ဗိုလ်ချုပ်ကြီးများဘက်က ကြည့်ရင်တော့ တပတ်ပြီး တပတ် ဖြေလျှော့ပေးနေတာ အားရစရာပါပဲ။ ကျေးဇူး တင်စရာ ပါပဲ။ အသက်တမျှ ချစ်မြတ်နိုးခဲ့တဲ့ ယူနီဖေါင်းတွေကိုလည်း ချွတ်ခဲ့ကြ ပါတယ်။ တရကြမ်း ဖမ်းဆီးရိုက်နှက် နှိပ်စက် သတ်ဖြတ် တာတွေကိုလည်း ရပ်တန်းက ရပ်လိုက် ပါတယ်။ ပြည်သူတွေက သူတို့ မကောင်းကြောင်းတွေ ရေးချင်တာ ရေးနေကြတာကိုတောင် မသိကျိုးကျွံ ပြု၊ မမြင်ချင်ယောင် ဆောင်၊ မကြားချင်ယောင် ဆောင်နေပေး ကြပါတယ်။
ဒါ့ထက် ဘာများ ပိုကောင်းနိုင်ဦးမှာလဲ ပေါ့၊ ဟုတ်ပါတယ်၊ ဖြေလျှော့တဲ့ နေရာမှာ ကမ္ဘာက အသိအမှတ်ပြု လက်ခံလာရတဲ့ အထိ ပါပဲ၊ အဲဒါကတော့ ဗိုလ်ချုပ်ကြီးများ ကောင်းသမျှရဲ့ ဇာတ်လမ်းအဆုံး ပါပဲ။
ဒီမိုကရေစီ ဘက်တော်သားတွေဘက်က ကြည့်ပါဦး၊ မသေလို့ ကျန်ခဲ့တဲ့လူတွေက ထုထောင်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့၊ တချို့ကတော့ စိတ်ကယောက်ကယက်နဲ့ ထောင်တွေထဲက ထွက်လာကြပါတယ်။ နိုင်ငံရေး မှာ ခေါင်းဆောင် ဆက်လုပ်နိုင်မယ့်လူက လက်တဆုပ်စာပဲ ရှိပါတော့တယ်။ နှစ်ရှည်ထောင်ဒဏ် တွေကြောင့် ဆင်းရဲမွဲတေ နေပြီး၊ နလံထူနိုင်ဖို့လည်း မလွယ်တော့ ပါဘူး။ လုပ်ကတည်းက ဒီတသက် အဘက်ဘက်မှာ နလံ မထူနိုင်အောင် ရည်ရွယ် ထုထောင်း ချေမှုန်းပစ်ခဲ့ တာကိုး။
ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက နှစ်ယောက်နဲ့ တပိုင်းပဲ ရှိတဲ့ ဒုက္ခိတ တပိုင်း နိုင်ငံရေးသမားလေး တစုကို လွတ်လပ်စွာ ဒီမိုကရေစီ နိုင်ငံရေး လုပ်ခွင့် ပေးလိုက်ပါတယ်။ တက်ကြွတဲ့ ကြက်ဖတွေလည်း နေ့မဆိုင်းပဲ မြစ်ဆုံကိစ္စ၊ လက်ပန်းတောင်းတောင်ကိစ္စ၊ HIV ကိစ္စကအစ လယ်သိမ်းမြေသိမ်း၊ မီဒီယာလွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေး အထိ မနားတမ်း တိုက်ပွဲဝင်ကြ တော့တာပါပဲ။ လေးစား ဂုဏ်ယူပါတယ်။
ဒါပေမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကိစ္စတွေမှာတော့ ထိရောက်အောင် လုပ်နိုင်တဲ့ သူက နည်းပါတယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်လို့ ခေါ်ရမယ့် သူတွေကတော့ လက်တဖက်စာပဲ ရှိတဲ့ အရေအတွက်ပဲ ရှိပြီး အတော့်ကို နည်းနေပါတယ်။
တာဝန်အရ ဆိုပြီး ယူနီဖေါင်းဝတ်လိုက်၊ ချွတ်လိုက်နဲ့ နိုင်ငံရေး ဆရာကြီးတွေ လုပ်ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေက ခုတော့ သဘောကောင်းကြ ပါတယ်။ အခါလည်ပြည့်လို့ မတ်တပ် စရပ်တဲ့ကလေးကို ရုတ်တရက် လက်လွှတ်ပေးလိုက်ပြီး မင်းဘာသာမင်း ဆက်လျှောက် ပေတော့လို့ လွှတ်လိုက်ပါတယ်။ လဲချင်လဲ၊ ကွဲချင်ကွဲ၊ မင်းထိုက်နဲ့ မင်းကံ သေရင် လည်း အေးတာပဲ ဆိုတဲ့ သဘောက ရိုးမှရိုးရဲ့လား၊ ကိုယ်နဲ့ မဆိုင်တော့သလို နိုင်ငံရေး သမားတွေကို တာဝန်မဲ့ လွှတ်ပစ်ဖို့ ကြိုးစားတာဟာ မှန်ကန်ပါရဲ့လား။
ပြည်သူတွေခမျာ အားကိုးစရာ ခေါင်းဆောင်က တယောက်တည်းရှိတော့ အားလုံး ဝိုင်းတွဲလွဲခို လိုက်နေကြ ပါတယ်။ ခေါင်းဆောင်ခမြာလည်း တယောက်ထဲ ကျွဲလို၊ နွားလို ဘယ်လို ရုန်းပေမယ့် ဝန်နဲ့အား မမျှတော့ ရှေ့တိုးဖို့ ခက်လှပါ တယ်။ ခိုစီးလိုက်သူက သန်း ၅၀၊ ဆွဲရတာက တယောက်တည်းကိုး။
အရမ်းကို ရုန်းနေရတဲ့ သူမရဲ့ကျောပေါ်က အကြီးဆုံး အထုပ်ကြီး ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး ဝန်ထုပ်ကြီး ထပ် ပစ်တင်လိုက်တာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖိချလိုက်သလို ပါပဲ။ သမ္မတကြီးရဲ့အကြံလား၊ ဥက္ကဋ္ဌကြီးရဲ့ အကြံလား၊ ပူးပေါင်း ကြံစည်တာလား ဆိုတာတော့ ကာယကံရှင်များပဲ သိပါလိမ့်မယ်။
ကုန်းတက်တခုပြီးတခု တက်လှမ်းရုန်းကန် နေတဲ့ရတဲ့ ခေါင်းဆောင်ရဲ့ ရှေ့မှာ ထပ်ဆင့် ချထားတဲ့ အတားအဆီးကြီး တခုကတော့ ပုဒ်မ ၄၃၆ ပါပဲ။ ဒီ ၄၃၆ ခလုတ်ကန်သင်းကြီးကို ပြုတ်အောင် ၈၈ မျိုးဆက်ကလည်း ဝိုင်းတွန်းပေး မယ်ဆိုတာ ကြားရတော့ အားရစရာပါပဲ။ တယောက်တည်း ရုန်းသော် မရနိုင်ပါ။ အဖွဲ့ပေါင်းစုံ ဝိုင်းဝန်း ပါဝင်သင့် ပါတယ်။ တိုင်းရင်းသား တွေကော၊ ပါတီပေါင်းစုံကော၊ CSO တွေပါ မကျန် ဝိုင်းတွန်းရွှေ့ကြရင် ရွေ့နိုင်ပါတယ်။ တက်ကြွ လှုပ်ရှားသူတွေ ကတော့ ထောင်မကြောက် တန်းမကြောက် နေ့ညမနား အော်ဟစ် လှုပ်ရှားနေကြ ပါတယ်။
ဒါပမေယ့် နိုင်ငံရေး ခေါင်းဆောင်တွေ ကတော့ စုစည်းညီညွတ်မှု မရှိပဲ ငါတကော ကောနေကြဆဲ ပါပဲ။ ပြည်သူ့ အကျိုးကို ဦးစားမပေးနိုင် ကြသေးပါဘူး။ ကောင်းတာလုပ်ဖို့ ငါအာဏာအရင်ရမှ ဖြစ်မယ် ထင်နေကြ ပါတယ်။
ဗိုလ်ချုပ် ဟောင်းကြီးများမှာတော့ အာဏာ ပါဝါတွေ တနင့်တပိုးနဲ့ ဓနဥစ္စာတွေက တောင်လိုပုံလို့၊ ခရိုနီတွေ ဗြူရိုကရက်တွေ ကလည်း ဝိုင်းဝိုင်းလည်ပြီး ရာဇပလ္လင်ပေါ်မှာ ဒူးတနှံ့နှံ့နဲ့ တရစ်ချင်းစီကို ဖြေးဖြေးချင်းစီ လျှော့ပေး နေပါတယ်။ ပြည်သူလူထုကြီး လိုချင်တဲ့ ဒီမိုကရေစီ ကိုတောင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ရမယ်လို့ အမြီးတပ်ပေး လိုက်ပါသေးတယ်။ စည်းကမ်း မပြည့်ဝဆုံးက တကယ်တော့ သူတို့ဗိုလ်ချုပ်တွေချည်းပါပဲ။ ဥပဒေကို အချိုးဖောက်ဆုံး၊ မလေးစားဆုံး ပုဂ္ဂိုလ်ကြီးတွေက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ရမယ်လို့ ပြောလိုက် တာကတော့ နိုင်ငံရေးသမားတွေကို အမြီးလှန်ချိုးထားမယ် ဆိုတဲ့ အကြံပါပဲ။ တခုခုဖြစ်ရင် စည်းကမ်း မပြည့်ဝမှု ဆိုတဲ့ ပြစ်ချက်နဲ့ နှိပ်ကွပ်နိုင်အောင် ရည်ရွယ်ထားလေသလား။
မကြာခင် သူတို့ကို ရာဇပလ္လင်ပေါ်က ဆွဲချတော့မှာကိုး၊ ဒါကြောင့်လည်း နှောင်ကြိုးတွေကို တထစ်စီ တရစ်စီ ဖြေလျှော့ပေးနေတာပေါ့။ နှောင်ကြိုး တဝက်ကို ၂၀၁၅ အရောက်မှာ ဖြေလျှော့ပေးမှာလား ဆိုတာ အရေးကြီးတဲ့ မေးခွန်း တခုပါပဲ။ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အာဏာကို ချုပ်ကိုင်ထားဦး မှာလား၊ အာဏာရှင် ဟောင်းကြီးများရဲ့ အစီအစဉ် မှာတော့ ၂၀၂၀ ဟာ အားလုံး ဖြေလျှော့ ပေးရမယ့် အချိန်ပါပဲ၊ အခုချက်ခြင်း အားလုံး ဖြေလျှော့ ပေးလိုက်ရင်တော့ ပလ္လင်ပေါ်က ဆောင့်ဆွဲချခံရမှာ သေချာနေတာကိုး။
အခုတော့ စစ်သံ ဗုံးသံတွေ ကြားနေရ ပါတယ်။ တပ်ချုပ်ကြီး ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ၂ ရစ် ပြန်ရစ် လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၂၀၁၅ မှ NLD အပြတ်မနိုင်အောင် ဆင်ကြံကြံနေရပါပြီ။ NLD နဲ့ ၈၈ ကလည်း မေလမှ ၄၂၆ ကို စတင်ဖော်ထုတ်ဖို့ လက်ဝါးရိုက်နေပါပြီ၊ တပ်မတော်ရဲ့ အလုံးစုံ ထိန်းချုပ်မှုဟာ ခြိမ်းခြောက်ခံနေရပါပြီ၊ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ရတော့မှာပါ။
၂၀၁၅ အတွက် ဗိုလ်ချုပ်ကြီးများ မူဝါဒ ပန်းတိုင် သတ်မှတ် ဆုံးဖြတ်ရမယ့် အချိန်ရောက်နေပါပပြီ။
ဒီအချိန်မှာ ဒီမိုကရေစီ ရေချိန်မြင့်တဲ့ နိုင်ငံရေးသမားကောင်းတွေ ပေါ်ထွန်းလာအောင်လုပ်ဖို့ ဗိုလ်ချုပ်ကြီး များမှာ တာဝန် မရှိကြဘူးလား၊ တဖက်စောင်းနင်း အာဏာပြိုင်ပွဲမှာ မတရား အနိုင်ယူပြီး တိုင်းပြည် ရေစုန်မျောတာ ခံကြမလား၊ နိုင်ငံရေးသမား မျိုးဆက် အသီးသီးကို သင်းသတ် မျိုးဖြုတ်ခဲ့တာ ဗိုလ်ချုပ်ကြီးများပဲ မဟုတ်ပါလား။ လက်တဆုပ်စာ လက်ကျန် နိုင်ငံရေး သမားတွေမှာ အားကိုးစရာ ပြည်သူတွေပဲ ရှိပါတယ်။ အင်အားချင်း မမျှရင်တော့ ပြည်သူကို လမ်းပေါ် ဆွဲထုတ်ကြမှာပါပဲ။
ကိုယ့်အာဏာ စည်းစိမ်တည်မြဲရေးကိုပဲ ဦးစားပေးပြီး တဖက် နိုင်ငံရေးသမား၊ အဖိနှိပ်ခံ အင်အားစုကို မြှင့်တင ်မပေးဘူး ဆိုရင် မြန်မာနိုင်ငံရေးဟာ မတည်ငြိမ်နိုင်ပါဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် အားလုံး ညှိနှိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။ နိုင်ငံရေး မတည်ငြိမ်ရင် ရင်းနှီးမြှပ်နှံသူတွေ လည်း မလာ၊ တိုင်းပြည်လည်း ရေစုံမျော၊ ဖက်ဒရယ် ပြည်ထောင်စု ရည်မှန်းချက်ကြီးလည်း အလှမ်းဝေးသွား နိုင်ပါတယ်။
ဗြူရိုကရက်ဟောင်း၊ ဗိုလ်မှူးဟောင်းတွေကို နိုင်ငံရေးသမား လုပ်ခိုင်းလိုက်ရင် `ဟုတ်ကဲ့´ နိုင်ငံရေးသမားပဲ ဖြစ်လာမှာ ပါ။ တကယ့် နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေ ဖြစ်မလာရင် အဲဒီ ရွေးကောက်ပွဲဟာလည်း ပြည်သူအတွက် တန်ဖိုးမရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်နေဦးမှာပါပဲ။
လက်ရှိ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ အားလုံးကလည်း တာဝန်တွေ ခွဲဝေယူနိုင်အောင် ကြိုးစားရပါမယ်။ တယောက်ထဲကို တအားခိုစီး မနေသင့်ပါဘူး။ ခေါင်းဆောင် ကလည်း ခါချဉ်ကောင် မာန်ကြီးနေလို့ မရပါဘူး။
အာဏာ ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်များက နိုင်ငံရေး စင်မြင့်ကို ကျယ်သထက် ကျယ်လာအောင် လုပ်ပေးရပါမယ်။ အာဏာ နိုင်ငံရေးထဲမှာပဲ တဝဲလည်လည် မနေကြပဲ လက်ရှိ အကြပ်အတည်းထဲက ထွက်ပေါက်ကို ဝိုင်းဝန်းအဖြေရှာ၊ ဝိုင်းဝန်း ပံ့ပိုးပြီး သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန်နဲ့ ရဲရဲတင်းတင်း လုပ်ရပါတော့မယ်။
ဆယ်စုနှစ်ပေါင်း များစွာ တောင့်တခဲ့ကြတဲ့၊ ဆွေးနွေး အဖြေရှာတဲ့ ခေတ်ကို ရောက်လာခါမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေမရှာဘဲ ထိပ်တိုက် ရင်ဆိုင်နေကြရင် ဒီအကြပ်အတည်းက ထွက်နိုင်မှာ မဟုတ်ပါဘူး။
အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းက တဖက်၊ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တဖက် ရန်စောင် မာန်ထောင် နေကြမယ်ဆိုရင်..၊ ဒီတခါ တိုင်းပြည်ရေစုန်မျောရင် သမိုင်းတရားခံထဲမှာ ကျနော်တို့အားလုံး ပါရတော့မှာပါ။ ဖျံနှစ်ကောင် ရန်စောင်နေတဲ့ ကြားမှာ ဦးအောင်သောင်းတို့ မြေခွေးအုပ်စုကလည်း အလစ် ချောင်းနေ တာ သတိပြုသင့်ကြပါတယ်။ မြေဇာပင် ပြည်သူတွေ ဘဝကတော့ ဖွတ်သထက် ညစ်တော့မှာပါပဲ။
ခေါင်းဆောင်ကြီးများ တွေးခေါ်ပုံ နည်းနည်း ပြောင်းလိုက်ရိုက်နဲ့၊ ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းကို ရောက်လာနိုင် ပါတယ်။ ပြောင်းရမယ့် အထဲမှာ ကိုယ်ပါလား လို့ မမေးပါနဲ့၊ မေးတဲ့လူက အဓိက ပြောင်းရမယ့် လူပါပဲ။ တဦးနဲ့ တဦး သံသယတွေ လျှော့ချဖို့လည်း လိုပါတယ်။ လက်အောက်က ပုဂ္ဂိုလ်များ ကလည်း မပြောရဲ မဆိုရဲနဲ့ မြုံမနေသင့်ကြ တော့ပါဘူး။ ဒုက္ခပင်လယ် ဝေနေတဲ့ ပြည်သူတွေရဲ့ အကျိုးကို မျှော်ကိုးလို့ မိမိခေါင်းဆောင်ကို လမ်းမှန်ပေါ် ပြန်တွန်းတင်ပေးဖို့ အချိန်ရောက်ပါပြီ။
အာဏာရှင် နိုင်ငံများ ကျဆုံးရခြင်း အဓိက အကြောင်းကတော့ ခေါင်းဆောင်ရဲ့ အမြော်အမြင် နည်းပါးမှုနဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် ပါပဲ။ ဒီမိုကရေစီ နိုင်ငံများ မအောင်မြင်ရ တာကတော့ ခေါင်းဆောင်များ အာဏာ နိုင်ငံရေးထဲမှာ တဝဲလည်နေပြီး တိုင်းပြည်အကျိုး လစ်ဟင်းကြရလို့ ပါ။ ကျနော်တို့ နိုင်ငံက အာဏာရှင် နိုင်ငံက ဒီမိုကရေစီကို အကူးအပြောင်းမှာ အဲဒီ အားနည်းချက်တွေ အားလုံး အလုံးအရင်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပြိုင်ဆိုင်မှု တွေကို ကြည့်ပြီး ပြည်သူတွေလည်း စိတ်ညှိုးချုံး နေပါပြီ။ လက်ရှိ အချိန်မှာ ဘယ်သူ တဦးတယောက်မှ တဦးတဖွဲ့ တည်းနဲ့ တိုင်းပြည်ကို ဦးမဆောင်နိုင်ပါဘူး။
အားလုံး ပေါင်းလုပ်ကြမှ ပြည်သူတွေလည်း ပါဝင်လာပြီး နိုင်ငံတကာ ကလည်း ကူညီလာလို့ ပြန်နလံထူနိုင်မှာပါ။ အုပ်စု ပြိုင်ပွဲတွေကို မရပ်ကြရင်တော့ ပြည်သူကလည်း ကိုယ့်ရပ်တည်ရေး ကိုယ်လုပ်၊ နိုင်ငံတကာ ကလည်း လှည့်မကြည့်တောဘဲ တအိအိနဲ့ ရေစုံကို ပြန်မျောသွား နိုင်ကြောင်း သတိပေး နှိုးဆော်အပ်ပါတယ်။ ။
(ဆွေလင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။)