တောင်ငူမြို့မဈေးကြီး၏ ကျပ် သိန်းပေါင်း တသောင်းခြောက်ထောင် နီးပါး ဆုံးရှုံးခဲ့သည့် ယမန်နေ့ ညက မီးလောင်ကျွမ်းမှုကို လျှပ် စစ် ဓာတ်အား လွန်ကဲ၍ ဖြစ်ပွားသည့် မီးလောင်မှု အနေနှင့် စုံစမ်း စစ်ဆေးနေကြောင်း တောင်ငူမြို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
တောင်ငူမြို့ ၁၆ ရပ်ကွက်တွင် ရှိသည့် တောင်ငူမြို့မဈေးကြီး ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီ ၂၀ ခန့်က ဝါယာရှော့ဖြစ်ရာမှ စတင်သည်ဟူသော မီးလောင်မှုဖြစ်ပွားရာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၅ နာရီ ခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“တောင်ငူမြို့မှာ အကြီးမားဆုံးနဲ့ ဆုံးရှုံးမှုအများဆုံး လောင်ကျွမ်းတဲ့ မီးလို့ ပြောလို့ရတယ်၊ ဖြစ်စဉ်ကို အတိအကျမသိရသေးပေမဲ့ ဝါယောရှော့လို့ ယူဆထားတယ်”ဟု တောင်ငူ မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
မြို့မဈေးကြီး၏ အနောက်မြောက်ထောင့်ဘက် ဆိုင်ခန်းများမှ စတင်လောင်ကျွမ်းခဲ့သည်ဟု ယူဆရပြီး ဆိုင်ခန်းပေါင်း ၁၁၉၉ ခန်း
လောင်ကျွမ်း ပျက်စီးခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၁၅၉၈၀ ဆုံးရှုံးခဲ့ကြောင်း၊ တောင်ငူခရိုင် အတွင်းရှိ ရေတာရှည်၊ ကျွဲပွဲ၊ ကညွှတ်ကွင်း၊ ဆွာ၊ ဖြူး တို့မှ မီးသတ်ကားများ အပါအဝင် မီးသတ်ကား ၅၈ စီးဖြင့် ငြိမ်းသတ်ခဲ့ပြီး အမှုဖွင့်ထားကြောင်း တောင်ငူမြို့ မီးသတ် ဦးစီးဌာန က ပြောပြသည်။
မီး စတင်လောင်ကျွမ်းခဲ့သည့် ဈေး အနောက်မြောက် ထောင့်ဘက်တွင် အလှပြင်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ ရှိကြောင်း ဒေသ ခံ များက ပြောသည်။
တောင်ငူမြို့မဈေး မီးလောင်မှုသည် ၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး ဈေးမီးလောင်မှုဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။