စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်တပ်နှင့် ပျူစောထီး အင်အား ၂၀၀ကျော်က မေ ၄ရက်မှစ၍ ဆက်တိုက် စစ်ကြောင်းထိုးနေရာ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းထန်နေသလို ဒေသခံတို့၏ အိမ်များလည်း မီးရှို့ဖျက်ဆီး ခံရကြောင်း သိရသည်။
ကလေးမြို့နယ်အခြေစိုက် Chinland Defence Force- Kalay Kabaw Gangaw (CDF-KKG) မှ တာဝန်ရှိသူတဦးက “မြောက်ပိုင်းကို စစ်ကြောင်းက ဆက်တိုက်ထိုးနေတာ။ နယ်မြေရှင်းလင်းရေးပုံစံမျိုးနဲ့ စစ်ကြောင်းထိုးပြီး ရှေ့ကို ရသလောက် ဆက်တိုးနေကြတာ။ ဒေသခံအိမ်တွေကိုလည်း ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြတယ်။ မြောက်ပိုင်းမှာ ဒေသခံတော်တော်များများက စစ်ဘေးရှောင်နေကြတာများတယ်ဆိုတော့ ရွာတွေမှာက အိမ်စောင့်တွေလောက်ပဲ ကျန်ခဲ့ကြတာမျိုး။ သူတို့လည်း စစ်ကြောင်းလာရင် ဘေးလွတ်ရာကို ခဏရှောင်၊ ပြီးရင် ရွာထဲပြန်ဝင်ပေါ့” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးခြင်း မရှိသေးသော်လည်း လက်နက်ကြီး၊ ဒရုန်းများကိုမူ များစွာသုံးလာကြောင်း၊ စစ်ကြောင်းတွင် ပျူစောထီး အများဆုံး ပါဝင်ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း ဆိုသည်။
မေ ၆ ရက်တွင် ကလေးမြို့ပေါ်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ (ကလေး)၊ ကလေးလေဆိပ်၊ အမှတ် (၉၃၄) ထောက်ပံ့ ရေးနှင့် ပို့ဆောင်ရေးတပ်များ Shar Htoo Waw Drone နည်းပညာ Fixed Wing Drone (မောင်းသူမဲ့ လေယာဉ်ငယ်) တို့ဖြင့် တိုက်ခိုက်ခံရပြီးနောက် ကလေးမြို့နယ်တခုလုံးသို့ အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team)၊ Kalay Revolution Force (KRF) – ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Wings of Kalay အဖွဲ့က ထုတ်ပြန်ထားသည်။
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) မကြာခဏ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီဘက်ကလည်း ကလေးမြို့ပေါ်နှင့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိရာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်မြင်သာ၊ လှိုင်သာယာ၊ မွန်းလှိုင်၊ စက်မှုဇုန် ရပ်ကွက်များနှင့် ထောက်ကြန့်၊ ကံသာ၊ အင်ဒိုင်းကြီး၊ ထိုမာ၊ ကြာအင်း၊ မြို့လှ၊ စီးစံ၊ ကံကြီး၊ ဆည်တော်ဦး၊ သာယာကုန်း ကျေးရွာတို့မှ ဒေသခံများမှာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ကလေးမြို့ ဒေသခံတဦးက “ဖေဖော်ဝါရီ လလယ်ပိုင်းလောက်ကတည်းက တိုက်ပွဲတွေက မြို့ပတ်လည်ဖြစ်နေတာ။ ကျမတို့ က မြို့ထဲဆိုတော့ အသံတွေ နေ့တိုင်းလိုလို ကြားနေရတယ်။ ဒကစထဲကနေ လက်နက်ကြီးသံတွေရော၊ ပစ်ခတ်သံ တွေ ရော မကြာခဏ ကြားနေရတာပဲ။ အဲဒီလိုအချိန်ဆိုရင် အိမ်ထဲမှာ နေနေကြရတာပေါ့။ မဟုတ်ရင် မြို့ထဲသွားတာလာတာ ကို လှမ်းပစ်တာတွေကြောင့် သေတာမျိုးတွေ ရှိတော့လေ” ဟု ဧရာဝတီကို ပြောသည်။
အလားတူ ကလေးတောင်ပိုင်းတွင်လည်း စစ်ကြောင်းထိုးလျက်ရှိရာ မေ ၈ ရက်တွင် စစ်ကောင်စီ စစ်ကြောင်းသည် အောင်မင်္ဂလာ၊ အောင်သာယာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “ကလေးတောင်ပိုင်းမှာဆိုရင် ကမ္ဘနီကို ပြန်သိမ်းပြီး ကတည်းက ဆက်တိုက်စစ်ကြောင်းထိုးနေတာ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အောင်မင်္ဂလာ၊ အောင်သာယာဘက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်။ တင်သားရွာရဲ့ လမ်းဘယ်ဘက်ခြမ်းက ရွာတွေပေါ့၊ သူတို့အထိုင်စခန်းကို ပြီးခဲ့တဲ့ ၂ ရက်နေ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ကြသေးတယ်။ အဲဒီမှာလည်း ထိခိုက်တာတွေ ရှိတယ်လို့ သိရတယ်” ဟု ပြောသည်။
ကလေးမြို့နယ်အတွင်း စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက် ခြင်းများအပြင် အရပ်သားများကိုပါ ဦးတည်တိုက်ခိုက်နေရာ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ ၈၀ ခန့်ထိ သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူ ၃၀ ကျော်ထိရှိကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၀ ရက်မှ လက်ရှိအချိန်ထိ ကလေးမြို့နယ်တခုလုံးတွင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ စပါးကျီများ အပါအဝင် နေအိမ် ၇၀၀ ကျော်ထိ မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူတဦးက “ကလေးနယ်မှာတော့ တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်ခတ်နေတာတွေ ရှိပါတယ်။ ပြီးတော့ သူတို့ စစ်ကြောင်းထိုးနိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ အရင်ပစ်ရှင်းပြီးမှ ရွာတွေကို ဝင်စီးပြီး အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတယ်။ သူတို့ဘက်က ရှေ့တိုးလို့ မရဘူးဆိုရင် ဒရုန်းနဲ့ချပြီး ဝင်နေတာမျိုး။ ရွာတွေကိုဝင်တဲ့အခါ လိုချင်တာတွေကိုယူပြီး ကလေး ဒကစဘက်ကို သယ်ထုတ် နေတာမျိုးတွေလည်း လုပ်နေကြတယ်” ဟု ပြောသည်။
ကလေးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ နေ့စဉ်မြင့်တက်လျက်ရှိပြီး သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ကလေးငယ်များလည်း ပါဝင်နေသောကြောင့် စားဝတ်နေရေးအပြင် ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။
ကလေးမြို့နယ်တွင် မြို့တမြို့၊ ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၄၀၊ ကျေးရွာပေါင်း ၁၅၆ ရွာရှိပြီး လူဦးရေ ၃ သိန်းကျော် နေထိုင်ကာ ကလေးမြို့နယ်၏ အရှေ့ဘက်၌ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ တောင်ဘက်၌ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ အနောက်ဘက်၌ ချင်းပြည်နယ် တီးတိန်၊ ဖလမ်းမြို့နယ်၊ မြောက်ဘက်၌ တမူးမြို့နယ်၊ မော်လိုက်မြို့နယ်များနှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်များဖြင့် နယ်နိမိတ်ထိစပ်နေသည်။
You may also like these stories:
ကလေးမြို့စစ်ရှောင်များ ရေရှားပါးမှုနှင့် အပူဒဏ် ခံစားနေရ
ကလေးမြောက်ပိုင်း၌ တိုက်ပွဲ ပြင်းထန်နေ
ကလေး၌ တလအတွင်း အရပ်သား ၃၀ ကျော် သတ်ဖြတ်ခံရ
ကလေးမြောက်ပိုင်းနှင့် ခါမ်းပတ်၌ လေကြောင်းမှ တိုက်ခိုက်၍ သေဆုံးမှုများရှိ