သတင်း

ဝါးခယ်မမြို့နယ်တွင် ၇ တန်းနှင့် ၉ တန်းကျောင်းသူ ညီအစ်မ ၂ ဦး ကြိုးဆွဲချသေဆုံး

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ၊ ရွာမရပ်ကွက်တွင် နေထိုင်သည့် ၇ တန်းနှင့် ၉ တန်း ကျောင်းသူ ညီအစ်မ ၂ ဦးမှာ နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေလောင်းကျေးရွာ အထက်တန်းကျောင်းမှ အသက် ၁၇ နှစ်အရွယ် ၉ တန်းကျောင်းသူ မတင်တင်ခိုင်နှင့် ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၆ နှစ်အရွယ် ၇ တန်းကျောင်းသူ မယဉ်နွယ်ထွန်း၊ အသက် ၇ နှစ်အရွယ် မချစ်စုဝေတို့မှာ ရွာမ ရပ်ကွက်နေအိမ်တွင် နေထိုင်ကြကြောင်း၊ အုပ်ထိန်းသူများ ဖြစ်သည့် အဘိုးနှင့် အဘွားဖြစ်သူတို့မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာ မြို့နယ်သို့ အလုပ်သွားနေသည့် အချိန်တွင် မတင်တင်ခိုင်နှင့် မယဉ်နွယ်ထွန်း တို့မှာ နေအိမ် ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ် ရဲစခန်းက ပြောသည်။

“ကလေး ၃ ယောက်က အဖေအမေနဲ့ အတူမနေကြဘူး။ အဘိုးနဲ့ အဘွားဆီမှာ နေကြတာပေါ့။ အဘိုး အဘွားတွေ ကလည်း လှိုင်သာယာမှာသွားပြီး အလုပ်လုပ်နေကြပြီး ကလေး ၃ ယောက်ပဲ အိမ်မှာ ထားခဲ့တာ။ မနေ့က မနက်ပိုင်းမှာပဲ အကြီး ၂ ယောက်က ဆွဲကြိုးချ သွားတယ်။ အဲဒီအချိန်မှာ အငယ်လေးကတော့ အိပ်ပျော်နေတယ်” ဟု ရွှေလောင်းတိုက်နယ် ရဲစခန်းမှူး ရဲအုပ် ဌေးဝင်းက ဧရာဝတီကို ပြောသည်။

အိမ်နီးချင်း ကလေးငယ်တဦးက အခင်းဖြစ်နေအိမ်တွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ် မချစ်စုဝေအား
ဆော့ကစားရန် အတွက် ယမန်နေ့ မနက်ပိုင်းက သွားရောက်ခေါ်ဆောင်စဉ် ခေါ်မရသဖြင့် ဦးလေးဖြစ်သူအား ပြောပြရာ အိမ်နီးချင်းဖြစ်သူ ဦးချစ်စန်းမောင်မှ အိမ်ထဲသို့ ဝင်ကြည့်ချိန်တွင် ကြိုးဆွဲချသေဆုံးနေသည့် ကျောင်းသူများကို တွေ့ရခြင်းဖြစ်ကြောင်း ရွှေလောင်းဒေသခံများက ပြောသည်။

သေဆုံးသူ မိန်းကလေးငယ် ၂ ဦးကို ရွှေလောင်းတိုက်နယ် ဆေးရုံတွင် ရင်ခွဲစစ်ဆေးရာ ကြိုးဆွဲချသည့် ဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်ပြီး တခြားဒဏ်ရာများ မတွေ့ရှိကြောင်း ရွှေလောင်းရဲစခန်းက ပြောသည်။

“ကျနော်တို့ သုံးသပ်တာကတော့ ဒီကလေးတွေက မိဝေး၊ ဖဝေးနဲ့ အထီးကျန်နေရတယ်။ ပြီးတော့ စီးပွားရေး၊ စားဝတ် နေရေးက အဆင်ပြေမှုမရှိတော့ စိတ်ညစ်ပြီး သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားတယ်လို့ ယူဆပါတယ်” ဟု စခန်းမှူး ရဲအုပ် ဌေးဝင်းက ပြောသည်။

ကျောင်းသူ ၂ ဦး အတွက် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်နှင့် ဝါးခယ်မမြို့နယ် ပညာရေးဌာန တာဝန်ရှိသူများက ရွှေလောင်း ရွာသို့ လာရောက်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့ခံလူမှုရေးအဖွဲ့များကလည်း နာရေးအတွက် ဝိုင်းဝန်းကူညီပေးကြောင်း သိရသည်။

သေဆုံးသူများအတွက် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိရန်အတွက် ရွှေလောင်းစခန်းမှူး ရဲအုပ်ဌေးဝင်းက တရားလိုပြုလုပ်၍ ရွှေလောင်းနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Loading