တနိုင်ငံလုံး အတိုင်းအတာနှင့် မဲစာရင်း မှားယွင်းမှုများစွာ ကြုံတွေ့နေရသည့်အတွက် တိုင်းနှင့် ပြည်နယ်များရှိ ကော်မရှင်ရုံးများသို့ မဲစာရင်း ပြင်ဆင်နိုင်ရန် ရက်အကန့်အသတ် မရှိ တိုးမြှင့်ပေးထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးထံမှ စုံစမ်းသိရသည်။
“သတ်မှတ်ထားတဲ့ရက်က ဇူလိုင်လ ၅ ရက်နေ့မှာ ပြီးမယ်။ ဒါပေမယ့် နောက်ပိုင်းမှာလည်း လာပြီးတော့ ပြင်ဆင် လက်ခံလိုက်ပါလို့ ပြောထားပါတယ်။ ၃ ကြိမ် ကြေညာအပြီးမှာ အကြောင်းကြောင်းကြောင့် မပြင်နိုင်တဲ့သူတွေ လာပြင်ရင် လက်ခံလိုက်ပါလို့ မှာထားပါတယ်။ ဘယ်နေ့အထိလို့ သတ်မှတ်ထားတာတော့ မရှိသေးဘူး” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ဧရာဝတီသို့ ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံ မဲဆန္ဒရှင် စာရင်းကိုလည်း ဇွန်လ ၂၂ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ ကြေညာထားပြီး မကြာခင် ရက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များအရ မဲစာရင်း ကြေညာမှုကို ရက်တိုးမြှင့်ထားကြောင်း သိရသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တနေ့တုန်းက ကျနော်တို့ကို ညွှန်ကြားလို့ မနေ့ကပဲ ခရိုင်ကော်မရှင် အားလုံးကို အကြောင်းကြားထားပါတယ်။ ကော်မရှင်က ညွှန်ကြားတာကတော့ ၁၄ ရက်ကျော်သွားလည်း
မဲစာရင်း ကပ်ထားပေး။ ပြီးရင် ပုံစံ ၃ တို့ ပုံစံ ၄ တို့ လာလျှောက်ရင်လည်း လက်ခံပေးလို့၊ ဒါပဲ ညွှန်ကြားထားတယ်။ ဘယ်နေ့အပြီးလုပ်ပါ ဆိုတောမျိုး ရက်စွဲတော့ မပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်တွင်လည်း မဲစာရင်း မှားယွင်းမှုများကို ပြန်လည် ပြင်ဆင်နိုင်ရန် ဇူလိုင် ၅ ရက်နေ့နောက်ပိုင်း ရက်သတ်မှတ်ချက်မရှိ ပြင်ဆင်ပေးရန် ညွှန်ကြားချက် ရရှိကြောင်း ခရိုင်ကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားသည်။
ယခုလို အခြေခံ မဲဆန္ဒရှင်စာရင်း မှားယွင်းမှု ပြင်ဆင်ရန် ရက်အကန့်အသတ်မရှိ တိုးမြှင့်ရခြင်းမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၃ ကြိမ်မြောက် ထုတ်ပြန်ထားသည့် မဲစာရင်းများတွင် မဲဆန္ဒရှင်၏ အမည်များ မှားယွင်းခြင်း၊ မဲစာရင်းတွင် ကိုယ်ရေးအချက် အလက်များ မှားယွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်းစသည့် အမှားအယွင်း များစွာတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ထားသည့် ရန်ကုန်နှင့် နေပြည်တော်မှ မြို့နယ် ၃၂ ရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများမှာ ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်း နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အတိုက်အခံ အင်အားကြီး ပါတီတခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဇွန်လ ၃ ရက်နေ့တွင် UEC သို့ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့သည်။
မဲစာရင်းမှားယွင်းမှုများတွင် မွေးရက်၊ မွေးလများ တရပ်ကွက်၊ တရွာတည်းရှိ လူများစွာတွင် တထပ်တည်း တူညီနေခြင်း၊ မိဘအမည်၊ မှတ်ပုံတင်နံပါတ် မှားယွင်းခြင်းများ တွေ့ရသည်။ ထို့အပြင် အခြေခံ မဲစာရင်း ကြေညာရာတွင် တချို့နေရာများတွင် မဲပေးမည့်သူ၏ နာမည် လုံး၀ မပါရှိခြင်း၊ တချို့ဆိုလျှင် မိသားစုလိုက် နာမည်၊ အချက်အလတ် ပျောက်ဆုံးနေခြင်း၊ တချို့နေရာများ ဆိုလျှင် ကျေးရွာတခုလုံး ပျောက်ဆုံးခြင်းများအထိ ကြုံတွေ့ရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
“ကျနော်တို့ ကျေးရွာမှာ မဲလာကပ်လို့ သွားကြည့်တာ ကျနော်တို့ မိသားစု လုံးဝမပါဘူး။ နောက်ပြီး ပါတဲ့ သူတွေကလည်း မွေးနေ့တွေအားလုံး တရက်တည်း၊ တလတည်း၊ တနှစ်တည်းတွေပဲ အားလုံး အဆင်လိုက် တူနေတယ်။ သူတို့ မဲစာရင်းကောက်တာ တအိမ်တက်ဆင်း မကောက်ကြဘူး။ မဲစာရင်းမှားတာကလည်း တော်ရုံမှားတာမဟုတ်ဘူး။ ၄ ပုံ ပုံရင် ၃ ပုံလောက်က လွဲနေတယ်” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ ဒေသခံတဦးက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်တွင် မွေးရက်၊ မွေးလ တထပ်တည်းတူညီသူ ၃၀၀၀ ကျော် ပါဝင်နေခြင်း၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးအုပ်စု နေရာပျံချီ ကျေးရွာ၌ လူ ၃၀၀ ကျော် မဲစာရင်းတွင် နာမည် မပါဝင်ခြင်းများ ကြုံတွေ့ရကြောင်း စုံစမ်းသိရသည်။
“မွေးသက္ကရာဇ်မှားတာတွေက လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) ဆီက ရတဲ့ပုံစံတွေကို ကျနော်တို့က ကူးရိုက်လိုက်တော့ မှားကုန်တာ။ နောက်ပြီး ဇွန်လ ၃၀ ရက်တွေ အကုန်တူနေတယ်ဆိုတာ လဝက စာရင်းမှာ မွေးတဲ့နှစ်ပဲပါပြီး ရက်နဲ့လ မပါဘူး။ မဲစာရင်းပြုစုတဲ့ ကွန်ပျူတာ ဆော့ဝဲလ်ကလည်း မွေးတဲ့ရက်စွဲတွေ၊ လတွေ မပါရင်
ဆက်ရိုက်လို့ မရတော့ဘူး။ ဒါကြောင့် ကွန်ပျူတာဆရာတွေက ဇွန်လ ၃၀ ရက်ဆိုပြီး ဖြည့်လိုက်တော့ အဲ့လိုတွေ ဖြစ်ကုန်တာပါ။ ပါတီတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းပြင်ဆင်ပေးကြပါ” ဟု တိုင်းကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က
ပြောသည်။
မဲစာရင်း မှားယွင်းမှုများဖြစ်ပေါ်ရသည့် အကြောင်းအရင်းများကို ကြည့်မည် ဆိုလျှင် လဝကမှ ရရှိသည့် စာရင်းဇယား အဟောင်းများကို အခြေခံပြီး စာရင်းပြုစုခြင်း၊ ကွန်ပျူတာအတွင်း ဒေတာ အချက်အလက် ထည့်သွင်းရာတွင် ကျွမ်းကျင်မှု အားနည်းခြင်း၊ အောက်ခြေ ရပ်/ကျေး ကော်မရှင်ရုံးတွင် အမှန်တကယ် တာဝန်ယူ လုပ်ဆောင်ပေးမည့်သူ နည်းပါးခြင်း၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများတွင် အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်ရန် ငွေကြေး အလုံအလောက် ချထားပေးခြင်း စသည့် အချက်များကြောင့် ဖြစ်ကြောင်း မဲဆန္ဒရှင်ပညာပေးရေး လုပ်ဆောင်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောသည်။
လာမည့် အပြီးသတ် မဲစာရင်းတွင် ဆန္ဒမဲပေးနိုင်မည့်သူတိုင်း မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် တအိမ်တတ်ဆင်း၊ မဲစာရင်းအမှန် ရရှိရေးအတွက် တိုင်းနှင့် ပြည်နယ်များ မကျန် တနိုင်ငံလုံးအတွက် စာရင်း ကောက်ယူနေသည့် NLD ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ ဒုတိယ ခေါင်းဆောင် ဦးမျိုးရန်နောင်သိမ်းက မဲစာရင်း အမှန်ရရှိရေးအတွက် ယခုလို ပြောသည်။
“သန်းခေါင်စာရင်းဆိုတာက မ.ဆ.လ ခေတ်က သုံးခဲ့တဲ့ စာရင်း၊ အခု မသုံးတော့တဲ့ စာရင်းလို့ ပြောရမှာပေါ့။ အဲဒီခေတ်ကတော့ သန်းခေါင်စာရင်းရှိရင် ဆန်ပေးတယ်၊ ဆီပေးတယ်ဆိုတော့ အားလုံးလုပ်ကြတာပေါ့။ အခုက ဘယ်သူမှ မလုပ်ကြတော့ဘူး။ အဲဒါတွေနဲ့ မဲစာရင်း ကောက်ခဲ့တာဗျ။ တကယ်တမ်း မဲစာရင်း မှန်ဖို့ဆိုရင် တအိမ်တတ်၊ တအိမ်ဆင်း ကောက်ရမှာပါ။ အခုကကြတော့ အရင်တုန်းက စာရင်းအဟောင်းကြီးကို ပြန်သုံးကြတော့ စာရင်းအမှန်တွေ မထွက်လာတော့ဘူး။ အဲဒါကြောင့် အမှားတွေ အများကြီး ဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။
ယင်း၏ ပြောပြချက်များအရ ၎င်းတို့ စာရင်းကောက်ယူခဲ့သည့် ရပ်/ကျေး ကော်မရှင်ရုံးအချို့တွင် ရုံးထိုင်ဝန်ထမ်း တဦးတယောက်မျှ မရှိကြောင်း၊ ထို့အပြင် အစိုးရအနေနှင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များအတွင် လုံလောက်သည့် ထောက်ပံ့ငွေ မရှိခြင်းကြောင်း အဖွဲ့ဝင်များအနေနှင့် အင်တိုက်အားတိုက် လုပ်ဆောင်ခြင်း နည်းပါးကြောင်း သိရသည်။
“ရပ်/ကျေး ကော်မရှင်မှာ ပါတဲ့ အများပြည်သူ မြို့မိ၊ မြို့ဖဆိုသူတွေကလည်း တချို့ဆို သူတို့ကိုယ်တိုင်တောင် ကော်မရှင်မှာ ပါမှန်းမသိကြဘူး။ တချို့နေရာတွေမှာ ကော်မရှင်ရုံးမှာ ရုံးထိုင်ဝန်ထမ်းမရှိလို့ မဲစာရင်းပြင်မယ်ဆို ဘယ်မှာ သွားပြင်လို့ ပြင်ရမှန်းမသိကြဘူး ဖြစ်နေတယ်။ ဒါတွေကိုလည်း ဖြည့်စည်းနိုင်ဖို့ လိုတယ်” ဟု ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။
၎င်း၏ ပြောကြားချက်အရ ရှမ်းပြည်နယ်အတွင်းရှိ တချို့ကျေးရွာများတွင် ယနေ့အချိန်အထိ မဲစာရင်း ထုတ်ပြန်ကြေညား ထားခြင်း မရှိသေးကြောင်း သိရသည်။
မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံ ပြုစုခြင်း မဟုတ်ဘဲ အိမ်ထောင်စုစာရင်းကို အခြေခံ ပြုစုထားခြင်းကြောင့် မဲပေးမည့်သူအနေဖြင့် တခြားမြို့နယ်တခုတွင် ရောက်ရှိနေပြီး ၎င်း၏ အမည်စာရင်းကို လွှဲပြောင်းခြင်း မပြုလုပ်ရသေးပါက အိမ်ထောင်စုစာရင်း ရှိရာ မဲဆန္ဒရှင်စာရင်း၌သာ ပါဝင်နေမည် ဖြစ်သည်။ ထို့ကြောင့် မဲစာရင်း ကြေညာသည့်အခါ သွားရောက်ကြည့်ရှုရန် လိုအပ်သည်။
မဲဆန္ဒရှင်အမည်စာရင်းတွင် နာမည်မပါဘဲ ကျန်ခဲ့လျှင် ရပ်/ကျေးကော်မရှင်ရုံးတွင် ပုံစံ ၃ စာရွက် တောင်းယူ ဖြည့်စွက်ကာ အမည်စာရင်း ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေပါက ပုံစံ ၄ စာရွက် ဖြည့်စွက်၍ မဲစာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုနိုင်ကြောင်း သိရသည်။ ထို့ပြင် မဲစာရင်းတွင် လူနာမည်၊ မိဘအမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများ မှားယွင်းနေပါက ပုံစံ ၄ (ဂ) ဖြည့်စွက်၍ ပြင်ဆင်ပေးရန် တောင်းဆိုနိုင်ကြောင်း သိရသည်။
ယင်းသို့ ပြန်လည် ပြင်ဆင်နိုင်ရန် အတွက် ရပ်/ကျေး ကော်မရှင်ရုံးများတွင် လျှောက်လွှာစာရွက် အလုံအလောက် ဖြည့်ဆည်းသင့်ကြောင်း မဲဆန္ဒရှင် ပညာပေးရေး ဆောင်ရွက်နေသည့် Forward Institute တည်ထောင်သူ ဦးသန့်စင်အောင်က ဆိုသည်။
“ကော့သောင်းမှာ ကျန်နေတာ လူပေါင်း ၈ သောင်းလောက် ရှိတယ်။ ပြန်လျှောက်ဖို့ စာရွက်ပေါင်း ၈ သောင်း လိုတယ်။ အဲဒီအတွက် လုံလောက်တဲ့ စာရွက်မရှိဘူး” ဟု ဦးသန့်စင်အောင်က ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပြောကြားထားချက်အရ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၅ လသာ လိုတော့သည်။ ကျန်ရှိနေသည့် ၅ လအတွင်း အမြောက်အမြား မှားယွင်းနေသည့် မဲစာရင်းများကို အချိန်မီ ပြင်ဆင်နိုင်မည်လားဟု နိုင်ငံရေးအသိုင်းအဝန်းက မေးခွန်းထုတ်နေသည်။
“ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရဖို့ အခုလုပ်နေတဲ့ process ကတော့ လုံးဝမဖြစ်နိုင်တော့ဘူး။ အခု (ဇွန်) ၂၂ မှာပဲ နောက်ဆုံး အဆင့်ကပ်ပြီ။ တနိုင်ငံလုံးကို ဒီလောက်မှားနေတော့ ပြင်မယ်ဆိုရင်လည်း လာမယ့်အချိန်မှာ ပြင်ဖို့က အဆင်မပြေတော့ဘူး” ဟု ဦးမျိုးရန်နောင်သိမ်းက ပြောသည်။
အခြေခံ မဲစာရင်း မှားယွင်းမှုကို ပြန်လည် ပြင်ဆင်ပြီးနောက် အချက်အလက် မှန်၊ မမှန် ဆိုသည်ကို လာမည့် အထွေထွေ ရွေးကောက်ပွဲ ရက်အတိအကျ သတ်မှတ်သည့်နေ့ မတိုင်ခင် နှစ်လအလိုတွင် အပြီးသတ် နောက်ဆုံး မဲစာရင်းကို ထုတ်ပြန်ကြေညာပေးသည့် အချိန်တွင် တကြိမ် ထပ်မံကြည့်ရှုစစ်ဆေးနိုင်မည် ဖြစ်သည်။
အခြေခံ မဲစာရင်း ထုတ်ပြန်ကြေညာရာတွင် လာရောက်ကြည့်ရှု့ရန် စိတ်ဝင်စားမှု နည်းပါးနေခြင်းသည် မဲစာရင်း မှန်ကန်မှုကို ရရှိနိုင်ရေးကိုလည်း ထိခိုက်မှု များစွာ ရှိနေကြောင်း၊ ယင်းအချက်များကြောင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအနေနှင့် မဲပေးမှုအပေါ် စိတ်ဝင်စားမှု ပိုမိုနည်းပါးလာနိုင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။
“နဂိုကမှ လူတွေဟာ မဲစာရင်း သွားကြည့်ဖို့တောင် စိတ်မဝင်စားကြတာ၊ အခု အမှားတွေ့ကြတဲ့အခါကျတော့ ပြင်ကြပါလို့ ပြောနေပေမယ့်လည်း ပြင်ချင်လိုစိတ် မရှိတော့ကြဘူး။ ဒါကြောင့် မဲမပေးတော့ပါဘူးဆိုတဲ့ အတွေးအခေါ်တွေလည်း ထပ်ဖြစ်နိုင်တာဆိုတော့ ကျနော်တို့ တိုင်းပြည်အတွက် အင်မတန် စိုးရိမ်စရာကောင်းပါတယ်” ဟု ဦးသန့်စင်အောင်က ဆိုသည်။
တနိုင်ငံလုံးမှ မဲဆန္ဒရှင် စာရင်းများကို ၄ ကြိမ်ခွဲ၍ ထုတ်ပြန်မည်ဟု ယခင်က ကြေညာထားရာ တတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင်လည်းကောင်း ထုတ်ပြန်ခဲ့သည်။
(ဧရာဝတီ သတင်းထောက် ဆလိုင်းသန့်စင် ပူးပေါင်းရေးသားသည်။)