လေထုညစ်ညမ်းမှုသည် မြန်မာပြည်တွင် တိုးပွားဖြစ်ပေါ်နေသည်။ မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် လေထု ညစ်ညမ်း လာနေသော ရန်ကုန်မြို့တွင်သာမက ရှမ်းပြည်တောင်ပိုင်းတွင်လည်း မတ်လဆန်းတိုင်း နှစ်စဉ် မီးခိုးမှိုင်းများ ဖုံးလွှမ်းလာခဲ့သည်။
ထိုသို့ မီးခိုးမှိုင်းများ ဖုန်းလွှမ်းလာရခြင်းမှာ တရုတ်နိုင်ငံ ယူနန်၊ လာအိုနှင့် ရှမ်းပြည်နယ်တကြော တောမီးများ လောင်ကျွမ်းမှုနှင့် စိုက်ခင်းများမီးရှို့မှုများမှ ဖြစ်ပွားရသည်ဟု ပညာရှင်များက ဆိုသည်။ ထိုကဲ့သို့ မီးခိုးမှိုင်းများ ဖုံးအုပ်နေခြင်းကို တာချီလိတ်ဒေသ တဝိုက်သာမက ထိုင်းနိုင်ငံ မြောက်ပိုင်းတကြော၌ လည်း ပျံနှံလျှက်ရှိပြီး ထိုင်းအာဏာပိုင်များက ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ထား သည်။
နေ့စဉ်အသက်ရှူရာတွင် လေထုထဲရှိ အမှုန်အမွှား ပါဝင်မှု ပမာဏ ၁ ကျုဘစ်မီတာတွင် ၁၂၀ အောက် ရှိမှ ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organisation က သတ်မှတ်ထားသည်။ ထိုထက်ပိုလျှင် အသက်ရှူကြပ်ပြီး ကျန်းမာရေးကို ဒုက္ခပေးနိုင်သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်တွင် မတ်လ ၁ ရက်နေ့က ၁၈၅၊ မတ်လ ၃ ရက်နေ့က ၁၇၅ ထိ ရှိခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ရှိ Pollution Control Department က လေထုညစ်ညမ်းမှုကို ၂၄ နာရီ စောင့်ကြည့် တွက်ချက်ပြီး ကျန်းမာရေးအတွက် လူထုကို သတိပေးလျက်ရှိသည်။ လတ်တလော အိမ်ပြင်ပ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
အမြင်ဝေဝါးမှုကြောင့် ချင်းမိုင်လေဆိပ်တွင် လေယာဉ်များ အဆင်းအတက် သတိထားနေရသည်။ အလားတူ တာချီလိတ် လေယာဉ်ကွင်း လေယာဉ်ဆင်းသက်မှုများကို သတိထားနေရကြောင်း သိရသည်။
ပုံမှန်အနေအထားတွင် တာချီလိတ်လေယာဉ်ကွင်းသို့ လေယာဉ် ဆင်းသက်မှုမှာ တနေ့လျှင် လေယာဉ် ၁၀ စီးခန့်ဆင်းသက်သော်လည်း ယမန်နေ့ကမူ ညနေစောင်း မီးခိုးမှိုင်းအနည်းငယ်ရှင်းချိန်တွင် Yangon Airways၊ Asia Wings Airways (AWA)၊ ရွှေမြန်မာ၊ Sun Far လေကြောင်းလိုင်းနှင့်မြန်မာ့လေကြောင်း လေယာဉ် လေးစင်းဆင်းသက်ခဲ့ ကြောင်းသိရသည်။
တာချီလိတ်လေဆိပ်မှ တာဝန်ရှိသူတဦးက “လတ်တလော မီးခိုးမှိုင်းကြောင့် လေယာဉ်ကွင်း တာဝါက ကွင်း ပိတ်ထားတယ်၊ တချို့လည်း ပိုင်းလော့ဆုံးဖြတ်ချက်နဲ့ ဆင်းတာပါ၊ တာဝါကတော့ မဆင်းစေချင်ဘူး၊ ဒါပေ မယ့် ပိုင်းလော့က ဆင်းလို့ရရင် ဆင်းမယ်၊ မရရင် ပြန်လှည့်မယ်ဆိုပြီး ဆင်းတာပါ၊ နဲနဲတော့ ဟပေး မှဖြစ်မယ်၊ လုံးဝမဆင်းရ ဘူးဆိုရင်လည်း မဖြစ်သေးဘူး”ဟုဆိုသည်။
လက်ရှိအခြေအနေတွင် တာချီလိတ် လေယာဉ်ကွင်းတွင် ဆင်းသက်ရမည့် ကမ္ဘောဇနှင့် အဲပုဂံလေကြောင်း လိုင်းမှ လေယာဉ်များမှာ ရာသီဥတု ကြည်လင် သည့်အချိန်အထိ မစောင့်နိုင်သည့်အတွက် ကျိုင်းတုံလေ ယာဉ်ကွင်းသို့ ဆင်းသက်ရကြောင်း၊ ထိုမှတဆင့် ခရီးသည်များမှာ တာချီလိတ် သို့ လာရောက်ကြောင်း သိရသည်။
ကျိုင်းတုံလေဆိပ်မှ တာဝန်ရှိတဦးက“ အခြေအနေကတော့ လုပ်ငန်းလုပ်လို့ ရတယ်ဆိုရုံပါပဲ၊ အကောင်းကြီး လည်း မဟုတ်ဘူး၊ အဆိုးကြီးလည်း မဟုတ်ဘူး” ဟု ဆိုသည်။
လက်ရှိ တာချီလိတ်ဒေသ၏ ရာသီဥတု အခြေအနေမှာ မီးခိုးများ၊ မြူများကြောင့် အုံမှိုင်းလျှက်ရှိကြောင်း၊ ထိုသို့ လေထုညစ်ညမ်းမှု အခြေအနေနှင့် ပတ်သက်၍ ဒေသအာဏာပိုင်များက ကျန်းမာရေး သတိပေးမှု များပြုလုပ်ထားခြင်းမရှိသေးကြောင်း တာချီလိတ်မြို့ခံ ကိုအောင်ခိုင်က ဆိုသည်။
မီးခိုးများ ဖုံးနေခြင်းကြောင့် ဒေသခံလူထုအနေဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာတွင် ထိခိုက်မှုများ ဖြစ်ပေါ် လာနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ လူထုပညာပေးလုပ်ငန်းများ ရှိမရှိ တာချီလိတ်မြို့နယ်ဆေးရုံ ကျန်းမာရေး ဌာနသို့ ဖုံးဆက်မေးမြန်းသော် တာဝန်ခံဖြေဆိုမည့်သူ မရှိပေ။
နှစ်စဉ်လိုလို ဖြစ်ပွားနေသည့် တောင်ယာများမီးရှို့ခြင်း တောမီးလောင်ခြင်းပတ်သက်၍ အငြိမ်းစား သစ်တော ဝန်ထမ်းဟောင်း တဦးဖြစ်သူ ဦးမောင်မောင်သန်းက“ အဲဒါကတော့ ဒီအချိန် နှစ်တိုင်း တောင်ယာမီးရှို့ကြ တာမို့လို့ဘာမှ မတတ်နိုင်ပါဘူးခင်ဗျာ ထိန်းချင်ရင်တော့ ပင်လောင်းဘက်က လို နေ့တနေ့သတ်မှတ်ပြီး တရက်တည်း ထိန်းကျောင်းပြီး ရှို့ကြဖို့ပဲရှိပါတယ်”ဟု ဆိုသည်။
တောမီးနှင့် တောင်ယာမီးရှို့မှုများကို ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုကြောင်း ဦးမောင်မောင်သန်းက ဆက်ပြောသည်။
မြန်မာနိုင်ငံမှာ ခြောက်သွေ့ရာသီဖြစ်သည့် ဒီဇင်ဘာမှ မေလအတွင်း တောမီးလောင်ခြင်း၊ တောင်ယာ များရှို့ခြင်းက ထွက်ပေါ်လာတဲ့ မီးခိုးများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ကာ လူအများ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်စေသည်အပြင် အဖိုးတန် သစ်တောများဆုံးရှုံးစေပြီး တောရိုင်းတိရိစ္ဆာန်များကိုလည်း သေကြေပျက်ဆီးစေသည်။
ယခုလို မီးခိုးများ ဖုံးလွှမ်းမှုသည် ပြည်တွင်းရေးသက်သက်မျှ မဟုတ်တော့ဘဲ နယ်စပ်ဖြတ်ကျော်ပြီး ဖြစ်ပွားနေသောကြောင့် ယင်းသို့ လေထုညစ်ညမ်းမှုအတွက် သက်ဆိုင်ရာနိုင်ငံများ ပါဝင်သော ဆွေးနွေးမှုများ ရှိသော်လည်း ပြဿနာဖြေရှင်းရေး စတင်လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။