ပြီးခဲ့တဲ့ တပတ်ကျော်က (ကလေးများကို တံဆိပ်မကပ်ဖို့) ဆိုတဲ့ ဆောင်းပါးလေးကို ဧရာဝတီမှာ ကျမ ရေးသား တင်ပြခဲ့ပါ တယ်။ အဲဒီ ဆောင်းပါးနဲ့ ပတ်သတ်ပြီး တော့ တချို့က ကလေးတွေဟာ မွေးရာပါ ဗီဇကိုက ဆိုးသွမ်းတဲ့ အကျင့်စရိုက် ပါလာတတ်ကြတာမို့ ဗီဇဆိုတာ ပြင်ဖို့၊ ဖျောက်ဖို့ ခဲယဉ်းတယ် လို့ ကျမ ကို စောဒက တတ်ကြပါတယ်။ အဲဒီ ဗီဇနဲ့ ပတ်သက်ပြီး ဆောင်းပါး တစောင်တော့ သီးခြားရေးမှ ဖြစ်မယ်လို့ တွေးမိတာကြောင့် အခုတပတ်မှာတော့ ကလေးတို့ရဲ့ ဗီဇ၊ ပတ်ဝန်းကျင်နဲ့ မွေးရာပါ ကိုယ်ရည်ကိုယ်သွေးများ အကြောင်းကို ဆွေးနွေးတင်ပြပါ့မယ်။
ကျမတို့ မြန်မာလူမျိုး တော်တော်များများဟာ ကလေး မကောင်းတာ တခုခု လုပ်တိုင်းမှာ “ဗီဇကိုက မကောင်းတာ၊ မွေးရာပါ သန္ဓေကိုး” စသဖြင့် လွယ်လွယ်ပဲ ပြောတတ်ကြပါတယ်။ ကလေး ဘာကြောင့် ဆိုးနေသလဲ၊ ကလေးရဲ့ မကောင်းတဲ့ အပြုအမူဟာ ဘာကိုဘယ်လို အခြေခံ လာသလဲ ဆိုတာကို ဆန်းစစ် စဉ်းစား ဝေဖန်မှု အင်မတန် နည်းကြပါတယ်။
ကလေးများနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ ရေးတိုင်း ကျမ အကြိမ်ကြိမ် ဆွေးနွေးခဲ့ဖူးတဲ့ အတိုင်းပါပဲ။ လူသားရဲ့ ဦးနှောက် ဟာ မွေးကတည်းက တခြား ကိုယ်တွင်း အင်္ဂါများလိုပဲ အပြည့်အစုံ၊ အကုန်အစင် ဖွံ့ဖြိုးပြီး ပါလာတာ မဟုတ်ပါဘူး။ မွေးပြီး အပြင်ရောက် တော့မှ ဆက်ပြီး ကြီးထွားရတာပါ။ အဲဒီလို ကြီးထွား လာတာနဲ့အမျှ သင်ယူစရာ မှန်သမျှကို အပြင် (လူ့လောကထဲ) ရောက်မှ ပတ်ဝန်းကျင်ကနေ တဆင့် သင်ယူကြရတာပါပဲ။ ဒါကြောင့်မို့လို့ ကလေးတို့ရဲ့ ပတ်ဝန်းကျင်ဟာ သိပ်ကိုမှ အရေးကြီးလှပါတယ်။
ကလေးတယောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့၊ လိမ္မာယဉ်ကျေးဖို့၊ မဆဲမဆို တတ်ဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့၊ မကောက်ကျစ်ဖို့၊ တကိုယ်ကောင်း မဆန်ဖို့ ဆိုတဲ့ အရာတွေဟာ ဗီဇနဲ့ လုံးဝကို မဆိုင်ပါဘူး။ ပတ်ဝန်းကျင်နဲ့သာ ဆိုင်ပါတယ်။ ကလေးကို ဘယ်လို ထိန်းကျောင်းသလဲ၊ ဘယ်လို ဆက်ဆံသလဲ ဆိုတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီးတော့ ကလေးတို့ရဲ့ အမူအကျင့်တွေ ပြောင်းလဲ သွားရတာပါပဲ။
နည်းနည်းထပ်ဆင့် ပြောရရင် ကလေးအနေနဲ့ ပတ်ဝန်းကျင်ကနေ လူ့သဘာ၀ အတိုင်း လေ့လာသင်ယူမှုတွေ ပြုလုပ်တဲ့အခါ ဝန်းကျင်က ဘာတွေရမလဲ၊ အကျင့်စာရိတ္တ ကောင်းတဲ့ ဝန်းကျင်လား၊ ဆိုးယုတ် ညစ်ပတ်တဲ့ ဝန်းကျင်လား၊ စာနာတတ်တဲ့ ဝန်းကျင်လား၊ ရိုင်းစိုင်းတဲ့ ဝန်းကျင်လား။ ကလေး ခမျာမှာတော့ ဘယ်လို ဝန်းကျင်မျိုးဆိုတာကို ရွေးချယ်ခွင့် မရှိ၊ ရွေးလည်း မရွေးတတ်ပါဘူး။ သို့ပေမယ့် လူကြီးတွေကတော့ ကိုယ့်ကလေးကို ဘယ်လိုဝန်းကျင်မျိုး ဆိုတာကိုတော့ ရွေးချယ်ပေးခွင့် ရှိပါတယ်။
တမိသားစု တည်းက မွေးပေမယ့် တယောက်နဲ့ တယောက် စရိုက် သဘာဝချင်း မတူညီ ကြပါဘူး။ ဒါကို ကလေး ၂ ယောက်၊ ၃ ယောက် မွေးဖူးသူ မိဘများ အနေနဲ့ သတိထားမိကြ ပါလိမ့်မယ်။ ဒီလို စရိုက်သဘာ၀ မတူညီမှုဟာ ဆိုးသွမ်းတဲ့ ဗီဇသန္ဓေ၊ လိမ္မာ ယဉ်ကျေးတဲ့ ဗီဇသန္ဓေတွေ ပါလာတာကြောင့် မဟုတ်ပါဘူး။ ကလေးတို့ဟာ တယောက်နဲ့ တယောက် စရိုက်သဘာ၀ မတူတာတော့ မှန်တယ်။ ဒါပေမယ့် အဲဒီ စရိုက် သဘာ၀ ဆိုတာ လိမ်မာတာ၊ အကျင့်ကောင်းတာ၊ မကောင်းတာ၊ ယုတ်မာတာ၊ မယုတ်မာတာ တွေနဲ့ ကလေးရဲ့ မူရင်းစိတ် သဘာဝနဲ့ မဆိုင်ပါဘူး။ ဒီလိုမျိုး ဆိုးတာ၊ လိမ်မာတာ၊ အကျင့်ကောင်းတာ၊ မကောင်းတာတွေ ဖြစ်လာ ရတာဟာ ကလေးအပေါ် ပတ်ဝန်းကျင်နဲ့ မိဘ၊ အသိုင်းအဝိုင်းများရဲ့ တုံ့ပြန် ဆက်ဆံမှုကြောင့်ပါပဲ။
ဥပမာ – ပထမကလေး ကတော့ အေးတယ်၊ ဒုတိယ ကလေးကတော့ သွက်တယ် ဆိုပါတော့ အေးတာကို ကြိုက်တဲ့ မိဘက အေးတဲ့ ကလေးကို အမြဲ ချီးကျူးပြီး သွက်တဲ့ ကလေးကို အမြဲတမ်း နှိမ်ချ ပြောဆိုနေမယ်ဆိုရင် ကလေးရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ ကိုယ်ကိုယ်ကိုယ် အကောင်း ထင်မြင်စိတ်တွေ ပျောက်လာမှာပါပဲ။ အဲဒီလို ပျောက်လာခြင်း ကြောင့် ပတ်ဝန်းကျင်ကို အရွဲ့တိုက်စိတ်၊ မနာလိုစိတ်၊ ကောက်ကျစ်စိတ်တွေ ကလေးတို့ရင်ထဲမှာ ဝင်လာစေပါတယ်။
ကလေးတို့ရဲ့ စရိုက်သဘာ၀ အမျိုးမျိုး အကြောင်းကို ကျမ အနည်းငယ် တင်ပြချင်ပါတယ်။
တချို့ကလေးများဟာ အပေါင်းသင်းဆံ့တဲ့ ကလေး (Sociability) ဖြစ်ကြ ပါတယ်။ ဒီလို ကလေးမျိုးဟာ အခုမှ တွေ့ရတဲ့ သူစိမ်းကလေး၊ သူစိမ်းလူကြီးများကို အလွယ်တကူပဲ ခင်မင်တတ်ကြပါတယ်။ “သားသား လာဦး” လို့ ဆိုရင် တချက် နောက်မတွန့်ဘဲ အလွယ်တကူ သွားတတ်တဲ့ ကလေးမျိုးပါ။ ဘယ်သူနဲ့ မဆို ပြောဆို၊ ရင်းနှီးလွယ် ပါတယ်။ စကားတတ်ကြတယ်။ စကားပြောရတာ၊ လူရာဝင်ကြရတာကို ကြိုက်တယ်။ တီတီတာတာနဲ့ ပြောတတ် ဆိုတတ်ကြတဲ့ ကလေးများပါ။
သူနဲ့ ဆန့်ကျင်ဘက် ကတော့ ခပ်အေးအေး နေတတ်တဲ့ ကလေးမျိုး ပါပဲ။ အဲဒီလို ကလေးမျိုးက သူနဲ့ မရင်းနှီးတဲ့ တစိမ်း တရံဆံတွေနဲ့ စကားပြောဖို့၊ ဆော့ကစားဖို့ နောက်တွန့်တတ် ပါတယ်။ အများအားဖြင့် သူ့ဘာသာသူ ခပ်အေးအေးပဲ တယောက်တည်း နေတတ်တယ်၊ နည်းနည်း ရှက်တတ်တယ်၊ ဧည့်သည် အဖြစ် အိမ်တွေကို အလည်သွားရင် လူကြီး ပေါင်ပေါ်ကနေ မဆင်းဘဲနဲ့၊ လူကြီးအနားမှာပဲ ကပ်နေတတ်တဲ့ ကလေးမျိုးပါ။
သွက်သွက်လက်လက်၊ ချက်ချက်ချာချာနဲ့ ပြောတာဆိုတာကို ကြိုက်တဲ့ မိဘများက ဒီလို ခပ်အေးအေးနဲ့ တယောက်တည်း နေချင်တဲ့ ကလေးမျိုးကို မွေးမိတဲ့ အခါမျိုးမှာ အားမလို၊ အားမရနဲ့ ဆူပူတတ်၊ ကြိမ်းမောင်း တတ်ပါတယ်။ ယောက်ျားလေး ဆိုရင် “မင်း အခြောက်လား၊ နေရာတကာ ကြောက်ရွံ့ ကြောက်ရွံ့နဲ့” လို့ ဆိုပြီးတော့ ကလေးကို ရက်ရက်စက်စက် ပြောဆို တတ်တဲ့ မိဘမျိုးတောင်မှ ရှိတတ်ပါတယ်။ အေးအေး နေတတ်တဲ့ ကလေးကို အတင်းအကြပ် တွန်းအား မပေးဘဲနဲ့ တခြား ကလေးများနဲ့ များများ ကစားခိုင်း၊ ဆော့ခိုင်းဖို့ လိုပါတယ်။ လူကြီး အပြင်ထွက်တဲ့ အခါမှာ ခေါ်သွားတာမျိုး၊ ဧည့်သည်လုပ်၊ လည်ပတ်တမ်း ကစားနည်းမျိုး၊ ဧည့်သည်လာရင် ဧည့်ခံတမ်း စတဲ့ ကစားနည်း မျိုးတွေနဲ့ ကစားရင်း သွန်သင်တာမျိုး လုပ်ပေးရင် မိဘတွေ လိုလားသလို ကလေးကို ပြုပြင် ယူနိုင်ပါတယ်။
ကျမရဲ့ သားလေး ဆိုရင် အေးအေး နေချင်တဲ့ကလေး အမျိုးအစားထဲမှာ ပါပါတယ်။ အပြင်ထွက်ရတာကို သူ သိပ် မကြိုက်ပါဘူး။ တယောက်တည်း ပုံဆွဲရတာ၊ စာဖတ်ရတာကို ပိုနှစ်သက် ပါတယ်။ ဟိုး ငယ်စဉ် သုံးလေးနှစ် လောက်ကဆို သူနဲ့ မသိတဲ့ တစိမ်းတယောက်က သူ့ကို စကားလာပြောရင် ပြန်မပြောတတ်ပါဘူး။ အခု ခုနစ်နှစ် အရွယ်မှာ သားကို တွေ့တဲ့ သူတိုင်းက အရမ်းသွက်တာပဲလို့ ပြောကြပါတယ်။ သားဟာ နဂိုဗီဇအားဖြင့် အေးအေး နေတတ်တဲ့ ကလေး ဆိုတာ ကျမ သိထားပါတယ်။ အသွက်လေး မဟုတ်ဘူး။ အသွက်လေးလို့ ထင်ရအောင် ကျမသူ့ကို မသိမသာ ပြုပြင်ပေးထားရတာပါ။ သားဟာ အိမ်ကို ဧည့်သည်လာရင် စကားထွက်ပြော ဧည့်ခံတတ်၊ တီတီတာတာ ပြောတတ်တယ် ဆိုပေမယ့် အခုအချိန်အထိ အိမ်မှာ လူတွေများလာ ရှုပ်လာရင် သူ စိတ်ရှုပ်နေတတ်ပါတယ်။ သူ့အခန်းထဲ ဝင်ပြီး ကုတင်ပေါ်မှာ စာအုပ် သွားဖတ် နေတတ် ပါတယ်။ ဒါပေမယ့် လူထဲသူထဲ ဝင်မဆံ့ လောက်အောင်အထိ ရှက်တတ်၊ ရွံ့တတ်၊ ကြောက်တတ်တဲ့ ကလေးတော့ မဟုတ်တော့ပါဘူး။ ကျမ ဆိုလိုချင်တာက ကလေးတို့ကို စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေဘဲနဲ့ သူတို့ရဲ့ စရိုက်လက္ခဏာ လေးတွေကို ပတ်ဝန်းကျင်နဲ့ ညှပ်ပြီးတော့ အနည်းငယ် ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါပေမယ့် မွေးရာပါ အသွက် စရိုက်ရှိတဲ့ ကလေးကို မွေးရာပါ အအေး စရိုက်ရှိတဲ့ ကလေးလိုမျိုး ဖြစ်သွားအောင်တော့ လုပ်လို့ မရပါဘူး။
ဒီလိုပဲ တချို့ ကလေးများဟာ မွေးကတည်းကိုက နို့စို့ချိန် စို့တယ်၊ အိပ်ချင်တဲ့ အချိန် အိပ်တယ်။ သိပ်မငိုတတ် ကြပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သူတို့ နံဘေးနားမှာ ရှိနေတဲ့ အသံတွေ၊ အလင်းတွေ အရောင်တွေဟာ သူတို့ကို စိတ် အနှောင့်အယှက် သိပ်မပေးနိုင်လို့ပါ။ သိပ်ပြီး ထိလွယ်ရှလွယ် မဖြစ်တဲ့ ကလေးမျိုးပေါ့။ ဘေးက အသံတွေ ဆူညံနေလည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ချင် အိပ်နေတာပါပဲ။
ဒါပေမယ့် တချို့ ကလေးများ ကတော့ အသံ (သို့မဟုတ်) အလင်း တခုခုကို သိပ်ပြီး ထိလွယ် ရှလွယ် ဖြစ်တတ်ကြပါတယ်။ အဲဒီလို ကလေးမျိုးဟာ ထစ်ကနဲဆို ငိုတတ်၊ လန့်နိုးတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကျမတို့ မြန်မာမိဘ တော်တော် များများဟာ ကလေး ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို ဆန်းစစ်ကြည့်ဖို့ထက် ကလေးက အကြီးကောင်နဲ့ မတူဘူး၊ ငိုတတ်တယ်၊ ပူတယ်၊ အိမ်ပူတယ် ဆိုပြီးတော့ ပြောတတ်ကြပါတယ်။
ဒီလိုပါပဲ၊ တချို့ကလေးများက အပြင်ထွက်ပြီး ကစားရတာကို ကြိုက်တတ်ကြတယ်။ ခြံထဲမှာ ဘောလုံးကန်ရတာ၊ ပြေးလွှား ခုန်ပေါက် ရတာကို ကြိုက်ကြတယ်။ အကောင်းဆုံး ကတော့ အပြင်မှာ ကစားရတာကို ကြိုက်တဲ့ ကလေး မျိုးကို လုံခြုံ စိတ်ချစွာနဲ့ ကစားလို့ရတဲ့ နေရာမျိုးလေး အပြင်မှာ ဖန်တီး ပေးထားမယ် ဆိုရင်ဖြင့် အဆင်ပြေသွား မှာပါပဲ။
တကယ်တော့ ကျမတို့ဟာ ကိုယ်နဲ့ အကျင့် သဘာဝချင်းတူရင် ကောင်းတယ် ထင်ပြီးတော့၊ ကိုယ်နဲ့ အကျင့်သဘာ၀ မတူတဲ့ အခါမျိုးမှာ မကောင်းဘူးလို့ ထင်တတ်ကြ ပါတယ်။ ဒါဟာ တော်တော်လွဲမှားတဲ့ အယူအဆ တရပ်ပါပဲ။ ကလေးများဟာ တကယ်တော့ ကျမတို့ရဲ့ ကိုယ်ပွားလေးတွေ မဟုတ်ကြပါဘူး။ သူတို့မှာ သီးခြား ခံစားချက်၊ သီးခြား အကျင့်သဘာ၀ ရှိတဲ့ သီးခြား လူများပါ။ ကျမ တို့က သူတို့ရဲ့ကိုယ်ပိုင် စရိုက်သဘာ၀ လက္ခဏာ များကို နားလည်ပေးပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ ထိန်းကျောင်းပေး သွားမယ် ဆိုရင်ဖြင့် အနာဂတ်အတွက် တန်ဖိုးရှိတဲ့ လူသားလေးတွေ ဖြစ်လာမှာပါပဲ။
ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ရဲ့ စာအုပ်လေး တအုပ်ထဲက စာလေး တပိုဒ်ကို ပြန်ပြောပြ ချင်ပါတယ်။ ကျမ တို့ ဗုဒ္ဓဘာသာမှာ အဖကို သတ်တဲ့ သားရယ် လို့ နာမည် ဆိုးနဲ့ ကျော်ကြားသူ အဇာတသတ် အကြောင်းကို ဆရာတော်က ရေးထားတာပါ။ အဇာတသတ်လေး မမွေးခင်မှာ မိခင်ရဲ့ ချဉ်ခြင်းကြောင့် ပုဏ္ဏားများက အဖကို သတ်မယ့် သားရယ်လို့ နိမိတ် ဖတ်ကြပါတယ်။ ဒီနိမိတ်ကို တကယ် အဟုတ်ထင်သူ မိခင်က ဘာမှ မသိသေးရှာသူ သန္ဓေသားလောင်းလေး ကို အမျိုးမျိုးသော နည်းနဲ့ ပျက်အောင် ဖျက်ချတယ်။ မွေးလာတော့ လည်း ဘယ်သူကမှ အဇာတသတ်လေးကို မချစ်ကြဘူး။ သူတို့ အရှင်၊ သခင် ဘုရင်ကြီးကို သတ်မယ့် သားလို့ ဆိုပြီး ရွံ့ကြောက် ကြောက်ကြတယ်။ အဇာတသတ်ဟာ ကိုယ်ဝန်ဘဝမှာ ကတည်းက စပြီး အရွယ်ရောက်တဲ့ အထိ အမုန်းနဲ့ သံသယ ကြားမှာ ကြီးပြင်းလာ ခဲ့ရတယ် လို့ ဆရာတော်က ဆိုပါတယ်။ ဒီအမုန်းနဲ့ သံသယဟာ အဇာတသတ် အတွက် ဗေဒင်ဆရာ ပုဏ္ဏားများ ဟောတဲ့အတိုင်း ဖခင်ကို သတ်ဖို့ ဖြစ်လာရတာပဲ လို့ မေတ္တာရှင် ဆရာတော်က ထောက်ပြ ထားတာပါ။ မေတ္တာတရားဟာ မီးကို ငြိမ်းစေနိုင်တယ်၊ အမုန်းနဲ့ သံသယဟာ မီးကို ပိုတောက်၊ ပိုလောင်စေတယ်လို့ ဆရာတော်က ဆိုပါတယ်။
ဆရာတော် မိန့်ကြားသလိုပါပဲ၊ ကလေးတို့ရဲ့ ငယ်ဘဝမှာ ပြည့်စုံလုံခြုံတဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အ၀ ရဖို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။ အထူးသဖြင့် မိဘဆွေမျိုးတွေရဲ့ ချစ်ခြင်းမေတ္တာပါ။ ဘာမှ နားမလည်သေးတဲ့ ကလေးများကို နဂို စရိုက်က မကောင်းတာတို့၊ သန္ဓေဆိုးတယ်တို့ ဆိုတဲ့ အသုံးအနှုန်းတွေ သုံးပြီးတော့ အဇာတသတ် လက်သစ်လေးတွေ ဖြစ်အောင် မလုပ်ကြပါနဲ့။ ကလေးတို့ အတွက် ပတ်ဝန်းကျင်က အရေးအကြီးဆုံးပါ။ သူတို့ရဲ့ မွေးရာပါ စရိုက်သဘာ၀ (အေးတာ၊ သွက်တာ၊ ထိလွယ်ရှလွယ်တာ၊ လိုက်လျောညီထွေ နေတတ်တာ) လေးတွေကို နားလည်ပြီးတော့ ကလေး ကို မေတ္တာနဲ့ ပြုပြင်ထိန်းကျောင်း သွားမယ် ဆိုရင်ဖြင့် အနာဂတ်လူ့ အဖွဲ့စည်း အတွက် တန်ဖိုးရှိတဲ့ လူသားလေးတွေ ဖြစ်လာမှာ ဧကန်ပါပဲ။ ။