေးရတယ်လို့ဆိုတယ်။
ဗိုလ်မှူးချုပ်သန်းရွှေရဲ့ ဇာတာကို ဦးစိန်လွင် ကိုယ်တိုင် စစ်ဆေးခဲ့ရဲ့လားဆိုတာတော့ ဘယ်သူမှမသိပါဘူး။ ဗေဒင်ဆရာအချို့ရဲ့ အဆိုအရတော့ သူက ဘယ်သူ့ကိုခန့်ရမယ်၊ ဘယ်သူ့ကို ပယ်ရမယ်ဆိုတာကို အစိုးရ လက်စွဲ ဗေဒင်ဆရာ ရန်ကင်းဦးတင်အောင်နဲ့ တိုင်ပင်လေ့ရှိတယ်။ အာဏာရှင် အလောင်းအလျာ ဗိုလ်မှူးချုပ် သန်းရွှေကိစ္စမှာတော့ စစ်အစိုးရ ဗေဒင်ဆရာတွေရဲ့ ဟာကွက်ကနေတဆင့် ဖြစ်သွားပုံရတယ်။
တကယ်တမ်းတော့ ၁၉၈၆ ခုနှစ်အတွင်းမှာ မြန်မာပြည်သူ အများစုက ဗိုလ်ချုပ်သန်းရွှေနဲ့ သူ့ရဲ့ မိသားစု အကြောင်းကို ကောင်းကောင်း မသိကြဘူး။ မြန်မာနိုင်ငံက တက္ကသိုလ် နယ်မြေတွေကတော့ အစိုးရကို အာခံမယ့်သူတွေကို မွေးထုတ်ပေးတဲ့နေရာ ဖြစ်တယ်။ အဲဒီအချိန်က တော်လှန်ရေး (၈၈ အရေး အခင်း) ပေါ်ပေါက်လာဖို့ကလည်း ၂ နှစ်လောက် လိုနေသေးတဲ့ အချိန်ပါ။ ဗိုလ်ချုပ်သန်းရွှေရဲ့ သမီးဖြစ်သူ ကြည်ကြည် ရွှေလည်း အာရ်စီတူးလို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်။ နေစဉ်နေ့တိုင်း အဲဒီခေတ်က အဆင့်မြင့် အစိုးရအရာရှိတွေအတွက် အစိုးရက ထုတ်ပေးတဲ့ မာဇဒါ ၃၂၃ ကားလေးနဲ့ ကျောင်းကိုလာတတ်တာကိုလည်း ဘယ်သူမှ သိပ်သတိမထားမိကြဘူး။
ကြိုင်ကြိုင်ရွှေလိုပဲ အစိုးရ အရာရှိကြီးတွေရဲ့ သားသမီးတွေဟာ ကားကို ကိုယ်တိုင်မောင်းလို့ ဖြစ်စေ၊ ဒရိုင်ဘာနဲ့ ဖြစ်စေ ကျောင်းကို လာကြတယ်။ ကျောင်းမှာ သူတို့နဲ့ ပေါင်းတဲ့သူတွေကို ဘယ်လို သတိထား ရမယ်၊ ဘယ်လို နေထိုင်ပြုမူရမယ်ဆိုတာ သူတို့ကို မိဘတွေက သင်ကြားပေးထားကြတယ်။ ဒါပေမယ့် အများစု ကတော့ သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိပြီးတော့ စားသောက် ဆိုင်တန်းတွေဘက်ကို မှန်မှန်လာ တတ်ကြတယ်။
သူတို့ ဒီလိုနေပေမယ့် တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေကတော့ သူတို့နဲ့ နိုင်ငံရေး မဆွေးနွေးဘူး။ သူတို့ရှေ့မှာ လွယ်အိတ်ကိုတောင် မဖွင့်ဘူး။ ၁၉၈၆ နဲ့ ၁၉၈၇ ခုနှစ်တွေတုန်းက လွယ်အိတ်တွေထဲမှာ အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေလိုမျိုး ပစ္စည်းတွေ ရှိနေတတ်လို့ပါ။ မုန်တိုင်း ရောက်မလာခင် ငြိမ်သက်နေတဲ့ အခြေအနေမျိုးမှာ ကြည်ကြည်ရွှေနဲ့ သူ့ရဲ့ ကျောင်းနေဖက်တွေဟာ ဘယ်သူက ရန်သူဖြစ်ပြီး ဘယ်သူက မိတ်ဆွေဖြစ်တယ်ဆိုတာကို ၁၉၈၈ ခုနှစ်ရောက်တဲ့အထိ မသိခဲ့ကြဘူး။
အဲဒီတုန်းက ကြည်ကြည်ရွှေက အိမ်ကိုအလည်လာဖို့ ဖိတ်ခေါ်တဲ့အတွက် ရောက်သွားတဲ့ သူငယ်ချင်းတွေက မြက်ခင်းပေါ်မှာ လမ်းလျှောက်နေတဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ မီးဖိုချောင်ကို စီမံခန့်ခွဲနေတဲ့ ဒေါ်ကြိုင်ကြိုင်ကို မြင်ခဲ့ ရတဲ့ အကြောင်းပြန်ပြောပြကြတယ်။ သူတို့ မိသားစုရဲ့ နေထိုင်မှုဟာ အလွန်ပျင်းရိ ငြီးငွေ့ဖို့ကောင်းပြီး သူတို့ အိမ်ရဲ့အပြင်ဘက်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကိုတောင် မသိကြတဲ့အထိ ရိုးစင်းလွန်းတယ်လို့လည်း ဆိုပါတယ်။
“သူတို့ အချစ်ဝတ္ထုတွေ ဖတ်တယ်။ ကြည့်ရတာ အချိန်တွေ ပိုနေကြသလိုပဲ။ ဘာမှမလုပ်ကြဘဲ ပျင်းစရာ ကောင်းတယ်လို့ ပြောတယ်။ သူတို့ပတ်ဝန်းကျင်က ဘဝတွေ ဘယ်လိုဆိုတာကိုလည်း မသိကြဘူး။ သူတို့ ကံကောင်းတယ်၊ အတိတ်ဘဝက ကောင်းမှုကုသိုလ်တွေလုပ်ခဲ့လို့ သူတို့ ဒီဘဝရတယ်၊ ဆင်းရဲတဲ့ သူတွေက တော့ အတိတ်ဘဝတုန်းက မကောင်းမှု အကုသိုလ်တွေ လုပ်ခဲ့ကြလို့ ကံမကောင်းကြဘူးလို့ သူတို့က ယူဆကြ တယ်” လို့ ဗိုလ်ချုပ်သန်းရွှေရဲ့ အိမ်ကို ရောက်ခဲ့ဖူးတဲ့ ကျောင်းသူတယောက်က ပြန်ပြောပြတယ်။
မြန်မာနိုင်ငံမှာ ကံမကောင်းတဲ့ ပြည်သူတွေ အမြောက်အမြားရှိနေတယ်။ စီးပွားရေးအခြေအနေက ဆိုးဝါးပြီး တိုင်းပြည်ကလည်း အိမ်နီးချင်းနိုင်ငံတွေ ထက်ခေတ်နောက်ကျ ကျန်နေတယ်။ သူ့ရဲ့မအောင်မြင်တဲ့ စီးပွားရေး မူဝါဒနဲ့ ပတ်သက်ပြီး “ကျားမြီး ဆွဲထားရသလိုပဲ” လို့ ဦးနေဝင်း တခါတုန်းကပြောဖူးတယ်။ ဆိုလိုချင်တာက တော့ မြန်မာ့ဆိုရှယ်လမ်းစဉ် ကို ပြဋ္ဌာန်းသတ်မှတ်ပြီးသားဖြစ်လို့ သူဘာမှ မလုပ်နိုင်တော့ဘူး။ မအောင်မြင် ပေမယ့်လည်းဆက်သွားရ မယ့်သဘောပါ။ ဦးနေဝင်း ဒီလိုဆက်လုပ်ခဲ့လို့လည်း မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံ ဖြစ်လာပါ တော့တယ်။
ဦးနေဝင်းရဲ့ ဘက်မလိုက် နိုင်ငံခြားရေးဝါဒကြောင့် မြန်မာနိုင်ငံဟာ မိတ်ဆွေများများစားစားမရှိခဲ့ဘူး။ သူ့ရဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံ အချို့ကတော့ အကြံကောင်းတွေပေးခဲ့ပေမယ့်လည်း ပြန်မပြော နားမ ထောင် အဖြစ်မျိုးနဲ့သာ တိုးခဲ့ကြရတယ်။ စင်ကာပူရဲ့ဝါရင့်ခေါင်းဆောင်ကြီး လီကွမ်ယုက စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက် မျိုးဆက် သစ် အရာရှိတွေ မွေးထုတ်ဖို့ တိုက်တွန်းခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ဘူး။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကို တံခါးဖွင့်ဖို့ ဝန်ကြီးချုပ် ဦးမောင်မောင်ခကို သူက အကြံပေးခဲ့ တယ်။ အမှန်တကယ် လုပ်ပိုင်ခွင့် မရှိရှာတဲ့ ဦးမောင်မောင်ခက ဦးနေဝင်းကို ပြန်လည်တင်ပြ လိုက်ပါမယ်လို့ လီကွမ်ယုကို ယဉ်ယဉ်ကျေးကျေးပြန် ဖြေခဲ့ပေမယ့် သူဒီအကြောင်းကိုတင်ပြဖို့ သတ္တိရှိပါ့ မလားဆိုတာက သံသယရှိစရာပါ။
၁၉၈၇ ခုနှစ် ဩဂုတ်လ၊ တိတိကျကျပြောရရင် ၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်မလာခင် တနှစ် အလိုမှာ ပြည်သူကို ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းတခုမှာ မြန်မာနိုင်ငံမှာ အဆင်မပြေဖြစ်နေတာ အားလုံးဟာ သူ့ရဲ့ အုပ်ချုပ် ရေးက အမှားအယွင်းတွေ လုပ်မိခဲ့တာကြောင့်လို့ ဦးနေဝင်းက ပြောတယ်။ သူ့ရဲ့အမှား တွေကို ရဲရဲဝံ့ဝံ့ ဝန်ခံခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ဖို့ အတွက်တော့ အချိန်က အရမ်းနှောင်းသွားခဲ့ပါပြီ။ အာဏာရှင်ဟာ အင်အား ကောင်းပြီး ရက်စက်တဲ့ လက်နက်ကိုင် စစ်တပ်တခုနဲ့ ကျွမ်းကျင်တဲ့ လျှို့ဝှက်ရဲအဖွဲ့တခုကို တည်ထောင်ခဲ့ပြီး ဖြစ်တယ်။ သူတို့တွေဟာ အာဏာကို စွန့်လွှတ်ဖို့ ဘယ်တော့မှ စိတ်မကူးတဲ့ အာဏာရှင်တွေရဲ့ လက်ကိုင် တုတ်သဖွယ်ဖြစ်လာ ပါတော့တယ်။
တကယ်လို့သာ ဦးနေဝင်းက ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွေလောက်ကတည်းက သူ့ရဲ့ အမှားတွေကို ထုတ်ဖော်ဝန်ခံပြီး ပြုပြင်ပြောင်းလဲရေးကို အားစိုက်ခွန်စိုက်လုပ်ခဲ့မယ်၊ တိုင်းပြည်ကို တံခါးဖွင့်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သမိုင်းဟာ အများကြီး ကွဲပြားခြားနားသွားခဲ့မှာဖြစ်တယ်။ ၁၉၈၈ အရေး အခင်းလိုမျိုးတွေလည်း မလိုအပ်တော့တဲ့အတွက် ပေါ်ပေါက်လာမှာမဟုတ်သလို သစ္စာရှိပြီး ရိုးသားတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်လို စစ်သားကြီးဟာ လည်း အသက်ပြည့်တဲ့အထိ တာဝန်ကို ထမ်းဆောင်ရပြီးတော့မှ ရာထူးက အနားယူသွားတာ မျိုးတွေ ဖြစ်လာမှာပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း သူ့ရှေ့က ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ လမ်းစဉ်နောက်ကိုလိုက်ပြီး ပြည်သူ့မြင်ကွင်းကနေ မသိမသာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း သူ့ရဲ့ စစ်မှုထမ်းဘဝကို ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဘဝနဲ့ပဲ အဆုံးသတ်သွားပြီးတော့ နိုင်ငံတခုခုမှာ သံအမတ်ကြီးဘဝနဲ့ မြင်ရတာမျိုးတွေတောင်ဖြစ်လာနိုင်တယ်။
ဒါပေမယ့် ဖြစ်လာတာတွေက အဲဒီလို မဟုတ်ဘူး။ ၁၉၈၈ ခုနှစ် မတ်လမှာ ဆန္ဒပြပွဲတွေ စတင်လာတဲ့အချိန်မှာ အစိုးရပိုင်းက အဆင့်မြင့်ပုဂ္ဂိုလ်တွေ နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေဟာ ကိုယ့်အိမ်မှာပဲကိုယ်နေခဲ့ကြရ တယ်။ ကြည်ကြည်ရွှေလည်း ကျောင်းကို မသွားရတော့ဘူး။ ဒုဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ မိသားစုဟာ စစ်တပ် အာဏာသိမ်းတဲ့အချိန်အထိ သော့ခတ်ထားတဲ့ တံခါးနောက်မှာ ရက်သတ္တပတ် အတော်များများနေထိုင်ခဲ့ရ တယ်လို့လည်း ကောလာ ဟလတွေ ကြားရတယ်။ ထွက်ပြေးစရာရှိရင် မြန်မြန်ဆန်ဆန် ထွက်ပြေးနိုင်ဖို့ အတွက် အင်းလျားကန်ထဲမှာ စပိဘုတ်တစီး အသင့်ထားရှိတယ်လို့လည်းဆိုကြပါတယ်။
ခံတပ်တခုလို ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ထားတဲ့ သူတို့အိမ်ဟာ လမ်းအဆုံးက တောင်ကုန်းလေးတခု ပေါ်မှာ ရှိတယ်။ စစ်ရေးသဘောအရ နေရာကောင်းမှာ ရှိနေတဲ့အတွက် အိမ်သူအိမ်သားတွေနဲ့ လုံခြုံရေးအစောင့် တွေက ဝင်လာတဲ့ဧည့်သည်တွေ၊ လူစိမ်းတွေကို သေသေချာချာ အပေါ်စီးကနေမြင်တွေ့နိုင်တယ်။
ဒုဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ နောက်ထပ်သမီးတယောက်ကတော့ အရေးအခင်းကာလတုန်းက သူတို့အိမ်ကို ချဉ်းကပ်လာမယ့် ဘယ်ကျောင်းသားကိုမဆို စောင့်ကြပ်နေတဲ့ အရာရှိတွေနဲ့ စစ်သားတွေက သေနတ်နဲ့ပစ်ချဖို့ အသင့်ပြင်ထားတယ်လို့ပြောတယ်။ “ငါတို့ က တောင်ကုန်းထိပ် မှာဆိုတော့ ကျောင်းသားတွေ လာရင် ပစ်လို့ရတယ်”လို့ တုန်လှုပ်နေတဲ့သူငယ်ချင်းတွေကို သူကဘာခံစားချက် မှ မရှိတဲ့ပုံစံနဲ့ ပြောခဲ့တယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလမှာတော့ ဦးနေဝင်းက ဗိုလ်ချုပ်ကြီးစောမောင်၊ ဒု ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးကြီး ခင်ညွန့်နဲ့ ထိပ်တန်း စစ်အရာရှိကြီးတွေကို သူ့အိမ်လာဖို့ဆင့်ခေါ်ပြီး စစ်တပ်ကအာဏာသိမ်းယူဖို့ အမိန့်ပေး လိုက်တယ်။ သူတို့ကလည်း အမိန့်ကို လျင်လျင်မြန်မြန် ထိထိရောက်ရောက်နဲ့ ရက်ရက်စက်စက် အကောင် အထည်ဖော်ကြတယ်။
အာဏာသိမ်းယူလိုက်ပြီးတဲ့နောက် စစ်အစိုးရက တက္ကသိုလ်နဲ့ ကောလိပ်အမြောက်အမြားကို ရည်ရွယ်ချက် ရှိရှိနဲ့ နေရာရွှေ့ပြောင်းခဲ့တယ်။ မြေအောက် ကျောင်းသားနိုင်ငံရေးလှုပ်ရှားသူတွေ ပေါက်ဖွားရာလို့ယူဆတဲ့ ပုဂ္ဂလိကနဲ့ အစိုးရကျောင်းဆောင်တွေကိုလည်း ပိတ်သိမ်းပစ်လိုက်တယ်။ ဝေးလံတဲ့ဒေသတွေမှာ ကောလိပ် အမြောက်အမြား ဖွင့်လှစ်ပြီးတော့ ကျောင်းသားအရေးလှုပ်ရှားတဲ့ အဖွဲ့တွေမှာ လူအင်အား လျော့နည်းသွား စေဖို့ ရည်ရွယ်ပြီး အဝေးသင် ပညာရေးစနစ်ကိုလည်း အင်တိုက်အားတိုက် အကောင်အထည်ဖော်တယ်။
ကျောင်းတွေပြန်ဖွင့်လို့ ကြည်ကြည်ရွှေ ကျောင်းကိုပြန်ရောက်လာတဲ့အခါ သူရဲ့ ကျောင်းနေဖက်သူငယ်ချင်း တချို့ဟာ NLD ပါတီဝင်တွေ ဖြစ်နေကြပြီး သူနဲ့ ဝေးဝေးနေကြတယ်။ တချိန်တုန်းက သူငယ်ချင်း ဖြစ်ခဲ့ဖူးသူ တွေကြား မမြင်ရတဲ့ တံတိုင်းတခု ရုတ်ခြည်းပေါ်လာပြီး တိုင်းတာလို့လည်းမလွယ်ကူပါဘူး။ အိမ်မှာလည်း ကြည်ကြည်ရွှေရဲ့ မိဘတွေက မိသားစုဝင်တွေကို လုံခြုံရေးအတွက် အနေအထိုင် ဆင်ခြင်ကြဖို့ ဆုံးမပါတယ်။
လုံခြုံရေးကို အကြောင်းပြုပြီး ကျောင်းစာသင်ချိန်တွေ ပျက်ကွက်စပြုလာပေမယ့် ကြည်ကြည်ရွှေဟာ သူရဲ့ ညီအစ်မတွေနဲ့ ဗိုလ်ချုပ်ဈေးလို့သိကြတဲ့ စကော့ဈေးကိုတော့ ဈေးဝယ်ထွက်တုန်းပဲ။ အဲဒီအချိန်တုန်းက ဒုဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ သမီးတွေဟာ နာမည်ဆိုးနဲ့ လူသိမများကြသေးဘူး။ ရွှေဆိုင်တွေထဲကို ဝင်သွားပြီး ဆိုင်ရှင်တွေကို သူတို့ရောင်းတဲ့ ပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးဖို့ တောင်းဆိုတာမျိုး မလုပ်ကြသေးဘူး။
အရေးအခင်းက ကြည်ကြည်ရွှေရဲ့ ကျောင်းသူဘဝကို ကန့်သတ်ခဲ့ပေမယ့် အိမ်ကဘဝကတော့ ငြီးငွေ့စရာ မဖြစ်ခဲ့ဘူး။ အိမ်ထောင်စုရဲ့အုပ်ထိန်းသူဖြစ်တဲ့ ဒေါ်ကြိုင်ကြိုင်က သူ့အတွက် ခင်ပွန်းသည်ဖြစ်ဖို့ အလား အလာရှိတဲ့ လူပျိုယောက်ျားလေး ၅ ယောက်ကို အဆိုပြုတယ်။ အားလုံးက တပ်နဲ့ ဆက်သွယ်ပတ်သက်မှု ရှိတဲ့သူတွေပါ။ ၁၉၉၀ အစောပိုင်း နှစ်တွေအတွင်းမှာ ကြည်ကြည်ရွှေဟာ ဒေါက်တာ နေစိုးမောင်လို့ အမည်ရ တဲ့ ငယ်ရွယ်ချောမောတဲ့ ဆေးတပ်အရာရှိ တယောက်နဲ့ လက်ထပ်ခဲ့တယ်။ သူက ရန်ကုန်ဆေးတက္ကသိုလ်က နေ ဘွဲ့ရရှိခဲ့ပြီး ဩစတြေးလျနိုင်ငံ ကွင်းစ်လန်းမှာ ပညာသင်ကြားဖူးတယ်။ သူ့အဖေကတော့ ဦးနေဝင်း လက်အောက်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလ်ချုပ်တင်စိန် (ငြိမ်း) ပါ။
ကြည်ကြည်ရွှေနဲ့ ဒေါက်တာနေစိုးမောင်တို့က နေရွှေသွေးအောင်လို့ အမည်ရတဲ့ သားတယောက် မွေးဖွား ခဲ့တယ်။ ဖိုးလပြည့်လို့သိကြတဲ့ သူတို့ရဲ့ သားဟာ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အချစ်ဆုံးမြေးဖြစ်တယ်။ ဒါပေမယ့် ဒေါက်တာနေစိုးမောင်နဲ့ မကြာခင် အာဏာရှင်ဖြစ်မယ့် သူရဲ့သမီးဖြစ်သူ ကြည်ကြည်ရွှေတို့ဟာ လာရာ လမ်းကြောင်းတွေ မတူညီကြတဲ့အတွက် သူတို့ရဲ့ အိမ်ထောင်ရေးဟာ ကြာရှည်မမြဲခဲ့ဘူး။
သူတို့အိမ်ထောင်ရေး ပြိုကွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒေါက်တာနေစိုးမောင်ဟာ ဒုတိယဗိုလ်မှူးကြီး ဖြစ်လာပြီး ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ သူဟာ စာရေးဆရာ တယောက်လည်း ဖြစ်လာပြီးတော့ ရန်ကုန်က အနုပညာသမားတွေ၊ စာရေးဆရာတွေနဲ့ တရင်းတနှီးရှိတယ်။ ဒေါက်တာ နေစိုးမောင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အမြဲကူညီတတ်ပြီး တချို့ကတော့ သူဟာ မြန်မာ နိုင်ငံရဲ့ ထိပ်သီးမိသားစုနဲ့ ကွာခြားကြောင်း ပြချင်ပုံရတယ်လို့ ယူဆကြတယ်။