သတင်း

စစ်ကိုင်း အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေ စာရင်း မစစ်ရသေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ဟောင်း၏ ရန်ပုံငွေကိစ္စကို တိုင်းအစိုးရသစ်အနေဖြင့် မကိုင်တွယ်ရသေးဘဲ စာရင်း အကြမ်းဖျဉ်းမှာ ကျပ်သန်း ၉၀၀ ခန့် ရှိသည်ဟု သိထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

“စာရင်းကို ကြည့်လိုက်ရင်တော့ ကျပ်သန်း ၉၀၀ လောက် ရှိနေတယ်။ ဒါကလည်း အတည်ပြုရဦးမှာ။ ဒီစာရင်းက သဘာဝ ဘေးအန္တရာယ်မှာ သုံးတာတွေကို မနုတ်ရသေးဘူး။ စာရင်းချုပ် မဟုတ်သေးပါဘူး။ ဒီစာရင်းကို အကြမ်းဖျဉ်းပဲ ကြည့်ထားတာ ပြန်တောင် မစစ်ရသေးဘူး။ လိုအပ်ရင်တော့ ပြန်အပ်ခိုင်းရမှာပေါ့” ဟု ဦးမြင့်ကြည်က ဧရာဝတီသို့ ပြောသည်။

ယခင်အစိုးရ အဖွဲ့ဟောင်းက ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်ရန် ရန်ပုံငွေများ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရသစ်ကာလတွင် ကျပ်သန်း ၉၀၀ ကို ဘဏ်စာရင်းဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း၊ စာရင်း အတိအကျ မစစ်ဆေး ရသော် လည်း အခြားတိုင်းဒေသကြီးများကဲ့သို့ မဟုတ်ကြောင်း စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ဧရာဝတီသို့ အတည်ပြုသည်။

“သတင်းစာတခုက နားလည်မှု လွဲပြီး မှားရေးတာပါ။ ဒီမှာက ပြန်အပ်ပါတယ်။ လွှဲခဲ့ပါတယ်။ အကုန်တော့ မစစ်ရသေးဘူး။ ကိုယ်နဲ့ဆိုင်တာပဲ လုပ်ရသေးတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD အစိုးရသစ်သို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း က သန်း ၇၀၀၀ ကျော် စာရင်းရှင်းလင်းရန် စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက အစိုးရသစ်သို့ ငွေများ ပြန်လည်ပေးသွင်းခဲ့သည်။ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဟောင်းက အစိုးရအဖွဲ့သစ်သို့ စာရင်းရှင်းလင်းရန် ငွေကျပ် ၅ ဘီလီယံ ကျော် ရှိနေပြီး အဆိုပါ ငွေများအားလုံးကို ဖောင်ဒေးရှင်း တခုသို့ လှူဒါန်းထားသည်ဟု အကြောင်းပြချက် ပေးထားသည်။

Loading