NLD အစိုးရအဖွဲ့တွင် သမဝါယမဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် သိပ္ဗံနှင့်နည်းပညာ ဝန်ကြီးဌာန ၅ ခု နှင့် သမ္မတရုံးဝန်ကြီးဌာန ၅ ခု အပါအဝင် စုစုပေါင်း ၁၀ ခု ကို ဖျက်သိမ်းလိုက်ပြီး ဝန်ကြီးဌာန ၂၁ ခု သာထားရှိမည်ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် တရားဝင် ကြေညာလိုက်သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၃၆ ခု ရှိခဲ့သော်လည်း NLD အစိုးရအဖွဲ့တွင်မူ ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိ မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအများစုကို ပေါင်းစည်းထားပြီး ဝန်ကြီးအရေအတွက် ၁၈ ပါးနှင့် တပ်မတော်သား ဝန်ကြီး ၃ ပါး ပါဝင် မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတခုကိုလည်း အသစ်ထပ်မံပေါင်းဖွဲ့ ဖွဲ့စည်းထားကြောင်းသိရှိရသည်။
ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အစိုးရလက်ထက်တွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းပေါင်း ၄၃ ခုနှင့် ဝန်ကြီး၊ ဒုဝန်ကြီး ၁၀၀ နီးပါး ထားရှိခဲ့သော်လည်း NLD အစိုးရက အစိုးရအဖွဲ့ကို ကျစ်ကျစ်လစ်လစ်နှင့် ဖွဲ့စည်းရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စား လှယ်များက ဧရာဝတီသို့ ပြောသည်။
NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဆူဆန်နာလှလှစိုးက “တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတခု ပါလာတဲ့အတွက် ပိုဝမ်းသာမိတယ်။ ကျမတို့နိုင်ငံရဲ့ အကျပ်အတည်းက တိုင်းရင်းသားတွေရဲ့ အကျပ်အတည်းပါပဲ။ အဲဒါတခုကို တည်ထောင်ပြီးတော့ ထိထိမိမိ လုပ်လိုက်မယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း သေချာတည်ဆောက်နိုင်မယ်။ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကိုလည်း ထိထိမိမိ ကိုင်တွယ်နိုင်မယ်လို့ ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ မှ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက NLD အစိုးရသစ်၏ ဝန်ကြီးဌာနများ ပေါင်းစည်းမှုကို အကောင်း မြင်သော်လည်း ဝန်ကြီးဌာနများ ပူးပေါင်းဖွဲ့စည်းလိုက်သဖြင့် ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများမှာ စိတ်ကသိ ကအောက်များ ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးသိမ်းဆွေက“ဝန်ကြီးဌာနတွေ လျော့ချလိုက်တဲ့အတွက် အစိုးရအဖွဲ့က ကျစ်ကျစ်လစ်လစ်နဲ့ တာဝန် ထမ်းဆောင်နိုင်မယ်လို့ မြင်ပါတယ်။ ဝန်ကြီးတွေကိုပေးရတဲ့ ဘဏ္ဍာငွေတွေလည်း လျော့ကျသွားပြီး တိုင်းပြည်အတွက် အခြားအကျိုးရှိတဲ့ နေရာတွေမှာ အသုံးချနိုင်မယ်လို့ မြင်ပါတယ်။ အခုပေါင်းစပ်ထားတဲ့ ဝန်ကြီးဌာနတွေဟာလည်းပဲ ဆက်စပ်ဆီလျှော်နေတဲ့ ဝန်ကြီးဌာနတွေ ဖြစ်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
NLD အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးဌာနများမှာ ဝါစဉ်အလိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ရေးရာဝန်ကြီးဌာန၊ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊စီမံ ကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်ခရီး ဝန်ကြီးဌာန၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ဖြစ်သည်။
NLD အစိုးရအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီးဌာနများနှင့်ပတ်သက်၍ တပ်မတော်ဘက်က သဘောကျ နှစ်ခြိုက်ခြင်းမရှိဘဲ အထူးသဖြင့် လုံခြုံရေးဌာန ၃ ခုကို ဝါစဉ်အလိုက် အောက်ဆုံးတွင် ထည့်ထားခြင်းနှင့် ဝန်ကြီးဌာန ပေါင်းစည်းခြင်းအပေါ်လည်း ပြန်လည်သုံးသပ်ရန် တင်ပြ ဆွေးနွေးနိုင်သည်ဟု NLD အမတ် တဦးက ပြောသည်။
“တပ်မတော်ဘက်ကတော့ သိပ်သဘောမကျဘူးဆိုတာ ခင်မင်တဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေက သိထားပါတယ်။ ဒါနဲ့ပတ် သက်လို့လည်း သူတို့ဘက်က တရားဝင် ဆွေးနွေးပြီး ပြန်လည် သုံးသပ်ဖို့ ပြောနိုင်တယ်ပေါ့။ ဒါပေမယ့်လည်း တကယ်တမ်း မဲခွဲရင်တော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ရှုံးမှာပဲ” ဟု NLD အမတ်တဦး က သုံးသပ်ပြောဆိုသည်။