• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

ရင်ခွင်ပျောက်သည့် ရင်သွေးများ

by မြတ်စုမွန်
17 February 2015
in Women
A A
မိဘမဲ့ကလေး

မြန်မာနိုင်ငံတွင် အုပ်ထိန်းသူမဲ့ ကလေးများကို စောင့်ရှောက်ပေးသည့် ဂေဟာပေါင်း ၄၀ ကျော်ရှိသည် (ဓာတ်ပုံ - သော်ဟိန်းထက်/ဧရာဝတီ)

5.7k
VIEWS
Share on FacebookShare on Twitter

အသက် ၅ နှစ် အရွယ် ကလေးငယ်သည် အသက်ကို ခပ်မြန်မြန်ရှူလိုက်သည်။ သူ၏ လက်ဖဝါး အိအိကလေးသည် အေးစက်လျက် ရှိနေ၏။ ရင်ခုန်သံ မြန်လွန်းသဖြင့် သူ၏ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဆွဲကိုင်ခေါ်ယူ လိုက်သည့် သူ့မွေးစားမိခင်၏ ရင်ခွင်ထဲသို့ အလိုက်သင့် ပါလာသော်လည်း သူ့ မျက်လုံးများသည် ရှက်စနိုးဟန် ဖြစ် နေသည်။ သူ့ဘဝ အတွက် မိခင်တယောက်၏ ရင်ခွင်သို့ ပထမဆုံးအကြိမ် ဝင်ထိုင်လိုက်ရသည့် ခံစားချက်က မျက်နှာ တွင် ပေါ်လွင်နေ၏။

သူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ကလေးသူငယ် ပြုစုရေး ဂေဟာမှ ခွဲခွာကာ ယခုမှ မြင်ဖူးသော မွေးစားမိဘများနှင့်အတူ တကြိမ်တခါမျှ မရောက်ဖူးသည့် အိမ်ဆီသို့ သွားရတော့မည်။ လူမှုဝန်ထမ်း အမှတ်အသား ဖြစ်သည့် အကျႌအဖြူနှင့် လုံချည်အပြာနုရောင် ယူနီဖောင်းကို တွဲဖက် ဝတ်ဆင်ထားသည့် ကျောင်းအုပ်ဆရာမကြီး၏ ရှေ့တွင် ပုဆစ်တုပ်ထိုင်ကာ ဦး ၃ ကြိမ်ချ၍ ကန်တော့လိုက်၏။

“သား မေမေတို့ အိမ်ကို ရောက်ရင် မဆိုးရဘူးနော်။ လိမ်လိမ်မာမာနေ နော်။ စာလည်း ကြိုးစားရမယ်နော်” ဆိုသည့် ဆရာမကြီး၏ ဆုံးမစကားကို ခေါင်းတွင်တွင် ညိတ်သည်။ ထို့နောက် သူ့ပိုင်ဆိုင်မှု တခုဖြစ်သည့် ကျောပိုးအိတ် အဟောင်းလေးကို ကိုင်လျက် သူ့မွေးစားမိခင်ဘက်သို့ လှည့်လိုက်သည်။

“သား အကျႌလဲမယ် လာ။ ဒီအိတ်ကို ကျောင်းက သူငယ်ချင်းတွေ အတွက် ထားခဲ့နော်။ သားအတွက် အိမ်မှာ ကျောပိုးအိတ် အသစ်လေး ရှိတယ်” ဟု မွေးစားမိခင်ဖြစ်သူက အလွန်ပျော်ရွှင် ကြည်နူးနေသော လေသံဖြင့် ဆိုသည်။

အဝတ်အစား အသစ်များကို ဝတ်ဆင်လျက် မွေးစားမိခင်၏ လက်ကိုဆွဲကာ ဖြိုးဖြိုး (အမည်လွှဲထား) သည် သူနေထိုင် ကြီးပြင်းခဲ့ရသည့် ကျောင်းကို ကျောခိုင်းထွက်လိုက်သည်။ သူ့နောက်တွင် အဖော်ဖြစ်ခဲ့သည့် ကလေးများ၏ နှုတ်ဆက် သံနှင့် ကျောင်းကို ပြန်လာလည်ရန် ဖိတ်ခေါ်သံများ တစာစာနှင့် မညီမညာ ထွက်ပေါ်လာသည်။ နှုတ်ဆက်နေသော ကလေးများတွင် အားကျစိတ်၊ ဝမ်းနည်း သိမ်ငယ်စိတ်များ ဖြစ်ပေါ်နေဟန် တူသည်။

ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ကျင့်တရား၊ လူမှုရေးနှင့် ယဉ်ကျေးမှု စံနှုန်းများကို ချိုးဖောက်ခြင်း တို့၏ နောက်ဆက်တွဲ အဖြစ် မိဘများ ကိုယ်တိုင် စွန့်ပစ်ကြသဖြင့် ထိုကလေးငယ်များသည် မိဘမဲ့များ ဖြစ်ကြရကာ ဂေဟာများ၊ သင်တန်းကျောင်း များသို့ ရောက်ရှိလာကြသည်။ ထို့အပြင် ပြည်တွင်းစစ်၊ သဘာဝ ဘေးအန္တရာယ်များ ကလည်း မိဘမဲ့ကလေး အရေအတွက်ကို တိုးပွားစေသည်။

မန္တလေးမြို့ရှိ ကလေးပြုစုရေး ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်က “ရပ်ကွက် ကျေးရွာတွေက မိဘမဲ့ ကလေးတွေ ရောက်လာတာ ရှိသလို၊ မိဘအကျဉ်းကျနေလို့ ယာယီ စောင့်ရှောက်ထားဖို့ ရောက်လာတဲ့ ကလေးတွေလည်း ရှိတယ်။ ဆေးရုံတက်ပြီး စွန့်ပစ်ထားခဲ့လို့ ရောက်လာတဲ့ ကလေးတွေ များတယ်” ဟု ပြောသည်။

မိဘမဲ့ ကလေးငယ်များကို စောင့်ရှောက်ပေးသည့် ဌာနတခု ဖြစ်သည့် ရွှေဂုံတိုင် ကလေးပြုစုရေး ဌာနတွင် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးဟောင်း ဒေါ်ခင်မာအေးက “ကလေးတွေက စွန့်ပစ်ခံရလို့ ရောက်လာတာ များတယ်။ မိဘ ကွယ်လွန်သွားလို့ ပြုစုစောင့်ရှောက်မယ့်သူ မရှိလို့ ရောက်လာတာ နည်းတယ်။ တချို့ကလေးတွေက မိဘရှိပေမယ့် သူတို့ရဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းဖို့ အတွက် ကလေးတွေကို စွန့်ပစ်ထားခဲ့ကြတာ” ဟု ရှင်းပြသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် လူမှုဝန်ထမ်း ဦးစီးမှူး တဦးလည်း ဖြစ်သည့် သူက ဆက်လက်၍ “ဆရာမ တာဝန်ယူ ခဲ့တဲ့ ၆ နှစ်အတွင်းမှာ ကလေးတွေနဲ့ သင့်လျော်တဲ့ မိဘတွေက စောင့်ရှောက်နိုင်အောင် တနှစ်ကို အယောက် ၂၀ လောက်ထိ ကူညီပေးနိုင်ခဲ့တယ်။ တော်တော်များများ အဆင်ပြေကြတယ်။ ကျောင်းကောင်းကောင်း ထားပေးတယ် ဆိုတာ ပြန်သိရတော့ ဝမ်းသာရတယ်။ အဆင်မပြေလို့ ပြန်လာအပ်တာ ရှားပါတယ်” ဟု ရှင်းပြသည်။

သူတာဝန် ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း မိဘမဲ့ကလေးများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မိဘများ၏ စွန့်ပစ်မှုကြောင့် ကလေးပြုစုရေး ဂေဟာသို့ ရောက်ရှိလာသူများ ဖြစ်ကာ၊ အများစုမှာ ကလေးဆေးရုံများတွင် စွန့်ပစ်ထားခဲ့သည့် ကလေးများ ဖြစ်ကြောင်း သိရသည်။

ဖြိုးဖြိုး ဆိုသော ထိုကလေးသည်လည်း အကြောင်းအမျိုးမျိုး ကြောင့် မိဘမဲ့ ဖြစ်ခဲ့ရသည့် ကလေးငယ်များ အနက် တဦးပင် ဖြစ်ပြီး လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ ကလေးသူငယ် ပြုစုရေး သင်တန်းကျောင်းများတွင် ကြီးပြင်းခဲ့ရသူ တဦးလည်း ဖြစ်သည်။

“ဖြိုးဖြိုးက ညအိပ်ရာဝင်ခါနီးတိုင်း ဆရာမတွေကို ပြောလေ့ရှိတယ်။ သူ့အမေနဲ့ အဖေ သူ့ကို ပြန်လာခေါ်မှာ ဆိုပြီး တော့” ဟု ထိုကလေးငယ်ကို အနီးကပ် ပြုစုပေးခဲ့သည့် ဆရာမတဦးက ကရုဏာသက်သော မျက်နှာအမူအရာ ဖြင့် ပြောပြသည်။

မွေးကင်းစ အရွယ်အတည်းက ပြုစုစောင့်ရှောက်ခဲ့ရသည့် ဖြိုးဖြိုးတယောက် မိဘအသစ်၏ ရင်ခွင်သို့ ခိုလှုံခွင့် ရသွားသဖြင့် ဝမ်းနည်းဝမ်းသာ ဖြစ်နေကြောင်း မျက်ရည်ဝဲနေသည့် ထိုဆရာမ၏ မျက်လုံးများက ဖော်ပြနေ၏။

မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ သည်။ ယင်းစာချုပ်ပါ အပိုဒ် ၂၀ တွင် မိဘများနှင့် တသီးတခြား ဖြစ်နေသော ကလေးငယ်များ အတွက် နောက်ထပ် ဖြေရှင်းစရာ နည်းလမ်း လုံးဝမရှိတော့သည့် အခါတွင်မှသာ သင်တန်းကျောင်းများသို့ ပို့ဆောင်အပ်နှံခြင်း ပြုရမည် ဆိုသည့် အချက်ကို ပြဋ္ဌာန်းထားသည်။

မိသားစု မရှိတော့သော ကလေးများအား တာဝန်ယူ စောင့်ရှောက်မည့် မိသားစုထံ ယာယီအပ်နှံပေးခြင်း (သို့မဟုတ်) မွေးစားစေခြင်း တို့ကဲ့သို့ ဦးစားပေး နည်းလမ်းများ မရှိတော့မှသာလျှင် ကလေးပြုစုရေး ဂေဟာများ၊ သင်တန်းကျောင်း များသို့ ပို့ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

တာဝန်ယူ စောင့်ရှောက်မည့် မိသားစုထံ ယာယီအပ်နှံပေးခြင်း ဆိုသည်မှာ ကိုယ်ပိုင်ကလေးများ ရှိပြီး ထိုမိဘမဲ့ ကလေးကို တာဝန်ယူ ထိန်းကျောင်း ပြုပြင်ပေးရန် သဘောတူသော မိသားစုတစုကို ဆိုလိုသည်။ မွေးစားခြင်း ဆိုသည်မှာ ထိုကလေးငယ်သည် မိသားစုသစ်တခုတွင် ထာဝရ မိသားစုဝင် အဖြစ် နေထိုင်သွားခြင်း ဖြစ်ကြောင်း ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ဂေဟာနှင့် သင်တန်းကျောင်းများသည် မိဘမဲ့ကလေးများ ထိန်းသိမ်းစောင့်ရှောက်မှု ပုံစံတွင် နောက်ဆုံးအဆင့် အဖြစ် ကျင့်သုံးသင့်သော စနစ်သာ ဖြစ်သည်။ မိဘမဲ့ ဖြစ်သွားသည့် ကလေးငယ်အား ဂေဟာစနစ်ဖြင့် ထိန်းသိမ်း စောင့်ရှောက်မှုများ မပြုလုပ်မီ ဆွေမျိုးအသိုင်းအဝိုင်းက သော်လည်းကောင်း၊ ၎င်းမွေးဖွားရာ ပတ်ဝန်းကျင်၌ သော်လည်းကောင်း၊ သို့မဟုတ် လူမှုအသိုင်းအဝိုင်း၌ သော်လည်းကောင်း (တခြားသော သူများကို မွေးစားစေခြင်း) ထားပေးရမည် ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်း မပြုနိုင်မှသာလျှင် မိဘမဲ့ ကလေးထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာများ၌ ထားရှိရမည် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် နောက်ဆုံး ဖြေရှင်းနည်း ဖြစ်သည့် ဂေဟာ၊ သင်တန်းကျောင်းများတွင် ထိန်းသိမ်းသည့် စနစ်ကို အဓိက ကျင့်သုံးပြီး၊ သတ်မှတ် စည်းမျဉ်းများနှင့် ကိုက်ညီသည့် မိသားစုများက တရားဝင် စာချုပ်စာတမ်းဖြင့် မွေးစားစေသည့် နည်းကိုသာ ကျင့်သုံးနိုင်ဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် လူမှုရေး အခြေအနေ၊ အသိပညာ နည်းပါးမှု၊ လူမှုရေး အခက်အခဲများ ရှိခြင်းကြောင့် စွန့်ပစ်ကလေး ဦးရေ များပြားလာပြီး စောင့်ရှောက်မှု လိုအပ်သော ကလေးဦးရေလည်း တိုးလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဆိုထားသည်။

၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) ၏ ကိန်းဂဏန်းများအရ ကမ္ဘာပေါ်တွင် မိဘ တဦးမဲ့ သည့် ကလေးငယ်ပေါင်း ၁၅၃ သန်းရှိပြီး၊ မိဘ ၂ ဦးလုံး မရှိတော့သည့် ကလေးငယ်ပေါင်း ၁၈ သန်းခန့် ရှိကာ ထိုကလေးများသည် မိဘမဲ့ ဂေဟာများ၌ ဖြစ်စေ၊ လမ်းပေါ်တွင်ဖြစ်စေ နေထိုင်လျက်ရှိကြောင်း သိရသည်။

UNICEF ၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း မိဘမဲ့ ကလေးဂေဟာ ပေါင်း ၄၀ ကျော် ဖွင့်ခဲ့ပြီး ကလေးပေါင်း ၁၉၁၂ ယောက်သည် မိသားစုအသိုင်းအဝိုင်း၏ အပြင်တွင် နေထိုင်ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အုပ်ထိန်းသူမဲ့ ကလေးသူငယ်များအား အစိုးရက စောင့်ရှောက်ပေးလျက် ရှိသည့် ကလေးပြုစုရေး ဌာနပေါင်း ၅ ခုရှိသည်။ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်နှင့် ကျိုင်းတုံမြို့ တို့တွင် လူမှုဝန်ထမ်း ဦးစီးဌာနက ဖွင့်လှစ်ထားသည့် ကလေးပြုစုရေး ဌာနများတွင် အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးချို့တဲ့နေသည့် ကလေးများနှင့် ပြုစုစောင့်ရှောက်မည့်သူ မရှိသော ကလေးများအား မွေးစမှ အသက် ၈ နှစ်အရွယ်အထိ စောင့်ရှောက်ပေးလျက်သည်။

အစိုးရသည် မွေးကင်းစ အရွယ်မှ အသက် ၈ နှစ်အရွယ် မိဘမဲ့ကလေးငယ်များကို ရွှေဂုံတိုင် ကလေးပြုစုရေး ဂေဟာတွင် လည်းကောင်း၊ အသက် ၈ နှစ်နှင့်အထက် ယောက်ျားကလေးများကို လူငယ်သင်တန်းကျောင်း (ကျိုက်ဝိုင်း) ၌ လည်းကောင်း၊ မိန်းကလေးများကို အမျိုးသမီးကလေးများ သင်တန်းကျောင်း (မလိခ) ၌ လည်းကောင်း၊ စွန့်ပစ်ခံ မသန်စွမ်း ကလေးငယ်များကို မသန်စွမ်း ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ (ကျိုက်ဝိုင်း) ၌ လည်းကောင်း အသီးသီး စောင့်ရှောက်ထားသည်။

၂၀၁၄ ခုနှစ်၊ ဖော်ဖော်ဝါရီလတွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည့် ကိန်းဂဏန်းများ အရ ရွေဂုံတိုင် ကလေးပြုစုရေး ဌာနတွင် ကလေးငယ်ပေါင်း ၈၅ ဦး၊ လူငယ်သင်တန်းကျောင်း (ကျိုက်ဝိုင်း) တွင် ၁၂၀ ဦး၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (မလိခ) တွင် ၁၃၁ ဦး၊ မသန်စွမ်း ကလေးများပြုစုစောင့်ရှောက်ရေး ဂေဟာ (ကျိုက်ဝိုင်း) တွင် ၆၅ ဦး စုစုပေါင်း ၄၀၁ ဦး ရှိသည်။

မြန်မာနိုင်ငံရှိ မိဘမဲ့ ဂေဟာများ တွင် နေထိုင်သည့် ကလေးငယ်များ၏ ၇၃ ရာခိုင်နှုန်းသည် မိဘအရင်း တဦး (သို့မဟုတ်) နှစ်ဦးစလုံး ရှိကြသည်။ ယင်း ကလေးများသည် မိဘတို့၏ ဆင်းရဲနွမ်းပါးမှု၊ အရည်အသွေးမီ ပညာရေး မရရှိမှု၊ တရားဥပဒေနှင့် ရင်ဆိုင်နေရမှု အပြင်၊ စွန့်ပစ်ခံရမှုများကြောင့် မလိုအပ်ဘဲ မိဘမဲ့ ဂေဟာများတွင် နေထိုင်ကြရသည် ဟု UNICEF ၏ ကိန်းဂဏန်းများအရ သိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာနသည် အသက် ၅ နှစ်အောက် ကလေးငယ်များကို သားသမီး အဖြစ်မွေးလိုသည့် ဆန္ဒရှိသူများ အား အသက် ၅၀ နှစ်အောက် ဇနီးမောင်နှံများ ဖြစ်ခြင်း၊ သားသမီးရတနာ မရနိုင်ကြောင်း ဆရာဝန်၏ ထောက်ခံချက်၊ နိုင်ငံသားဖြစ်ခြင်း စသည့် အချက်များနှင့် ကိုက်ညီပါက စမ်းသပ် ကာလ ၆ လနှင့် အဆင်ပြေပါက စာချုပ်စာတမ်းဖြင့် ရာသက်ပန် မွေးစားခွင့် ခွင့်ပြုပေးလျက် ရှိသည်။

ကလေး၏ အသက်သည် ၅ နှစ် အထက်ဖြစ် ပါက အဆိုပါ သင်တန်းကျောင်းများ သို့ အသီးသီး ရောက်ရှိသွားကာ နိုင်ငံတော်က စောင့်ရှောက်သည့် နိုင်ငံပိုင် ကလေးများ ဖြစ်လာမည် ဖြစ်သည်။

ကလေးသူငယ် ပြုစုရေးဌာနများသည် မည်မျှပင် ကောင်းမွန်သည် ဟု ဆိုစေကာမူ ကောင်းမွန်သော ပတ်ဝန်းကျင်၊ နွေးထွေးသော မိသားစုဘဝထက် ပို၍ ကလေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန် သာလွန်ကောင်း မွန်ခြင်း မရှိဟု ကလေး အခွင့်အရေး ဆိုင်ရာ သဘော တူစာချုပ်၌ ဖော်ပြထားသည်။

ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှ ကျောင်း အုပ်ကြီး ဦးစိုးလွင်က “အများစနစ်နဲ့ နေရပြီး၊ မိသားစုနဲ့ နေသလို နေရတာ မဟုတ်တော့ အချိန်စနစ်နဲ့ လုပ်ရတာဖြစ်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ အားနည်းကြတယ်။ ပေါင်းသင်းဆက်ဆံ ရေးပိုင်းမှာလည်း အားနည်းတယ်။ လူတွေက သူတို့ ကို နှိမ်မလားလို့ တွေးတယ်” ဟု သင်တန်း ကျောင်းတွင် ကြီးပြင်းခဲ့ရသည့် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ရှင်းပြသည်။

သူကဆက်လက်၍ “ကလေးတယောက်အတွက် သင်တန်းကျောင်းကတော့ မကောင်းတာ အမှန်ပဲ” ဟု ပြောသည်။

မိဘရင်းချာ မရှိတော့သည့် ကလေးငယ်များကို ရပ်ရွာလူထု အခြေပြုကာ ယာယီထိန်းသိမ်း စောင့်ရှောက်သည့် Foster Care စနစ်ကို ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် ကျင့်သုံးလျက် ရှိသည်။

အစ္စလာမ်နိုင်ငံများတွင် အစ္စလာမ် ဥပဒေအရ ကာဖလာ (Khafala) ဟု ခေါ်သည့် မိသားစုတစုက ကလေးအား တသက်လုံး ပြုစုစောင့်ရှောက်သည့် ပုံစံအစဉ်အလာကို ကျင့်သုံးလေ့ရှိပြီး ကလေးသူငယ် အခွင့်အရေး စာချုပ် အပိုဒ် ၂၀ တွင် ထိုကာဖလာ အစီအစဉ်ကို ကလေးအား ကာကွယ်စောင့်ရှောက်သော နည်းလမ်းတခု အဖြစ် အသိအမှတ် ပြုထားသည်ကို တွေ့ရသည်။

အမေရိကန် ပြည်ထောင်စုတွင် မိဘမဲ့ကလေးများကို အစိုးရက တာဝန်ယူလိုက်ပြီ ဆိုလျှင် ၁၈ နှစ်မပြည့်သေးသည့် ထိုကလေးများကို ရာသက်ပန် မွေးစားမည့် မိဘများ မရှိသေးခင် ကာလတွင် လူမှု အသိုင်းအဝိုင်း အတွင်းရှိ တခြားသော မိသားစု တခုခုတွင် မိသားစုဝင် ပုံစံဖြင့် ယာယီနေထိုင်ခွင့် ရရှိစေရန် ဦးစွာ စီစဉ်ပေးပြီး၊ နေစရိတ်နှင့် စားစရိတ်များကို အစိုးရက ပံ့ပိုးခြင်း၊ ပုံမှန်လာရောက်စစ်ဆေး ခြင်းများ ပြုလုပ်ပေးကြောင်း သိရသည်။

“ယာယီ အိမ်တွေမှာ နေရတဲ့ ကလေးတွေက နေရေးစားရေး ပြေလည်ပေမယ့် ကလေးတယောက် အတွက် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ တွေ၊ ပံ့ပိုးမှုတွေကို တကယ် မရကြဘူး။ ကလေးတွေရဲ့ စိတ်ဓာတ် ရေးရာ မြှင့်တင်ပေးဖို့ အားနည်း တယ်။ နွေးထွေးမှုကို မရဘူး။ အဲဒီအိမ်တွေကနေ ထွက်ပြေးပြီး လမ်းပေါ်ကို ရောက်ကြတဲ့ ကလေးတွေလည်း ရှိတယ်” ဟု အမေရိကန် ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည့် ဒေါ်ခင်မေဇော်က ပြောပြသည်။

အသက် ၁၈ နှစ် ပြည့်သွားပါက မိဘမဲ့ ကလေးများအား Foster Care အစီအစဉ် ရပ်ဆိုင်းသွားပြီး ထိုကလေးများ၏ ၄၀ ရာခိုင်နှုန်းသည် အိုးမဲ့အိမ်မဲ့များ ဖြစ်ကြကာ ၅၀ ရာခိုင်နှုန်းကျော်က ရာဇဝတ်မှုများ ကျူးလွန်ကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ထို ၄၀ ရာခိုင်နှုန်းကျော်သည် အလုပ်လက်မဲ့များ ဖြစ်လာ ပြီး အစိုးရ၏ ထောက်ပံ့ကြေးများဖြင့် ဆက်လက်နေထိုင် ကြရကာ ၅၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးစွဲသူများ ဖြစ်လာကြောင်း သိရသည်။

ဒေါ်ခင်မေဇော်က “ယာယီအိမ်တွေကနေ ကြီးပြင်းလာ ပေမယ့် အောင်မြင်သွားတဲ့ သာဓကတွေကတော့ ရှိနေတယ်။ နာမည်ကျော် ဘတ်စကက်ဘော ကစားသမား Alonzo Mourning၊ ရုပ်ရှင်သရုပ်ဆောင် Victoria Rowell တို့ဟာ ယာယီ အိမ်တွေမှာ ကြီးပြင်းလာရတဲ့ မိဘမဲ့တွေပါ။ အခုတော့ သူတို့ က ယာယီအိမ်တွေမှာ နေနေရတဲ့ မိဘမဲ့တွေကို အစိုးရက ဒီထက်ပိုပြီး အကူအညီပေးဖို့ စနစ်ရဲ့ ချွတ်ယွင်းချက်တွေကို ထောက်ပြနေကြပါတယ်” ဟု ဆက်လက်ပြောသည်။

မိဘမဲ့ ကလေးငယ်များကို ထိန်းသိမ်း စောင့်ရှောက်မည့် အကောင်းဆုံးနည်းလမ်းကို အမေရိကန် ပြည်ထောင်စုကဲ့သို့ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးတခု၌ ပင်လျှင် မကျင့်သုံးနိုင်သေးဘဲ ဝေဖန်ခံရမှုများ ရှိနေသည်။ အမေရိကန်ရှိ လူမှုရေး အဖွဲ့အစည်းများက မိသားစု မပြိုကွဲရေး၊ မူးယစ်ဆေးဝါးဖြတ်ရန်၊ မိသားစုများကို ပိုမိုပံ့ပိုးပြီး ကလေးငယ်များကို မိဘမဲ့ မဖြစ်အောင် ကာကွယ်ရေးများ တွင် အစိုးရက ပိုမိုအာရုံ စိုက်သင့်သည် ဟု ပြောဆိုကြကြောင်း ဒေါ်ခင်မေဇော်က ပြောပြသည်။

ဆင်းရဲနွမ်းပါးမှု မြင့်မားနေဆဲ နိုင်ငံတခုဖြစ်သည့် မြန်မာနိုင်ငံတွင် ရပ်ရွာလူထု အခြေပြု စောင့်ရှောက်သည့် စနစ်ကို အကောင်အထည် ဖော်နိုင်ရန် အတွက်ပင် အတားအဆီးနှင့် လိုအပ်ချက်များစွာ ရှိနေဆဲ ဖြစ်သည်။

လူ့အဖွဲ့အစည်း၏ အသိပညာ၊ ငွေကြေးနှင့် ကျွမ်းကျင်သော ဝန်ထမ်းအင်အား စသည့် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း ကျိုက်ဝိုင်း လူငယ် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစိုးလွင်က ထောက်ပြသည်။

ဦးစိုးလွင်က “အဲဒီ စနစ်က လုပ်နိုင်မယ် ဆိုရင် ကောင်းမယ်။ ဒါပေမယ့် ငွေကုန်ကြေးကျ များတယ်။ မိသားစုတွေ ကြားထဲမှာ သွားနေနိုင်ဖို့ အတွက် ရပ်ရွာလူထု အဖွဲ့အစည်း ကိုယ်တိုင်က အသိပညာ လိုနေတုန်းပဲ။ ဒါကြောင့် အခုချိန်ထိ မလုပ်နိုင်သေး ဘူး။ ကလေးတွေရဲ့ လုပ်အားကို အသုံးချဖို့အတွက် လာခေါ်တဲ့သူပဲ များတယ်” ဟု ပြောသည်။

ရပ်ရွာလူထုက ဝိုင်းဝန်းတာဝန်ယူ စောင့် ရှောက်သည့် စနစ်များ အကောင်အထည် ဖော်နိုင်ရန် အတွက် အဓိက အခက်အခဲ တခုမှာ လူထု၏ စီးပွားရေး အခြေအနေဖြစ်ပြီး ဌာနအနေနှင့်လည်း ပြည်နယ်နှင့်တိုင်း အနှံ့ သွားရောက်ကာ နောက်ဆက်တွဲ လေ့လာမှုများ ပြုလုပ်ရန် ဝန်ထမ်းအင်အား အခက်အခဲလည်း ရှိနေသည်။ လုပ်ဆောင်နေရသည့် လုပ်ငန်းများနှင့် ဝန်ထမ်းအင်အား မမျှတမှုများ ရှိနေသည်ကိုလည်း တွေ့ရသည်။

“ရပ်ရွာထဲမှာ အသိပညာပေးမှုတွေ အများကြီး လုပ်ဖို့ လိုအပ်နေတယ်။ အခုက မိဘတွေ ကိုယ်တိုင်က သင်တန်းကျောင်းမှာ လာအပ်ပါရစေ ဆိုတာက များနေတုန်းပဲ” ဟု ဦးစိုးလွင်က ပြောသည်။

လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ သင်တန်းကျောင်းနေ ကလေးသူငယ်များ အား လူ့အဖွဲ့အစည်း အတွင်း၌ မိသားစုဖြင့် နေထိုင်ရသည့်စနစ် (Home Stay System) ကို စမ်းသပ် ဖူးခဲ့သော်လည်း အားနည်းချက်များ ကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လူမှုဝန်ထမ်း ဦးစီးဌာန အနေနှင့်လည်း ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ လူထု အသိပညာပေးရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာနမှ စောင့်ရှောက်ထားသည့် ကလေးငယ်များအား အသက် ၁၈ နှစ် မပြည့်ခင် ကာလတွင် နောက်ကြောင်း ရာဇဝင်ကို စုံစမ်းပြီး အဆက်အသွယ် ရပါက မိဘအုပ်ထိန်းသူထံ ပြန်အပ်ခြင်း၊ အဆက်အသွယ် မရပါက သင့်လျော်သော အလုပ်အကိုင်များ ရှာဖွေပေးကာ ရပ်တည်နေနိုင် ပါက ၎င်းတို့၏ ကိုယ်တိုင်ဘဝကို ထိန်းကျောင်း စေကြောင်း ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက ပြောသည်။

“၇၅ ရာခိုင်နှုန်းလောက်က မိဘ ပြန်မတွေ့ဘူး။ ၂၅ ရာခိုင်နှုန်းလောက်တော့ ပြန်တွေ့တယ်။ ပြန်တွေ့ရင် ပြန်အပ်ပြီး လမ်းပေါ် ပြန်ရောက်မသွားအောင် စောင့်ရှောက်ဖို့နဲ့ ကျောင်းဆက်ထားဖို့ Follow Up ပြန်လုပ်ရတယ်” ဟု ကျောင်းအုပ်ကြီး ဦးစိုးလွင်က ပြောပြသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
364
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
136
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

မိဘအရင်းနှင့် ပြန်ဆုံတွေ့ခွင့် ရသွားသည့် ၂၅ ရာခိုင်နှုန်းသော ကလေးငယ်တို့၏ မိသားစုများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် သဘောတူစာချုပ် လက်မှတ်ထိုးထားသော NGO များက စီးပွားရေး လုပ်ငန်းငယ်များ ထောက်ပံ့ကူညီပေးသည့် အစီ အစဉ်များလည်း ရှိကြောင်း သိရသည်။

ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းတွင် ပြုစုစောင့်ရှောက်ထားသည့် ကလေးငယ်များ အတွက် နိုင်ငံတော်က တနေ့လျှင် မြန်မာကျပ်ငွေဖြင့် စားစရိတ် ၄၃၂ ကျပ် ၁၀ ပြားနှုန်းဖြင့် လည်းကောင်း၊ ပုဂ္ဂလိက အလှူရှင် ကုမ္ပဏီ တခုက ကလေးတဦးလျှင် ကုလားပဲ ၂ ကျပ်သားနှုန်းနှင့် တပတ်လျှင် ကြက်ဥ ၂ လုံး ဖြည့်စွက် ကျွေးမွေးလျက် ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း ဦးစီးဌာန၏ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် ပုဂ္ဂလိက မိဘမဲ့ကလေး ဂေဟာများသည်လည်း အစိုးရ၏ သတ်မှတ်နှုန်းထား အတိုင်း ကလေးတဦးအား တနေ့လျှင် ငွေကျပ် ရာဂဏန်းရှိ စားစရိတ် ထောက်ပံ့ကြေး ရရှိကြပြီး အသုံးစရိတ် အများစုမှာ ပုဂ္ဂလိက အလှူရှင်များ၏ ထောက်ပံ့ လှူဒါန်းမှုများဖြင့် ရပ်တည် နေကြရကြောင်း သိရသည်။

အလားတူ လူမှုဝန်ထမ်း အသိအမှတ် ပြုမထားသော၊ အစိုးရ၏ ထောက်ပံ့ကူညီမှု မရရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ ခရစ်ယာန် မိဘမဲ့ ဂေဟာများလည်း ရှိနေသေးသည်။

“အဖေ မခေါ်နိုင်တဲ့ ကလေး မွေးလာတော့ စွန့်ပစ်ခဲ့တာတွေ ဖြစ်တယ်။ ဦးပဉ္စင်းတို့ ကျောင်းရှေ့မှာ ကလေးတွေ လာစွန့်ပစ်ခဲ့တာတွေ ရှိဖူးတယ်။ တချို့ကလေးတွေဆိုရင် ပုရွက်ဆိတ်တွေတောင် အုံနေတယ်။ ဦးပဉ္စင်းတို့ ကျောင်းမှာ ဒီကလေးတွေကို တရားဟောလို့ ရလာတဲ့အလှူငွေနဲ့ ကျွေးမွေးစောင့် ရှောက်တယ်” ဟု အသက် ၁၃ လသား အရွယ်မှ တက္ကသိုလ် ကျောင်းသားအရွယ် မိဘမဲ့ ကလေး ငယ်ပေါင်း ၁၆၈ ဦးကို ကျွေးမွေးစောင့်ရှောက် ထား သည့် ဓမ္မလင်္ကာရ ဘုန်းတော်ကြီးကျောင်း (တွံတေး) မှ ကျောင်းထိုင် ဆရာတော် အရှင်ရေဝတက မိန့်ကြားသည်။

ဆရာတော်၏ ကျောင်းတွင် စောင့်ရှောက်ထား သည့် ကလေးငယ်များ၏ အရေအတွက် ထက်ဝက် ခန့်သည် ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မိဘများ ဆုံးပါးခဲ့ကြသည့် သဘာဝ ဘေးဒဏ်ခံ ကလေးငယ်များ ဖြစ်သည်။

“စစ်မက်တွေ၊ သဘာဝဘေးတွေနဲ့ ငတ်မွတ် ခေါင်းပါးမှုတွေကြောင့် မိဘမဲ့တွေ ဖြစ်လာတယ်။ ဒါတွေမဖြစ်အောင် ဝိုင်းဝန်း လုပ်ကိုင်ကြဖို့ လိုပါ တယ်” ဟု ဆရာတော်က ဆက်လက်မိန့်သည်။

သင်တန်းကျောင်းများတွင် ကြီးပြင်း ရှင်သန်ခဲ့ရသည့် ဖြိုးဖြိုးတယောက် အသက် ၅ နှစ်အရွယ်တွင် မိဘအသစ်များနှင့် တွေ့ဆုံခွင့် ရခဲ့သည်။

“အိမ်ကို ရောက်တော့ ဖေဖေနဲ့ မေမေက သားကို ဘာလို့ အဲဒီကျောင်းမှာ ထားခဲ့တာလဲလို့ အမြဲတမ်း မေးတယ်။ သူက ကလေးတပိုင်း၊ လူကြီးတပိုင်း ဖြစ်နေတယ်။ သိလည်း သိတတ်တယ်။ မိဘတွေနဲ့ အခုမှ နေရတော့ ချွဲတာကလည်း လွန်ရော” ဟု ဖြိုးဖြိုး၏ မွေးစားမိခင်က ပြောသည်။

လူမှုဝန်ထမ်း ဦးစီးဌာန၏ လက်အောက်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေး ဌာနတွင် စတင်ဖွင့်လှစ် ချိန်မှ ယခုတိုင်အောင် ဖြိုးဖြိုးကဲ့သို့ မိဘအသစ်များ နှင့် ထပ်မံတွေ့ဆုံခွင့်ရသည့် ကလေးငယ်ပေါင်း ၃၀ဝ ကျော်ခန့်ရှိခဲ့ပြီ ဖြစ်ကြောင်း ယခင် ကျောင်းအုပ် ကြီးဟောင်း ဒေါ်ခင်မာအေးထံမှ သိရသည်။

သားသမီးရင်းချာ မရနိုင်တော့သည့် အရွယ်လွန် မွေးစားမိဘများသည် ဖြိုးဖြိုးကို အတိုးချ၍ ချစ်ကြသည်။ လူသစ် ကလေးတယောက် အိမ်သို့ ရောက်ခါစ ကာလများက ထိန်းရခက်ခဲလေမလားဟု စိတ်ပူပင်မိသော်လည်း ယခုတော့ အဆင်ပြေသည် ဟု ဆိုသည်။ ရောက်ခါစ ကာလများက မိဘများကို မျက်စိအောက်က အပျောက်မခံသည့် ဖြိုးဖြိုး သည် ယခုတော့ နေသားတကျ ရှိနေပြီဖြစ်လေသည်။ ။

Your Thoughts …
Tags: Children
မြတ်စုမွန်

မြတ်စုမွန်

Contributor

Similar Picks:

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ

by ခေတ်ဘုန်းသစ်
20 March 2013
7.8k

ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြု စနစ်က ဗဟိုပြုလွန်း လှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျနော့် အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။

ကလေးစိတ်ပညာ, အိပ်ရာဝင်ပုံပြင်, ရသခံစားမှု, ယဉ်ကျေးခြင်း,

ကလေးတို့အတွက် အိပ်ရာဝင် ပုံပြင်

by ခေတ်ဘုန်းသစ်
21 August 2014
11.3k

စာမဖတ်တတ်ခင် ကတည်းက အဘွားတို့ အမေတို့ ပြောပြတဲ့ အိပ်ရာဝင် ပုံပြင်တွေထဲက တဆင့် ကျမတို့ သိနေခဲ့ကြပါပြီ။ ပုံပြင်တွေက တဆင့် ကျမ တို့ဟာ စိတ်နှလုံး လိမ္မာယဉ်ကျေး ခဲ့ကြတယ်

ကလေးစိတ်ပညာ, ဗီဇ, ပတ်ဝန်းကျင်

ကလေးတို့ရဲ့ ဗီဇသဘာဝနဲ့ ဝန်းကျင်

by ခေတ်ဘုန်းသစ်
12 November 2013
4.5k

ကိုယ်နဲ့ အကျင့် သဘာဝချင်းတူရင် ကောင်းတယ် ထင်ပြီးတော့၊ ကိုယ်နဲ့ အကျင့်သဘာ၀ မတူတဲ့ အခါမျိုးမှာ မကောင်းဘူးလို့ ထင်တတ်ကြ ပါတယ်။ ဒါဟာ တော်တော်လွဲမှားတဲ့ အယူအဆ တရပ်ပါပဲ။ ကလေးများဟာ တကယ်တော့ ကျမတို့ရဲ့ ကိုယ်ပွားလေးတွေ...

ကလေးကဗျာများ

ကလေးများနဲ့ ကလေးကဗျာ

by ခေတ်ဘုန်းသစ်
28 August 2014
5.6k

ကလေးတို့ကို ကဗျာရွတ်ပြဖို့နဲ့ ကဗျာဖတ်ပြဖို့ ဆိုတဲ့ ကိစ္စဟာ ကလေးတွေကို ဝလုံး လေးတွေ ရေးခိုင်း ဖို့ထက် ပိုပြီးတော့ အရေးကြီး ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကဗျာမှာက အသံတွေ၊ ကာရန်လေးတွေ ပါတာမို့ ကလေးတို့ဟာ...

ခိုးဝှက်, လိမ်ညာ, ကိုယ်ကျင့်တရား, ပြည်သူ့ပိုက်ဆံ, နိုင်ငံတော်ပိုက်ဆံ, ကြားပေါက်, အောက်ဆိုက်, အပိုဝင်ငွေ, အတုယူ,

ခိုးတတ် ဝှက်တတ်တဲ့ ကလေး

by ခေတ်ဘုန်းသစ်
30 June 2014
5.2k

တခါလောက် သူများပစ္စည်း လေးကို ယူမိတာနဲ့ပဲ တသက်လုံး သူခိုး ဖြစ်တော့မယ့် အတိုင်း ကလေးကို တံဆိပ်ကပ်တဲ့ အပြောမျိုးတွေ မပြော သင့်ပါဘူး။

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

by ခေတ်ဘုန်းသစ်
10 September 2013
5.2k

ကျမတို့ ဆီကို ၀င်လာတဲ့ (ကျောင်းတွေမှာ သင်နေကြတဲ့) “အဖြူ”ဆရာ တော်တော် များများဟာ တကယ့် ဆရာတွေ မဟုတ်ကြပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ကျမတို့ နိုင်ငံထဲကို ၀င်လာတဲ့ လူတွေပါ။

Next Post

ကျောင်းသားအရေး အကောင်းဆုံး ဆောင်ရွက်ရန် သီတာဂူဆရာတော် မေတ္တာရပ်ခံ

ကိုးကန့်တိုက်ပွဲ

ကိုးကန့်တိုက်ပွဲမှာ ဘယ်သူတွေ ပါဝင်ပတ်သက်သလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved