တခါတလေမှာ လိင်ဆက်ဆံစဉ်ခံစားရတဲ့ နာကျင်မှုက တော်တော်လေးဆိုးရွားသလို သည်းခံဖို့လည်း ခက်ခဲပါတယ်။ သာမန်အားဖြင့်တော့ လိင်ဆက်ဆံမှုဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အလေ့အထတခု ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် စိတ်ဖိစီးမှုကို ထိရောက်စွာ လျှော့ချနိုင်တဲ့ နည်းလမ်းတခု ဖြစ်သလို ကယ်လိုရီတွေကို လောင် ကျွမ်းစေတဲ့ အတွက် လန်းဆန်းခြင်း၊ နုပျိုခြင်းတွေကို ဖြစ်စေနိုင်တယ်လို့လည်း ယူဆထားတာတွေ ရှိပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံစဉ်မှာ သက်တောင့်သက်သာ မရှိခြင်း၊ နာကျင်ခြင်းတွေ ရှိလာပြီဆိုရင်တော့ ဒီလို အမြင်တွေက အရေးမပါ တော့ပါဘူး။
လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ခံစားရတဲ့ အကြောင်းရင်းများ
အကြောင်းရင်းတွေ အများကြီးရှိနိုင်ပေမယ့် နာကျင်မှုကို ခံစားရစေတဲ့ အဓိက အချက်တခုကတော့ စိတ်ပါပဲ။ သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင် ပါတယ်။
လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ခံစားရခြင်းက မိမိကိုရော၊ မိမိရဲ့ အဖော်ကိုပါ ပြဿနာ ရှိစေနိုင်ပါတယ်။ ဒါကြောင့် သာယာတဲ့ အိမ်ထောင်ရေး သုခကို ရရှိနိုင်ဖို့ အတွက် ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေစူးစမ်းပြီး ကြိုတင်ဖြေရှင်း နိုင်ရမှာ ဖြစ်ပါတယ်။
နာကျင်မှုဖြစ်စေတဲ့ အဓိက အကြောင်းတချို့ကတော့ …
လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းက တခါတလေ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းမှာ ရောဂါပိုး ဝင်ရောက်နေတဲ့ လက္ခဏာတခုလည်း ဖြစ်နေနိုင်ပါတယ်။ ရောဂါပိုးရှိနေတယ် ဆိုရင် ပူလောင်ခြင်း၊ စူးစူးရှရှ နာကျင်ခြင်းတွေကို ခံစားရပြီး တော့ အမျိုးသမီး အနေနဲ့ ဘယ်လိုမှ သက်တောင့် သက်သာရှိတော့မှာ မဟုတ်ပါဘူး။ လိင်လမ်းကြောင်း ရေယုန်ရောဂါ က ဒီလိုနာကျင်စေတဲ့ အဓိကအကြောင်းတခု ဖြစ်ပါတယ်။
အမျိုးသမီး အင်္ဂါမှာ ကျိန်းစပ်နေတာ၊ မသက်မသာ ခံစားနေရတာတွေ ရှိရင်လည်း လိင်ဆက်ဆံစဉ်မှာ နာကျင်မှုကို ဖြစ်စေ ပါတယ်။ လိင်ဆက်ဆံမှုမှာ အသုံးပြုလေ့ရှိကြတဲ့ ပစ္စည်း တွေကလည်း အမျိုးသမီးတွေကို နေရခက်စေနိုင်ပါတယ်။ ဥပမာ အမျိုးသမီး အင်္ဂါကို သန့်စင်တဲ့ ဆေးရည်တွေ၊ ဂျယ် (Gel) နဲ့ ခရင်မ်တွေ အပြင် အနံ့ ထည့်သွင်းထားတဲ့ Tampon တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့ အမျိုးသမီးတွေက ကွန်ဒုံးရဲ့ ရော်ဘာအသား၊ ထည့်သွင်းထားတဲ့ အနံ့တွေနဲ့ ဓာတ်မ တည့် တာမျိုးလည်း ရှိပါတယ်။ မိမိရဲ့ အင်္ဂါကို သန့်ရှင်းရေး အလွန်အကျွံလုပ်တဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ချေးချွတ် ဆပ်ပြာတွေ၊ အနံ့အသက် ကင်းစင်စေတယ် ဆိုတဲ့ ဆပ်ပြာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
နောက်ထပ် နာကျင်စေတဲ့ အကြောင်းတခုကတော့ အမျိုးသမီး အင်္ဂါ (မွေးလမ်းကြောင်း) တင်းကျပ်နေခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံနေစဉ်မှာ တင်းကျပ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အခြေခံ အကျဆုံးလို့ ပြောရမှာက စိတ်ပဲဖြစ်ပါ တယ်။ လိင် ဆက်ဆံနေ စဉ်မှာ စိတ်ကို တင်းထားမိတာ၊ ဒါမှမဟုတ် တခြားအကြောင်း အရာတွေဆီကို စိတ်က ရောက် နေတာမျိုး တခါတလေ ဖြစ် တတ်ပါတယ်။ အဲဒီအချိန်မျိုး ဆိုရင် လုံလောက်တဲ့ နှိုးဆွမှုရှိရင်တောင်မှ အမျိုးသမီး အင်္ဂါက ဆက်လက်ပြီး တင်းကျပ်နေ ပါလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ လိင်ဆက်ဆံဘက် အမျိုးသားက အင်အားသုံးလာတဲ့ အခါမှာ ပြင်းထန်တဲ့ ပွတ်တိုက်မှုကနေ တဆင့် နာကျင်မှုဖြစ်စေပါတယ်။ အမျိုးသမီး အင်္ဂါ တင်းကျပ်မှုဟာ Vaginismus လို့ခေါ်တဲ့ အမျိုးသမီး အင်္ဂါက ကြွက်သားတွေ ပုံမှန်အလုပ်မလုပ်တဲ့ ရောဂါမျိုး ရှိနေရင်လည်း ဖြစ်တတ်ပါတယ်။
အမျိုးသမီး အင်္ဂါအတွင်းမှာ ခြောက်သွေ့နေမယ်ဆိုရင်လည်း လိင်ဆက်ဆံတဲ့ အချိန်မှာ နာကျင်စေမှာ ဖြစ်ပါတယ်။ လုံလောက်တဲ့ လှုံ့ဆော်နှိုးဆွမှုမရှိဘဲ လိင်ဆက်ဆံဖို့ အလောတကြီး အားထုတ်မှုကြောင့် အမျိုးသမီး အင်္ဂါမှာ စိုစွတ်မှု မရှိတာ ဖြစ်နိုင်သလို အပေါ်မှာပြောခဲ့သလို စိတ်ကိုတင်းထားတာ၊ တခြားကို စိတ်ရောက်နေတာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ချောဆီမပါတဲ့ ကွန်ဒုံးကို သုံးနေခဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ မီးယပ်သွေးဆုံး ဖြစ်နေတဲ့ အမျိုးသမီး တွေနဲ့ ကလေးမွေးဖွားပြီးစ အမျိုးသမီးတွေမှာကတော့ အမျိုးသမီး အင်္ဂါခြောက်သွေ့နေမှုက ဖြစ်နေကျပါ။
ဒါကြောင့် လိင်ဆက်ဆံစဉ်မှာ နာကျင်မှုရဲ့ အကြောင်းရင်းတွေက အများကြီး ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အများစု က ကုသလို့ရပါတယ်။ ဒါမှ မဟုတ်ရင်လည်း အတိုင်းအတာတခုအထိ ပြေလည်အောင် ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်ရယူပြီး သင့်တော်တဲ့ ကုသမှုခံယူခြင်း၊ မှန်ကန်တဲ့နည်းလမ်း အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
Source : onlymyhealth.com