ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ အနောက်မြို့ပတ်လမ်းရှိ ခမ်းရတနာ ပရဟိတ မူလတန်းလွန် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် ၇ တန်းကျောင်းသူအား သုံးကြိမ် တိုင်တိုင် အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင် ဘုန်းကြီးအား ပြစ်မှုထင်ရှားသဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့က ပြည်ခရိုင် တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။
ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃ ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့ရာ နောက်ဆုံးအကြိမ်တွင် အဆိုပါ ၇ တန်းကျောင်းသူ၏ ဆရာမက သိရှိပြီး ပြည်မြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ ခမ်းရတနာ ကျောင်းတိုက် ကျောင်းထိုင် ဦးဝါယမ (ခ) ခွန်မောင်လင်းအား လူဝတ်လဲ အမှုစစ်ဆေးပြီး အဓမ္မပြုကျင့်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ပြည်ခရိုင် ဒုတိယတရားသူကြီး ဦးမြတ်စံက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် အနှစ် ၂၀နှင့် ပုဒ်မ ၂၉၅ သာသာနာ ညှိုးနွမ်းစေမှုအရ ထောင်ဒဏ် ၂ နှစ်၊ ၎င်း ပြစ်ဒဏ် ၂ ရပ်ပေါင်း၍ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ပထမ သတင်းပေးတိုင်ကြားတာ ကလေးရဲ့ ဆရာမ ဒေါ်မော်မော်ဝင်း၊ သူကိုယ်တိုင်ပဲ အမှုဖွင့်ပြီး တရားလို လုပ်ခဲ့တာ၊ အမှုကို စတင်ကြားနာ စစ်ဆေးတာကတော့ ၁၃ ရက် ၁ လ ၂၀၁၅ မှာ စစစ်တာ အခုဆို ၂ နှစ်ပြည့်ပြီ။ ကလေးမက ပအို့တိုင်းရင်းသူ၊ ၂၀၁၄ ခုနှစ် ၉ လပိုင်းမှာ ပထမဆုံး ပြုကျင့်ခံရတယ်။ ဒုတိယ အကြိမ်ကတော့ ၁၁ လပိုင်း၊ အဲဒီအကြိမ်ကတော့ ကြံစည်တဲ့အဆင့်ပဲ ဖြစ်သွားတယ်။ ပြစ်မှု မမြောက်လိုက်ဘူး။ နောက်ဆုံးအကြိမ်နဲ့ တတိယ အကြိမ်ကတော့ ၇ ရက် ၁၂ လ ၂၀၁၄ ပါ” ဟု တရားလိုရှေ့နေ ဒေါ်အေးသန္တာက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်အေးန္တာက ဆက်လက်၍ “ကိုးကွယ်နေတဲ့ ဘာသာသာသနာကိုလည်း ညှိုးနွမ်းစေတယ်။ စော်ကားဖို့ တမင်တကာ ပြုလုပ်တာလို့ပဲ ကျနော်တို့ကတော့ မှတ်ယူတယ်။ တရားရုံးကလည်း မှတ်ယူတယ်။ အဲဒါကြောင့် ဒီလိုမျိုး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်တဲ့အပေါ်မှာ အမြင့်ဆုံး အပြစ်ဒဏ်ဖြစ်တဲ့အတွက် ကျေလည်း ကျေနပ်တယ်။ တရားမျှတတယ်လို့လည်း ထင်တယ်” ဟု ဆိုသည်။
အဆိုပါ ခမ်းရတနာ ပရဟိတ မူလတန်းလွန် ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ ၂၀၀၀ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး အဋ္ဌမတန်းအဆင့်အထိ ဖွင့်လှစ်ထားကာ ကျောင်းသူကျောင်းသား ၂၀၀ ကျော် ပညာသင်ကြားနေကြောင်း၊ ရှင်သာမဏေ ၃၃ ပါးနှင့် မိန်းကလေး ၄၀ ခန့်မှာ ကျောင်းအိပ်ကျောင်းစားဖြင့် ပညာသင် ကြားနေပြီး အများစုမှာ ရှမ်းပြည်နယ်မှ ပအို့တိုင်းရင်းသားများနှင့် ပလောင် တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။