ထိုင်းနိုင်ငံသို့ တရားဝင် (MOU) စနစ်ဖြင့် သွားရောက် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ၏ အခက်အခဲများကို ပို့ဆောင်ပေးသည့် အေဂျင်စီများ က တာဝန်ယူမှု အားနည်းကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း မြန်မာ အလုပ်သမားများ ဖမ်းဆီးခံရခြင်း၊ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်နေသော အလုပ်သမား အခွင့်အရေး ဆိုင်ရာ ပြဿနာ၊ အလုပ်လုပ်ခွင့် ပါမစ် ၂နှစ်မပြည့်ဘဲ ပြန်လည် ပို့ဆောင်ခြင်းများ နှင့် ပတ်သက် ပြီး ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ များက ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် သတင်းစာ ရှင်လင်းပွဲ ပြုလုပ်သည်။
“လတ်တလော အလုပ်သမားတွေကို ဖမ်းဆီးနေတဲ့ ပြဿနာက ကျနော်တို့ တခါမှ မကြုံဖူးဘူး။ ဖမ်းတာ နည်းနည်း စိတ်တယ်။ ပြီးတော့ MOU နဲ့ လာတဲ့ လုပ်သားတွေ လမ်းဘေးရောက် ထောင်ရောက်တဲ့ ပြဿနာ တွေကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် သိစေချင်ပါတယ်”ဟု မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေး ကော်မတီ (AAC) မဟာမိတ် အဖွဲ့ဝင် ဦးခိုင်ကြီးက ဧရာဝတီသို့ ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် ပတ်ပို့စ်ရှိသည့် ရွှေ့ပြောင်း အလုပ်သမားများကို လမ်းပေါ် တက်ဖမ်းနေမှုများ ပြုလုပ် နေကြောင်း၊ လုပ်ငန်းခွင်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများနှင့် အလုပ်ရှင်က နှင်ထုတ်သည့် အလုပ်သမားများ ကိစ္စကို လည်း နိုင်ငံတော် အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရန် ဦးခိုင်ကြီး က ပြောသည်။
“ဒီနေ့ ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲက ထောင်ကျနေတဲ့ လုပ်သား ၂၅ယောက် နဲ့ အလုပ်ရှင် မောင်းထုတ် ခံရတဲ့ အလုပ်သမား ၂၃ ဦး ကိစ္စပါ။ ပြီးတော့ လုပ်ငန်းခွင်မှာ ထိခိုက် သေဆုံးပြီး တာဝန်မယူတဲ့ အကြောင်းပါ။ ကုမ္ပဏီ ရ ခု ရှိပါတယ်”ဟု AAC မှ ဦးရဲမင်းကလည်း ပြောပြသည်။
MOU ဖြင့် ထိုင်းနို်င်ငံသို့ သွားရောက် လုပ်ကိုင်ပြီး အလုပ်လုပ်ခွင့် ပါမစ် မရှိသည့်အတွက် လတ်တလော အဖမ်းခံရသည့် အလုပ်သမား ၂၅ ဦး ဖြစ်ပြီး ထိုင်းအလုပ်ရှင်က စာရွက်စာတမ်း ပြုလုပ်ရာတွင် နှောင့်နှေးမှုကြောင့် ဖမ်းဆီးခံရခြင်း ဖြစ် ကြောင်း အလုပ်သမား အေဂျင်စီ တခုဖြစ်သော Moonbean Services မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်အိအိသာ က ဧရာဝတီသို့ ပြောသည်။
ဒေါ်အိအိသာ က “အလုပ်ရှင်မှာ တာဝန်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ အေဂျင်စီနဲ့ အလုပ်ရှင်တာဝန်ပါ။ ဒါပေမယ့် ကျမ ကတော့ ကျမနဲ့မဆိုင်သလို မလုပ်ပါဘူး။ သိတဲ့နေ့က စပြီး ဖြေရှင်းနေပါတယ်။ ကျမ တတ်နိုင်သမျှ လုပ်နေပါတယ်။ ထောင်အထိ သွားကြည့်ပါတယ်”ဟုလည်း ပြောဆိုသည်။
MOU နှင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်သည့် မြန်မာ အလုပ်သမားများ ၏ ကိစ္စကို စာချုပ် စာတမ်း ၂နှစ် အတွင်း ပို့ဆောင်ပေးသည့် အေဂျင်စီက တာဝန်ခံမှု တာဝန်ယူမှု ရှိရမည်ဖြစ်ကြောင်း၊ အလုပ်သမားများ အလုပ် ဖြုတ်ခြင်း၊ ထွက်ပြေးမှုများ ဖြစ်လျှင်လည်း နေရပ်ပြန်စရိတ် ကိုအေဂျင်စီက ထုတ်ပေးရမည် ဖြစ်ကြောင်း မြန်မာ ပြည် အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် (MOEAF) တွဲဖက် အတွင်းရေးမှူး (၁) ဦးကျော်ဇော က ဧရာဝတီသို့ပြောသည်။
“အလုပ်သမားတွေ သူသတ်မှတ်ထားတဲ့ရက် သူနေရပ်ပြန်မရောက်မချင်း အလုပ်သမားတွေရဲ့ ဆိုးကောင်း အားလုံး ပို့ဆောင်ပေးတဲ့ အေဂျင်စီမှာ တာဝန်ရှိပါတယ်။ လုပ်ငန်းခွင် အန္တရာယ် ဖြစ်ရင်လည်း အလုပ်သမား လျော်ကြေးအတွက် အေဂျင်စီ က လုပ်ငန်းရှင်တွေထံ တောင်းပေးရမယ်”ဟု ဦးကျော်ဇောက ပြောဆိုသည်။
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားများ ထောင်ချီ ၍ နေ့စဉ် ဖမ်းဆီးခံနေရကြောင်း၊ တချို့သည် နယ်စပ် မြို့များဖြစ်သည့် မြဝတီ၊ တာချီလိတ် မြို့များသို့ ပြန်လည် ပို့ဆောင် ခံရကြောင်း အလုပ်သမား ကူညီ ဆောင်ရွက်ရေး အဖွဲ့က ပြောသည်။
ထိုင်းနိုင်ငံ၌ MOU စနစ်ဖြင့် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာ တသန်းကျော်ရှိပြီး တရားဝင်၊ တရားမဝင် နေထိုင် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း ၃ သန်းကျော်ရှိကြောင်း သိရသည်။