မလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ညီပုလေးနှင့် ဦးဘုန်း (ဓာတု) တို့က စာပေ အကြောင်းအရာများ ဟောပြောခဲ့သော်လည်း အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲဆွယ်ပေးသည်ဆိုသော အကြောင်းပြချက်ဖြင့် မြို့နယ် အာဏာပိုင်များက ဟောပြောပွဲအခွေ ထုတ်ခွင့်နှင့် ထိုစာရေးဆရာ ၃ ဦးကို ပျော်ဘွယ်မြို့တွင် ရာသက်ပန် ဟောပြောခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
ထို့အပြင် ပျော်ဘွယ်မြို့နယ် အာဏာပိုင်များက ယင်းမြို့နယ်အတွင်း စာပေဟောပြောပွဲ ထပ်မလုပ်ရန်ပြောဆိုခဲ့ပြီး ၄ ရက်နေ့က ကျင်းပသည့် စာပေဟောပြောပွဲ အခွေကို မထုတ်ရန် အတွက်လည်း ပျော်ဘွယ် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝန်ခံကတိ ထိုးခဲ့ရကြောင်း၊ မိမိတို့မြို့တွင် အချိန်အတော်ကြာ စာပေဟောပြောပွဲ မကျင်းပနိုင် ခဲ့ရာမှ ယခုတကြိမ် ပြုလုပ်ခွင့်ရသည့် အတွက် ဝမ်းသာခဲ့သော်လည်း ပြဿနာ ပေါ်ပေါက် လာသဖြင့် စိတ်မကောင်း ဖြစ်မိကြောင်း စာပေဟောပြောပွဲ စီစဉ်ခဲ့သူ ပျော်ဘွယ်မြို့ခံ ကိုအောင်သာမိုးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့မှာ မှတ်တမ်း အခွေရိုက်ထားတာတွေ ရှိတယ်။ အဲဒါတွေကို အခွေမထုတ်ပါဘူးလို့ ကတိပေးခဲ့ရတယ်။ အခုက ပြုပြင်ပြောင်းလဲရေး လုပ်နေတာသာ ပြောတာ။ ဘာမှ အောက်ခြေမှာ မပြောင်းဘူး။ အပြောင်းအလဲက ဒီမှာ အဖွဲ့အစည်း တချို့ပဲ ခံစားရတာ။ ကျနော်တို့ကတော့ နောက်နှစ်လည်း ထပ်လုပ်နိုင်အောင် ကြိုးစားမယ်” ဟု ကိုအောင်သာမိုးက ဆိုသည်။
ပျော်ဘွယ်မြို့တွင် ဟောပြောခဲ့သော အကြောင်းအရာမှာ NLD ပါတီကို မဲဆွယ်ပေးသည့် ပုံစံ လုံးဝ ဟောပြောခဲ့ခြင်း မရှိဘဲ စာပေဆိုင်ရာ အကြောင်းအရာများ၊ ပျော်ဘွယ်မြို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများ ကိုသာ အဓိက ဟောပြော ခဲ့ခြင်း ဖြစ်ကြောင်း၊ စာပေပုံစံကို ဘုန်းတော်ဘွဲ့ ပုံစံ မြင်ပါက ယခုကဲ့သို့ ပြဿနာများ အမြဲကြုံတွေ့ရနိုင်ကြောင်း ပျော်ဘွယ်မြို့တွင် ဟောပြောခဲ့သည့် စာရေးဆရာများက ဧရာဝတီသို့ ပြောသည်။
“NLD ပါတီကို မဲဆွယ်ဖို့ လုံးဝမပြောခဲ့ဘူး။ NLD ဆိုတဲ့ စကားလုံးလည်း တလုံးမှ မသုံးခဲ့ဘူး။ ကျနော်ပြောခဲ့တာက အကျင့် သီလ ကောင်းတဲ့သူ အသိဉာဏ် ရှိတဲ့သူကို အားကိုးဖို့၊ အဲဒီလို လူမျိုးတွေ တိုင်းပြည်ကို ဦးဆောင်မှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မယ် ဆိုပြီး ဟောခဲ့တာ။ ကြည့်ရတာ အမှန်တရားတွေ ပြောလို့ထင်ပါတယ်” ဟု မန္တလေးမြို့မှ စာရေးဆရာ
ဦးဘုန်း (ဓာတု) က ရှင်းပြသည်။
ပျော်ဘွယ်မြို့နယ်တွင် ရန်ကုန် – မန္တလေး ရထားလမ်း ဆုံရာ လုံခြုံရေး ဂိတ်တံခါးတခု ရှိပြီး ထိုတံခါးပိတ်လျှင် လွန်စွာ ကြာတတ်သဖြင့် “ပျော်ဘွယ် ဂိတ်ပိတ် တညအိပ်” ဆိုသော စာချိုးပေါ်ပေါက်ခဲ့ပုံကို ဟောပြောခဲ့ရာ မြို့ခံများ အလွန် သဘောကျခဲ့ကြောင်း၊ မိမိ အနေဖြင့်လည်း NLD ဆိုသော စကားလုံး တလုံးမျှ သုံးနှုန်းခဲ့ခြင်း မရှိကြောင်း
ပျော်ဘွယ် မြို့တွင် ဟောပြောခွင့် ပိတ်ပင်ခံခဲ့ရသူ စာရေးဆရာ ညီပုလေးက ပြောသည်။
“တကယ်တော့ ပျော်ဘွယ် စာပေဟောပြောပွဲက ဆရာမ သန်းမြင့်အောင်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ဆရာ ဦးဘုန်း (ဓာတု) တို့ ဟောရမှာ။ ဆရာမ သန်းမြင့်အောင်က အကြောင်းကြောင်းကြောင့် မလာနိုင်လို့ ကျနော်က အစားဝင် ဟောပေး ရတာ။ မြို့က လူတွေကလည်း ဒီလို အတွေ့အကြုံမျိုး မရှိတော့ ဒီပြဿနာ ပေါ်တယ်ထင်တာပဲ။ ကျနော်တို့ကတော့ ရိုးရိုး ဟောစဉ်အတိုင်းပဲ ဟောခဲ့တာ” ဟု ဆရာ ညီပုလေးက ရှင်းပြသည်။
ပျော်ဘွယ်မြို့နယ် စာပေဟောပြောပွဲကို စီစဉ်သူများမှာလည်း မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းကမှ မဟုတ်ဘဲ မြို့ခံ လူကြီး၊ လူငယ်များ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပွဲစီစဉ်ခဲ့သူများထံမှ သိရသည်။
ဧရာဝတီ သတင်းဌာနက ပျော်ဘွယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း မကိုင်သောကြောင့် ဆက်သွယ်၍ မရခဲ့ပါ။













