ကုလသမဂ္ဂ ကူညီထောက်ပံ့ရေး အစုအဖွဲ့အကြီးအကဲ၊ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ခေါင်းဆောင် မစ္စတာ မာတင် ဂရစ်ဖစ်သ်က မြန်မာပြည်က စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တခြား စစ်အရာရှိတွေနဲ့ လာတွေ့သွားပါသတဲ့။ ရခိုင်ပြည်နယ်ကိုလည်း ခဏ သွားကြည့်ဖို့ အစီအစဉ်လည်း ပါပါတယ်။
ဒီလို နိုင်ငံတကာအသိုင်းအဝိုင်းက ရာထူးကြီးတဲ့ပုဂ္ဂိုလ်တွေ လာပြီဆိုရင် စစ်အာဏာရှင်တွေဟာ ဝါဒဖြန့်ချိရေးယန္တရား တခုလုံးကို သုံးပြီး ကောင်းကောင်း အသုံးချတော့တာပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော ပြည်တွင်းက လူတွေကိုရော ဦးတည်တဲ့ ဝါဒဖြန့်ချိရေး လှိုင်းလုံးတွေကို လှိမ့်ထုတ်ပါတော့တယ်။
“ဒီလိုသတင်းတွေကသာ အမှန်အကန် အဖြစ်အပျက်တွေပါ”၊ “မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေဟာ တိုးတက်နေပါပြီ”၊ “၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ တာဝန်ကို တပ်မတော်က ယူထားရပါတယ်” ဆိုတာမျိုးတွေကို ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ပလက်ဖောင်း အသီးသီးကနေ လျှံထွက်နေအောင် ပြောဆိုနေကြဦးမှာပါ။
မစ္စတာ မာတင် ဂရစ်ဖစ်သ်ရဲ့ ခရီးစဉ်နောက်ကွယ်က လှုပ်ရှားမှုတွေကို သိနိုင်ဖို့အတွက်ဆိုရင် စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ အောက်ပါ သတင်းထုတ်ပြန်မှုကို ကြည့်ရမှာ ဖြစ်ပါတယ်။
“အစည်းအဝေးတွင် မိုခါမုန်တိုင်းဒဏ်ကို ခံစားခဲ့ရသူများကို သက်သာချောင်ချိရေး ထောက်ပံ့ပေးရေး လက်ရှိ အခြေအနေများကို ဆွေးနွေးခဲ့ကြ …၊ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများတွင် နှစ်ဖက်စလုံးက မြန်မာနိုင်ငံကို ချစ်ကြည်သော နိုင်ငံများက ပေးအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများအကြောင်းကို ဆွေးနွေးခဲ့ကြပြီး OCHA နှင့် လူကယ်ပြန်ဝန်ကြီးဌာနတို့ကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြ …၊ ရှေ့ဆက် ဆောင်ရွက်စရာများအတွက် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးကြရန် …၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ရာတွင် OCHA ဝန်ထမ်းများ ရင်ဆိုင်နေရသည့် ဗီဇာကိစ္စများကိုလည်း ဖြေရှင်းပေးရန်ပါဝင် …၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နေသည့် ကုလသမဂ္ဂ၏ မိတ်ဖက်အဖွဲ့အစည်းများ မြန်မာအစိုးရ ဝန်ကြီးဌာနများနှင့် နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံးပါက ဖြစ်လာနိုင်သည့် အခြေအနေများနှင့် နိုင်ငံတကာ NGO များအနေနှင့် နောက်ဆက်တွဲ ကြုံလာရနိုင်သည့်အခက်အခဲများ … အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။”
စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီးဌာနက ထုတ်တဲ့ အဲဒီသတင်းလွှာကို ကြည့်ရင် မာတင် ဂရစ်ဖစ်သ် ဆိုတဲ့ ကုလသမဂ္ဂ အဆင့်မြင့် ဘော့စ်တယောက် မြန်မာပြည်ကို ဘာ့ကြောင့် လာရသလဲဆိုတဲ့ ရည်ရွယ်ရင်းက ပေါ်လွင်နေပါတယ်။
စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီးဌာနက ထုတ်တဲ့ အဲဒီသတင်းလွှာကို ကြည့်ရင် မာတင် ဂရစ်ဖစ်သ် ဆိုတဲ့ ကုလသမဂ္ဂ အဆင့်မြင့် ဘော့စ်တယောက် မြန်မာပြည်ကို ဘာ့ကြောင့် လာရသလဲဆိုတဲ့ ရည်ရွယ်ရင်းက ပေါ်လွင်နေပါတယ်။ လက်ရှိ ကုလသမဂ္ဂ OCHA ရဲ့ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး မစ္စတာ ရာမာနာသန် ဘာလာခရစ်ရှနန်ဟာ သက်တမ်းကုန်ဆုံးပြီး မကြာခင် မြန်မာပြည်က ထွက်ခွာတော့မှာ ဖြစ်ပြီး သူ့နေရာကို ဆက်ခံဖို့ အစားထိုးရမယ့် နိုင်ငံခြားသားက လာရောက်ရတော့မှာ ဖြစ်ပါတယ်။
နောက်ထပ် ရောက်လာမယ့် လူသစ်တွေအတွက် ဗီဇာလိုပါတယ်။ OCHA အနေနဲ့လည်း မြန်မာနိုင်ငံထဲမှာ လုပ်ငန်းတွေ ဆက်လုပ်လို့ရအောင် သဘောတူညီမှု စာချွန်လွှာကို သက်တမ်းတိုးဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာ INGO တွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ မိတ်ဖက်တွေ အနေနဲ့ နားလည်မှုစာချွန်လွှာ ထိုးထားတဲ့ သက်တမ်းကုန်ဆုံးတော့မယ်ဆိုရင် အသစ်ပြန်ထိုးချင်တဲ့အခါမှာ စစ်အာဏာပိုင်တွေဘက်က လက်ခံဖို့ လိုပါတယ်။
စစ်တပ်ဘက်က ကြည့်မယ်ဆိုရင်တော့ ငွေညှစ်လို့ရတဲ့၊ အကျပ်ကိုင်လို့ရတဲ့ အခြေအနေတခုပါ။ နိုင်ငံထဲမှာ သန်းပေါင်းများစွာသော ပြည်သူတွေဟာ စစ်တပ်က ဖန်တီးတဲ့ အတိဒုက္ခတွေကို အကြီးအကျယ် ကြုံတွေ့နေရတဲ့ အချိန်၊ လူသားချင်းစာနာမှု အကူအညီကို အသည်းအသန် လိုအပ်နေတဲ့အချိန်မှာ ကုလသမဂ္ဂရဲ့ အထောက်အကူနဲ့ စစ်တပ်က အကျပ်ကိုင်ခွင့် ရနေတာဟာ အံ့မခန်းတဲ့ အလွဲအချော်ဖြစ်မှုပါ။
ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ NGO တွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ပြီး ဆက်လက် လုပ်ကိုင်ခွင့်ရဖို့ကို စစ်တပ်ကနေ နားလည်မှုစာချွန်လွှာတွေ၊ ထောက်ခံစာတွေ ၊ ဗီဇာတွေ ထုတ်ပေးဖို့ သေချာအောင် လာလုပ်နေကြရတယ်။ အဲဒီ လိုအပ်နေတာတွေကို ရမှပဲ သူတို့ဟာ အမေရိကန် အကူအညီပေးရေးအေဂျင်စီ USAID နဲ့ အခြား အလှူရှင်နိုင်ငံတွေကပေးတဲ့ ဒေါ်လာပုံကို လက်လှမ်းမီနိုင်မှာ ဖြစ်တယ်။
မျက်လုံးထဲပေါ်အောင် ပြောရရင်တော့ မြန်မာနိုင်ငံကို မနှစ်ကပေးတဲ့ အမေရိကန်ရဲ့ အလှူငွေ ဘတ်ဂျက်ဟာ ဒေါ်လာ ၁၃၆ သန်းရှိပါတယ်။ ဒါကို USAID ကနေတဆင့် ဖြန့်ဝေပေးတာက ၇၉ ဒသမ ၉ သန်းရှိပြီး အဲဒီအလှူငွေရဲ့ အစိတ်အပိုင်း အတော်များများဟာ ကုလသမဂ္ဂ အေဂျင်စီတွေကနေတဆင့် သွားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဒေါ်လာ သန်း ၅၀ ရခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က ဒေါ်လာ ၈ ဒသမ ၁၅ သန်း၊ OCHA က ၁ ဒသမ ၅ သန်းနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၄ သန်း ရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တွေဟာ ဒီဘတ်ဂျက်ကိစ္စတွေကို သိနေတော့ ကုလသမဂ္ဂ အေဂျင်စီတွေကို ကြောင်နဲ့ ကြွက်လိုမျိုး ကစားနေပါတယ်။ သူတို့တွေကို အကူအညီပေးရမယ့် နယ်မြေတွေကို ပေးမဝင်ဘူး။ ဗီဇာဖြတ်ချင်ရင် ဖြတ်ပစ်မယ်။ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ထိုးမပေးဘူး ဆိုတာမျိုး လုပ်မယ်။ ပြီးရင် နည်းနည်း အလျှော့ပေးတဲ့အခါ ပေးပြီး ကုလသမဂ္ဂ အေဂျင်စီတွေကို သူတို့လိုချင်သလို ဝင်ကစားပေးလို့ ရရုံလောက် လွှတ်ပေးမယ်။
မစ္စတာ မာတင် ဂရစ်ဖစ်သ်ရဲ့ မြန်မာပြည်ခရီးစဉ်အပြီးမှာ ထွက်လာတဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင်လည်း ကုလသမဂ္ဂ အေဂျင်စီတွေအတွက် ရန်ပုံငွေရှာဖို့က ဒီခရီးစဉ်ရဲ့ အဓိက အကြောင်းရင်းတခု ဆိုတာကို တွေ့နေရပါတယ်။ ဘာမှ လုပ်မရ ကိုင်မရတဲ့ လပေါင်းများစွာ အပြီးမှာ ကုလသမဂ္ဂ အေဂျင်စီတွေ အလုပ်လုပ်ပါတယ် ဆိုတာမျိုး ပြဖို့ လိုနေပါတယ်။ သူတို့ ညှိနှိုင်းလိုက်လို့ အဆင်ပြေသွားတယ် ဆိုတဲ့ အောင်မြင်မှု ခြေလှမ်းတခုခုကို ပြဖို့ လိုနေတယ်။ ဒီတော့မှပဲ လာမယ့်နှစ်အတွက် ရန်ပုံငွေ ရစရာအကြောင်းရှိမှာကိုး။
ကုလသမဂ္ဂ အေဂျင်စီတွေဟာ ဘယ်နေရာမှာတော့ အကူအညီတွေ လိုနေပါပြီ ဆိုတာမျိုးနဲ့ မားကတ်တင်း ဆင်းတဲ့နေရာမှာ သိပ်တော်ကြပါတယ်။ ရခိုင်မှာ အသည်းအသန် အကူအညီတွေ လိုအပ်နေပါတယ် ဆိုတာမျိုးတွေ မီဒီယာမှာ ပါလာအောင် လုပ်ကြပါလိမ့်ဦးမယ်။
မစ္စတာ ဂရစ်ဖစ်သ်ရဲ့ ရခိုင်ခရီးစဉ်ကလည်း အဲဒီလိုရည်ရွယ်ချက်အတွက် အသုံးကျပါလိမ့်မယ်။ ပြီးရင် မီဒီယာကိုပဲသုံးပြီး ဂရစ်ဖစ်သ်ရဲ့ ခရီးစဉ်ဟာ အကန့်အသတ်ဖြစ်နေတဲ့ အကူအညီပေးရေး လုပ်ငန်းကို ချဲ့ထွင်ရာမှာ ဘယ်လောက် အရေးပါခဲ့တယ် ဆိုတာမျိုး သတင်းဖြန့်ကြပါလိမ့်ဦးမယ်။
ရာထူးသက်တမ်း ကုန်ဆုံးတော့မယ့် မစ္စတာ ရာမာနဲ့ တခြားရာထူးတွေမှာ အစားထိုး ဝင်ရောက်လာမယ့် ကုလသမဂ္ဂက စီနီယာဝန်ထမ်းအချို့ကို စစ်ကောင်စီဘက်က ဗီဇာထုတ်ပေးလိမ့်မယ်။ ဒါ့ကြောင့် မြန်မာပြည်တွင်းထဲမှာ ကုလသမဂ္ဂ စီနီယာဝန်ထမ်းတချို့ နေလို့ရပါလိမ့်မယ်။ ဒါကိုပြပြီး အောင်အောင်မြင်မြင် ညှိနှိုင်းလို့ ရနေပြီမို့ အလှူရှင်အစိုးရတွေက ရှေ့နှစ်အတွက် အလှူငွေ ထည့်ကြပါဆိုတာမျိုး ကုလသမဂ္ဂ အေဂျင်စီတွေက လုပ်ပါလိမ့်မယ်။
အဲဒီလို အောင်အောင်မြင်မြင် ညှိုနှိုင်းကျော်လွှားနိုင်ခဲ့တယ် ဆိုတာရဲ့ နောက်မှာ သူတို့ ထုတ်မပြချင်တဲ့ ဇာတ်ကြောင်းကတော့ အဲဒီအကူအညီတွေဟာ စစ်ကိုင်းတို့၊ မကွေးတို့၊ ကရင်နီတို့၊ ချင်းတို့နဲ့ အရင်းအမြစ်တွေ ဖြတ်တောက်တဲ့နည်းနဲ့ တော်လှန်ရေးပြိုဖို့ စစ်တပ်က ရည်ရွယ်ဖျက်ဆီးနေတဲ့ နေရာတွေကို ရောက်မှာမဟုတ်ဘူး ဆိုတာပါပဲ။
အဲဒီလို အောင်အောင်မြင်မြင် ညှိုနှိုင်းကျော်လွှားနိုင်ခဲ့တယ် ဆိုတာရဲ့ နောက်မှာ သူတို့ ထုတ်မပြချင်တဲ့ ဇာတ်ကြောင်းကတော့ အဲဒီအကူအညီတွေဟာ စစ်ကိုင်းတို့၊ မကွေးတို့၊ ကရင်နီတို့၊ ချင်းတို့နဲ့ အရင်းအမြစ်တွေ ဖြတ်တောက်တဲ့နည်းနဲ့ တော်လှန်ရေးပြိုဖို့ စစ်တပ်က ရည်ရွယ်ဖျက်ဆီးနေတဲ့ နေရာတွေကို ရောက်မှာမဟုတ်ဘူး ဆိုတာပါပဲ။
ရခိုင်ပြည်နယ်နဲ့ တခြား မိုခါမုန်တိုင်းဒဏ် ခံစားရသူတွေအတွက် မစ္စတာ ဂရစ်ဖစ်သ်ရဲ့ အလည်အပတ် လာရောက်မှုကို ကြိုဆိုစရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ အကူအညီရန်ပုံငွေတွေဟာ စစ်တပ်ရဲ့ လမ်းကြောင်းတွေကနေ သွားနေတဲ့ တပြိုင်တည်းမှာ NUG နဲ့ လူမျိုးစုလက်နက်ကိုင် နယ်မြေတွေက ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေဆီ ဆတူသွားဖို့လည်း အလေးအနက် လုပ်သင့်နေပါပြီ။ (စစ်တပ်ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်မှ အလုပ်ဖြစ်တဲ့) စကစနဲ့ နားလည်မှုစာချွန်လွှာ ထိုးထားတာ မရှိတဲ့ ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပရဟိတလုပ်ငန်းတွေကနေ တဆင့် ဒီအကူအညီတွေကို စပြီးလုပ်ဖို့ လိုအပ်နေပါပြီ။
အဲဒီလိုမှ မဟုတ်ရင်တော့ ကုလသမဂ္ဂ အေဂျင်စီတွေဟာ (အကန့်အသတ်နဲ့ လုပ်ခွင့်ရတဲ့ ရခိုင်ဘက်ကို လက်ညှိုးထိုးပြပြီး) တခြားဒေသတွေ အတွက်လည်း စကစကို ဆက်ပြီး စည်းရုံးဖို့ လိုတယ်ဆိုတဲ့ ဆင်ခြေကို ပေးကြပါလိမ့်မယ်။ တခြားဒေသတွေအတွက် ခွင့်ပြုချက်က ရဖို့မရှိပါဘူး။
ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အလှူရှင်အကြီးစားတွေဟာ နှစ်လမ်းသွားကူညီတဲ့နည်း (စကစ မဟုတ်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG, တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ERO, အရက်ဖက် အဖွဲ့အစည်း CSO လမ်းကြောင်းများမှလည်း ထောက်ပံ့တဲ့နည်း) နဲ့ အမှန်တကယ် ဘက်မလိုက်ဘဲ ရပ်တည်လို့ရပါတယ်။ အဲဒီလို မလုပ်နိုင်ရင်တော့ (၁) သူတို့အကူအညီတွေဟာ လိုအပ်နေတဲ့ လူတွေ အများကြီးဆီကို ရောက်မှာ မဟုတ်ပါဘူး။ (၂) ထောက်ပံ့ကူညီရေးအလုပ်ကို အပေးအယူ ကစားကွက်နဲ့ ကိုယ်ကျိုးစီးပွားဖြစ်အောင် လုပ်လို့ရတဲ့ လက်နက်လို စစ်တပ်က ဆက်သုံးနေဦးမှာပဲ။
အကူအညီ အသည်းအသန် လိုအပ်နေတဲ့ ပြည်သူတွေအားလုံးကို ထောက်ပံ့ပေးခွင့်ရအောင် စစ်တပ်နဲ့ ညှိနှိုင်းရမယ်ဆိုတဲ့ စိတ်ကူးဟာ အတော်လွဲတဲ့ အမြင်မှားပါ။ အချက်အလက် ချွတ်ယွင်းလို့ဖြစ်တဲ့ အမြင်မှား မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ အမြင်မှားပါ။ စစ်တပ်ရဲ့ လုပ်ရပ်တွေကို တွေ့ကြုံခဲ့ရသမျှမှာလည်း ဒီအချက်ကို မြင်သာပါတယ်။
တဘက်မှာလည်း NUG, ERO နဲ့ သက်ဆိုင်ရာပြည်သူတွေ၊ CSO တွေဟာ “တော်လှန်ရင်းကူညီ၊ ကူညီတဲ့နည်းနဲ့ တော်လှန်” အလုပ်တွေကို အံ့မခန်း လုပ်နေကြပါတယ်။ သူတို့တွေဆီကို ကုလသမဂ္ဂ အေဂျင်စီတွေဆီကနေ ဘာအထောက်အပံ့မှ မရောက်သလောက်ပါပဲ။
စစ်တပ်ဟာ လူသားချင်းစာနာမှု အကူအညီကိစ္စကို ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်တဲ့အပြင် သူ့ရဲ့ ရပ်တည်မှုအတွက်လည်း လက်နက်သဖွယ် အသုံးပြုနေပါတယ်။ ဒီအခြေအနေတွေကို ဖြစ်စေတဲ့ ကြံရာပါက ကုလသမဂ္ဂအေဂျင်စီတွေပါ။ မစ္စတာ မာတင် ဂရစ်ဖစ်သ်ရဲ့ ခရီးဟာ အဲဒီလို (စကစနဲ့ ကြံရာပါ လုပ်နေတဲ့ ကုလအေဂျင်စီတွေရဲ့) လမ်းကြောင်း ပလက်ဖောင်းထဲကနေ နည်းနည်းပါးပါးတောင် ကျော်သွားတာ မရှိပါဘူး။ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ မြန်မာပြည်သူတွေကလည်း ဒါကို သဘောပေါက်ကြပါတယ်။
ဘယ်လို ဟန်ပြတွေပဲ ဖန်တီးဖန်တီး စစ်တပ်ဟာ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေအပေါ် နိုင်ငံရေး အမြတ်ထုတ်ဖို့၊ အကူအညီတွေကိုလည်း သူတို့ရောက်စေချင်တဲ့ နေရာတွေကိုပဲ ရောက်ဖို့ လုပ်နေကြတာဆိုတဲ့ ရှုထောင့်ကနေ ပြည်သူတွေက တွေးပါတယ်။
ဘယ်လို ဟန်ပြတွေပဲ ဖန်တီးဖန်တီး စစ်တပ်ဟာ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေအပေါ် နိုင်ငံရေး အမြတ်ထုတ်ဖို့၊ အကူအညီတွေကိုလည်း သူတို့ရောက်စေချင်တဲ့ နေရာတွေကိုပဲ ရောက်ဖို့ လုပ်နေကြတာဆိုတဲ့ ရှုထောင့်ကနေ ပြည်သူတွေက တွေးပါတယ်။ စစ်တပ်ဟာ ရက်စက်မှုတွေ ကျူးလွန်နေတဲ့၊ စားဝတ်နေရေး ဘေးဒုက္ခအခြေအနေတွေနဲ့ ပြည်သူတွေ ကြုံနေရအောင် လုပ်နေတဲ့နေရာတွေမှာ အကူအညီအထောက်အပံ့ ပေးမရအောင် ပိတ်ဆို့ထားတာလည်း သိကြပါတယ်။
မစ္စတာ မာတင်ဂရစ်ဖစ်သ်နဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကတော့ နေရာအားလုံးကို ကူညီနေတာပဲလို့ ပြောကြမှာပါ။ ဒါပေမယ့် ဒီလို အပြောအဆိုတွေဟာ တကယ့် မြေပြင်အခြေအနေ မဟုတ်နေဘူးလို့ ရှင်းရှင်းပြောရပါမယ်။ တဖက်စောင်းနင်း စစ်တပ်ဘက်က ပေးစေချင်တဲ့ နေရာတွေဆီကိုသာ ပိုပိုသာသာ ရောက်နေတယ်ဆိုတာကိုလည်း ထောက်ပြကြရပါမယ်။
အခြားနည်း ရွေးစရာတွေ ရှိပါတယ်။ ဘက်မလိုက်ဘူးဆိုရင် ဘက်မလိုက်ကြောင်း တကယ်ပြဖို့ လိုပါတယ်။ စစ်ကောင်စီရဲ့ လက်ခုပ်ထဲကရေလို အကျပ်ကိုင်တာ ခံနေဖို့ မလိုပါဘူး။ တဖက်သတ် ဖြစ်တာကိုရပ်ပြီး နှစ်လမ်း ပေါက်အောင်လုပ်ဖို့ လိုပါတယ်။ နှစ်လမ်းသွားမယ်လို့ ရှင်းရှင်းပြောပြီး ထင်သာမြင်သာလုပ်ရပါမယ်။
နှစ်လမ်းသွားဆိုရင် အကူအညီရန်ပုံငွေတွေထဲက တချို့တဝက် (သုံးပုံတပုံလောက် ဖြစ်မယ်) ကို စစ်ကောင်စီနဲ့ သဘောတူညီမှု စာချွန်လွှာထိုးပြီး အလုပ်လုပ်နိုင်တဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ INGOတွေ၊ ဒေသခံ CSO တွေကနေ တဆင့် စစ်ကောင်စီထိန်းချုပ် ဒေသခံပြည်သူတွေအတွက် ပေးလို့ရပါတယ်။ နောက်ကျန်တဲ့ သုံးပုံနှစ်ပုံကိုတော့ ဒေသခံ CSO အစစ်အမှန်တွေ၊ NUG, EAOs တွေနဲ့ ဆက်စပ်တဲ့ ပြည်သူကြားထဲက ဖြစ်တည်လာတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဆီကို ရောက်အောင်ပေးဖို့ တိုက်တွန်းပါတယ်။ အဲဒီနည်းနဲ့သာလျှင် တကယ် အကူအညီ လိုအပ်နေတဲ့ ပြည်သူအများစုကြီးဆီကို ရောက်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့သာ ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ သုံးပုံထဲမှာ တပုံစာကိုပဲ ရွေးအလုပ်လုပ်နေကြမယ် ဆိုရင်တော့ ကျန်လိုအပ်နေတဲ့ သုံးပုံ နှစ်ပုံသော လူထုကြီးဟာ နိုင်ငံတကာအကူအညီ လက်မဲ့ဖြစ်ပြီး ဆင်းရဲနာကျင်မှု နောက်ထပ် တနှစ်ထပ်ကြုံရတာပဲ ရှိပါမယ်။
စစ်တပ်က ခွင့်ပြုတဲ့နေရာချည်းပဲ မဟုတ်ဘဲ လိုအပ်နေတဲ့ နေရာတိုင်းကို ရောက်နိုင်ဖို့ဆိုရင် ခွဲဝေမှု အချိုးအစားဟာ အရေးကြီးပါတယ်။ ရှင်းလင်းမြင်သာဖို့လည်း အရေးကြီးပါတယ်။ အကူအညီချည်းပဲ အရေးကြီးတာ မဟုတ်ပါဘူး။ အကူအညီကိစ္စကို သုံးပြီး လူသိများအောင် လုပ်ကြတာကလည်း အရေးကြီးပါတယ်။
စစ်တပ်ဟာ နိုင်ငံတကာအကူအညီနဲ့ မစ္စတာ ဂရစ်ဖစ်သ်ရဲ့ ခရီးကို ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်အတွက် တွင်တွင်သုံးကြပါလိမ့်မယ်။
ဒါကြောင့်မို့လို့ နှစ်ဖက်စလုံးကိုပေးပြီး နှစ်ဖက်စလုံးကို ပေးနေတဲ့အကြောင်းကိုလည်း အများသူငါ နိုင်ငံတကာက ရှင်းရှင်းသိဖို့ (လူသိများဖို့) လိုအပ်နေပါပြီ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Unpacking the UN Humanitarian Aid Chief’s Visit to Myanmar ကို ဘာသာပြန်သည်။ )
You may also like these stories:
မြန်မာတွင် ကုလသမဂ္ဂ ကျဆုံးမှု သမိုင်းအကျဉ်း
စစ်ကောင်စီနဲ့ ဆက်လက်အကျိုးဖြစ်ထွန်းနေတဲ့ IOM
မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ
ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ