ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများအား တနှစ်သက်တမ်းရှိသော ယာယီနေထိုင်ခွင့် နှင့်အလုပ် လုပ်ကိုင်ခွင့်ရှိသည့် ပန်းရောင်ကတ်များကို ဧပြီ လ ၁ ရက်နေ့မှ စ၍ လုပ်ဆောင်ပေးမည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် နေထိုင်၊ လုပ်ကိုင်နေကြသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် နိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင် နေထိုင် လုပ်ကိုင်နိုင်ရန်ဟုဆိုကာ ထိုင်းနိုင်ငံ စစ်အစိုးရ ပန်းရောင်ကတ်များကို ပြီးခဲ့သည့် နှစ်အတွင်းက စတင်ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး ယခု ဒုတိယအကြိမ် ထပ်မံ ပြုလုပ်ပေးမည်ဖြစ်သည်။
ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင် က ပြောရာတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ သည် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်မည်ဖြစ်၍ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့က စတင် လုပ်ဆောင် ပေးမည် ဖြစ်ကာ တနှစ်သက်တမ်းဖြစ်သည်ဟု ဧရာဝတီ ကို ပြောသည်။
၎င်းက“တနှစ်စာ သက်တမ်းဖြစ်တဲ့အတွက် နေထိုင်အလုပ် လုပ်ကိုင်ခွင့်လည်းပါမယ်၊ သတ်မှတ်ထားတဲ့ဈေးနှုန်းကတော့ ထိုင်းဘတ်ငွေ ၃၁၈၀ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ စတင်တာတွေက နေ့ချင်းပြီး စနစ်နဲ့လုပ်ဆောင်ပေးသွားမယ်လို့ သိရပါ တယ်” ဟု ဆို သည်။
ထိုအစီအစဉ်အား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇွန်လမှ အောက်တိုဘာလ အထိ လုပ်ဆောင်ပေးခဲ့ရာ မြန်မာ အပါအဝင် ထိုင်းနိုင် ငံရောက် ရွှေ့ပြောင်းလုပ်သား တသန်းကျော်က လျှောက်ထားခဲ့ကြကြောင်း သိရသည်။ စက်ရုံ၊ အလုပ်ရုံ အများဆုံး တည်ရှိ ရာ ခရိုင်များနှင့်နယ်စပ်ဂိတ်များ၌ နေ့ချင်းပြီး စနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ပြီး၊ ပေးသွင်းရမည့် ငွေမှာ ဗီဇာကြေး၊ ကျန်း မာရေးစစ်ဆေးမှု အပါအဝင် စုစုပေါင်း ၃၁၈၀ ဘတ် ပေးဆောင်ရမည်ဟုလည်း ဦးသိန်းနိုင် က ပြောသည်။
ထိုင်းနိုင်ငံ၌ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၆ သိန်း ၄ သောင်းကျော် ရှိကြောင်း၊ ထိုသူများသည် ပန်းရောင်ကတ် ထပ်မံ သက်တမ်းတိုးမည်ကို မသိရှိကြကြောင်း၊ သို့ဖြစ်၍ အလုပ်သမားများ အားလုံးသိရှိနိုင်ရေး ဆောင် ရွက်ပေးရန် ထိုင်းအစိုးရထံ တောင်းဆိုထားသည်ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ (MWRN) အဖွဲ့မှ ဦးအောင်ကျော် က ဧရာဝတီ ကို ပြောသည်။
ဦးအောင်ကျော် က“လူ ၆ သိန်းကျော်က သိနိုင်ဖို့ဆိုတာ မလွယ်ဘူး၊ ဒါကြောင့် ဝေးလံတဲ့ဒေသက အလုပ်သမားတွေပါ သိနိုင်အောင် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင် တွေဆီက တဆင့် နှိုးဆော်ပေးဖို့ ထိုင်းအစိုးရဆီမှာ တင်ပြထားပါတယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် အတွင်းရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား အများစုသည်လည်း သက် တမ်းတိုးမည့် အကြောင်းကို မသိရှိကြကြောင်း၊ သက်ဆိုင်ရာ အလုပ်ရှင်များကလည်း အသိပေးမှု မရှိသေးကြောင်း မြန်မာ အလုပ်သမားများ က ဧရာဝတီကို ပြောသည်။
ထို့အတူ ပန်းရောင်ကတ်များ သက်တမ်းတိုးရာ၌ အလုပ်ရှင် တိတိကျကျ မရှိသည့် နေ့စား အလုပ်သမားများ အနေဖြင့် အ လုပ်ရှင် အဖြစ်အမည်ခံပေးမည့် ပွဲစားများကိုလည်း ထပ်မံ၍ ငွေပေးငှားရမည်ဖြစ်ကာ ကတ်သက်တမ်းတိုးမှု ကုန်ကျစရိတ် သည် ထိုင်းဘတ်ငွေ ၄၀၀၀ ဝန်းကျင်ထိ ဖြစ်သွားမည်ဟု သိရသည်။
အလုပ်ရှင် အဖြစ် အာမခံပေးမည့်သူအတွက် ပွဲစားကြေးသည် နေရာဒေသ အပေါ်မူတည်၍ ထိုင်းဘတ်ငွေ ၁၀၀၀၊ ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်အထိ ပေးရကြောင်း၊ ထို့ကြောင့် ဝင်ငွေနည်းပါးသည့် နေ့စား အလုပ်သမားများအတွက် အခက်အခဲ ဖြစ်စေ ကြောင်း လည်း မြန်မာရွှေ့ပြောင်း လုပ်သားများ က ပြောသည်။