(ဂရိခေတ် စာကြည့်တိုက်)
(၁)
အလင်းရောင်သည် ထွန်းပါစေသတည်း…
ဓမ္မဟောင်းကျမ်း
ပစ္စုပ္ပန်သည် အတိတ်၏ သားမြေးသာတည်း။
သည်စကားသည် လူသူတတွေ အသုံးများသဖြင့် ရိုး၍ နေပေသည်။ အဆက်အသွယ်ကို လေးလေးပင်ပင် မစဉ်းစားဘဲ အသုံးများသဖြင့် ပေါ့တန်တန်လည်း ဖြစ်နေပေသည်။ အို…တချို့ကလည်း အတိတ်ကိုပင် ပြက်ရယ်ပြုချင်ဟန် တူပါသည်။ အတိတ်နှင့် ပစ္စုပ္ပန်၏ အလျင်ဆက်မှုကို မသိကျိုးကျွန် ပြုကြပါသည်။
တဆယ့်ကိုးရာစုနှစ် နောက်ပိုင်း၊ ဥရောပ သားတို့သည် ရေနွေးငွေ့ကလေးက အစ၊ ကမ္ဘာ့ ဒေသန္တရ အကြားအမြင် ကလေး အစ ဆိုသလို အောင်မြင်မှု အနည်းအကျဉ်း ရခဲ့သည်တွင် သူတို့ခေတ်သည် တိုးတက်ခြင်း၏ “အဆုံး မန္တိမ” ဟု သဘော ရောက်ခဲ့ကြပေသည်။
သူတို့အစွမ်းကို အယုံကြီးယုံ၍ ရှေးအတိတ်ကို ကျောခိုင်းခဲ့ကြပေသည်။ အမှန်ဆိုသော် ဟိုရှေး လူကြီးသူကြီးများသည် ခုခေတ်၏ ခဲရာခက်ဆစ်မျိုးထက် အဆ အရာ အထောင် ကြီးသော အယူမှား၊ ဝါဒမှား။ ဖိစီးနှိပ်စက်မှုတွေ အကြားမှ တခုတည်းသော တရားအမှန်၊ တခုတည်းသော တရားအမှန်သို့ ပေါင်းစုသော ပညာ လက်တက်တွေကို မနေမနား ရှာဖွေ ခဲ့ကြသည်။
သည်လို အတိတ်ကို ပယ်၍ ပစ္စုပ္ပန်ကိုသာ ထောမနာနေခဲ့ပါသော် ကမ္ဘာစောင့် နတ်မင်း၏ ရယ်မော ဖွယ်ရာသာ ဖြစ်လိမ့်မည်။
ထို့ကြောင့် ကျနော်သည် အတိတ်ဆောင်ရ လိမ့်မည်။ အတိတ်ဆောင်မည် ဆိုသော်လည်း ကိုယ့်စခန်း၊ ကိုယ့်လမ်းနှင့် လျော်ရာ ရှေးအတိတ် ပြတိုက်၊ စာကြည့်တိုက်ရေးရာကို ပြန်ပြောင်း ပြောလိုပေသည်။
အထူးသဖြင့် ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က အကျော်တစော ဖြစ်ခဲ့သော အယ်လက်ဇန္ဒရီးယား မြို့ ပြတိုက်၊ စာကြည့်တိုက် လုပ်ငန်းဆောင်တာကို ပြန်ပြောင်း ပြောလိုပေသည်။
အယ်လက်ဇန္ဒရီးယားသည် ကင်းဝန် မင်းကြီး အခေါ် “နိုင်ငံ အီဂျစ်” တွင် ရှိသည် မှန်ပါ၏။ သို့ရာတွင် ခေါမ စစ်ဘုရင် အယ်လက်ဇန်းဒါးက အီဂျစ်တိုင်းသားတို့ အပေါ် စစ်ပြု နိုင်နင်း၍ သူ့အမည် ပေး၍ ပြုစု ပျိုးထောင်ခဲ့ရပေသည်။
သည့်နောက် တော်လယ်မီ နန်းဆက်က ဆပ်လက် အမွမ်းအမံ ပြုပြန်ပေသည်။ သူတို့၏ အားပေးမှုကြောင့် ဝိဇ္ဖာ၊ သိပ္ပံ ပညာရပ်များ ထွန်းကားလာတော့ရာ ရှေးခေတ် အနီးအပါး နိုင်ငံများမှ ပညာလိုလားသူတို့ စုဝေးရာ ဖြစ်လာခဲ့လေသည်။
ဤတွင် ဟိုရှေး အီဂျစ် တိုင်းသားတို့နှင့် ခေါမ တို့၏ ကွဲပြားမှုကို သတိထားမိပါစ။ အီဂျစ် တိုင်းသားတို့သည် ရှေးဟောင်း အယူဝါဒတွေ အောက်တွင် နစ်မွန်းကာ ဘုန်းကြီးတွေ၏ ဂါထာ မန္တရားကို အမေးအမြန်း မရှိဘဲ နှုတ်ကပတ်တော် ကဲ့သို့ ခံယူကြပေသည်။
ကွယ်လွန်သူ၏ ဝိညာဉ် ပြန်ဝင်လာနိုင်ရန် အတွက် ဆေးစိမ် ပြုပြင်ထားသော အလောင်းကောင်များ၊ တိရစ္ဆာန်ကို ကိုးကွယ်မှု စသည်တို့သည်ပင် သူတို့၏ အယုံအကြည်ကို သက်သေ ထူနေသည် မဟုတ်ပါလား။
ခေါမ တို့မှာမူ သူတို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်လျက် “ဘာမဆို စစ်ဆေးကြည့်ရမယ်၊ စေဒက တက်ကြည့်ရမယ်၊ လွတ်လပ်စွာ တွေးခေါ်မှုအတွက် အတားအဆီး ဆိုတာ မရှိစေနဲ့” ဟု ပြောလေသည်။ ပြောသည့် အတိုင်းလည်း လုပ်လေသည်။ သူတို့၏ ဇာတိချက်ကြွေ အေသင်မြို့ ယဉ်ကျေးမှုကို အပထားပါတော့။
ခု အီဂျစ်ပြည်တွင်း အယ်လက်ဇန္ဒရီးယားကို မြို့ကွက်ချကာ ကျန်းမာရေးနှင့် ညီညွတ်အောင် ရေ၊ မီး၊ လမ်း၊ အဆောက်အဦ တို့ကို စတင်၍ စနစ်တကျ လုပ်လေသည်။
ဖြောင့်ဖြူးသော လမ်း၊ နေရိပ်ခိုရန် သစ်ပင်တန်းများ၊ ပန်းခြံ၊ ကျောက်ရုပ် တု၊ ဇာတ်ရုံ၊ ပြတိုက်၊ စာကြည့်တိုက်တွေ တဖြည်းဖြည်း ပြည့်လာလေသည်။
သို့ကလို သာယာ လျောက်ပတ်လှသော မြို့ကို အဘယ်ပညာကျော် ခရီးသည်၊ ပန်းချီဆရာ၊ အလှအပ မက်သူတွေ မလာဘဲ ရှိပါမည်နည်း။ လူဦးရေ သုည မှ နှစ်သိန်း ငါးသောင်း တက်လာသည်။
ကိုယ်တွေ့မျက်မြင် ခေါမ စာရေးဆရာကြီး တဦးက “တခြား မြို့တွေကို အယ်လက်ဇန္ဒရီးယားနှင့် စာလိုက်လျှင် တောရွာ သာသာလောက် ရှိသည်” ဟု မှတ်တမ်း တင်ခဲ့သည်မှာ မဆန်းတော့ပေ။
(၂)
အယ်လက်ဇန္ဒရီးယား ပြတိုက် နှင့် စာကြည့်တိုက်တို့ကား ယခု မရှိပါပြီ။ သမိုင်းဆရာ ပလူတာ၏ အဆိုအရ ရောမ စစ်ဘုရင် ဂျူလီယပ် စီဇာ နှင့် အီဂျစ်သားတို့၏ စစ်ပွဲတွင် မီးလောင် ပျက်စီးခဲ့လေပြီ။
သည်လို ကွယ်ပျောက်ခဲပြီ ဖြစ်သော်လည်း မှတ်တမ်း ရေးခဲ့သူများ၏ ကျေးဇူးကြောင့် ကျနော်တို့တတွေ တို့တို့တိတိ သိနေရပေသည်။ သိရသည်လောက်ကိုပင် စိတ်ကူးကြည့် ယူရပေတော့သည်။
ပြတိုက်သည် မင်းပိုင်းတွင် ရှိ၍ မြေထဲ ပင်လယ်ဘက်ကို မျက်နှာမူနေပေသည်။ အဆောက်အဦးနှင့် ဆက်၍ စင်္ကြံ လျှောက်စရာ လမ်းငယ်တွေ၊ ပန်းပေါင်းမိုး၊ စာအေးအေး လူလူ ဖတ်နိုင်ရန် ထောင့်ကွယ်တွေ ထည့်ပေးသည်။
ပြတိုက် အဖွဲ့ဝင်များသည် အလယ်ခန်းမကြီးတွင် စားသောက်ကြရင်း လည်းကောင်း၊ ကိုယ့်ခြံဝင်း အတွင်း စွန်ပလွံပင်ရိပ် အောက်တွင် လည်းကောင်း စုရုံးပြီး ဆိုင်ရာပညာတွေကို ဆွေးနွေးလေ့ ရှိသည်။
ဆေး၊ နက္ခတ်၊ သင်္ချာ အတတ်တွေကို ပြတိုက်တွင် ပို့ချ၍ ကုန်သမျှ စရိတ်ကို နှစ်စဉ်မှန်မှန် အစိုးရက ထုတ်ပေးလေသည်။ စာကြည့်တိုက်မှာ ပြတိုက်နှင့် ကပ်၍ နေပေသည်။
တော်လယ်မီ ဘုရင် ကိုယ်တိုင် ခေါမ သြဇာရိပ် လွှမ်းရာ ဒေသတဝိုက်တွင် ငွေကုန်ကြေးကျ ခံပြီး စာအုပ်တွေ ဝယ်ယူ စုဆောင်းစေကာ စာကြည့်တိုက် အင်အားကို ဖြည့်တင်းလေသည်။ စာအုပ် ဦးရေ လေးသိန်း ရှိသော စာကြည့်တိုက်ကို ရှေးခေတ်တွင်ဖြင့် အပြည့်စုံဆုံး ဟူ၍ အမှတ်ပြုကြရပေသည်။
ပြတိုက်နှင့် စာကြည့်တိုက်သည် ယခုခေတ် တက္ကသိုလ်၏ မျိုးစေ့ဟု ဆိုလေရာသည်။ ပြတိုက်သည် သိပ္ပံပညာရပ်များ ဌာန ဖြစ်၍ စာကြည့်တိုက်သည် ဝိဇ္ဖာပညာရပ်များ ဌာန သဘော သက်ရောက်ပေသည်။
ယခုခေတ် တက္ကသိုလ်တို့၌ ပို့ချနေသော ပညာရပ်တို့တွင် အယ်လက်ဇန္ဒရီးယား ပြတိုက်၊ စာကြည့်တိုက် လက်ရာသည် အတိုင်းသား ပေါ်နေပေသည်။ ဘယ်ပုံ ဘယ်နည်း ဖြစ်လာသနည်း။
ယူကလစ်သည် စက်ဝိုင်း၊ ထောင့်မှန် တြိဂံ တို့၏ ဂုဏ်ထူး၊ စိန္တိတကထာ တွေကို ကြံဆပြီး ဂျီသြမေတြီ ပညာကို ပျိုးထောင်သည်။ အာရတော့ သိနီ သည် ကမ္ဘာ မြေကြီး၏ အကျယ်အဝန်းကို တိုင်းရာ အချင်းအမှန်နှင့် မိုင် ငါးဆယ် လောက် နီးအောင် တိုင်းထွာနိုင်ခဲ့သည်။
ဟစ်ပါးကတ်သည် နက္ခတ် တာရာ မြေပုံနှင့် မာတိကာ လုပ်သည်။ ဟီရိုသည် ပထမဦးဆုံး ရေနွေးငွေ့ဖြင့် မောင်းသော စက်ကို ကြံစည်သည်။ ဆိုင်ရေ့ကျု မြို့သား အာခိမိဒိ သည် ရွှေနှင့် အခြား ဓာတ်သတ္တုတို့၏ အလေးအချိန်အဆကို တွေ့ခဲ့၍ ပြတိုက်နှင့် စာပေးစာယူ အမြဲ ရှိခဲ့သည်။
ဟီရိုဖီးလပ် သည် လူ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခွဲစိတ်ကုသပြီး သွေးလွှတ်ကြော နှင့် သွေးပြန်ကြော အကြောင်းကို ပထမဦးဆုံး ရှင်းပြခဲ့လေသည်။
သည့်ပြင် သမိုင်းဆရာ၊ ကဗျာ စကားပြေ ဆရာတို့၏ အမည်နာမ တို့မှာလည်း မနည်းပြီ။ သည် ပါရမီရှင်တို့၏ တွေ့ရှိ ကြံဆသမျှနှင့် နှောင်းခေတ်တွင် ထပ်မံ ဖြည့်စွက်ချက်တို့သည် ကျောင်းသုံး စာအုပ်တွေထဲသို့ ရောက်နေပေသည်။
သို့သော်လည်း အယ်လက်ဇန္ဒရီးယားတွင် နှစ်တရာ၊ နှစ်ရာ အတွင်း ပြုစုခဲ့သော ပညာရပ်များကို ရပ်ဝေး ဒေသတို့မှ မသိခဲ့ကြပေ။
အဆက်အသွယ် နည်းပါးသော ရှေးခေတ်တွင် သည်ပညာတွေသည် ကိုယ့်နေရာနှင့် အနီးအပါး တိုင်းပြည်များ၌သာ စုနေခဲ့ပေသည်။ တကြောင်းမှာလည်း နောက်ခေတ်များတွင် စစ်မက် ဖြစ်ပွားနေသဖြင့် ပညာနယ်ပယ် ကျယ်ပြန့်ဖို့ အခါအခွင့် မသင့်နိုင်ပါလေ။
သည်လိုနှင့် နှစ်ပေါင်း တထောင်ကျော်မျှ အယ်လက်ဇန္ဒရီးယား ပညာရှင်တွေ ပျိုးခဲ့သော မျိုးစေ့သည် ဖုံးကွယ်နေရသည်။ ပြန်လည် ဆန်းသစ်သည့် ခေတ် ရောက်ခါမှ လန်းလန်းရှင်ရှင် ဖြစ်ခါ အညွန့်အတက် ထွက်ပြူလာရ၏။
သည့်နောက်တွင်ကား လူ့ဘောင် တခုလုံး အယူအဆဟောင်းတွေကို ပြောင်းလဲပစ်သည်အထိ ပညာအပင်သည် ထွားကျိုင်း ရင့်သန်လာလေတော့သည်။
(၃)
သည်နေရာတွင် စာဖတ်သူနှင်း အိုင်းရစ် ပြဇာတ်ဆရာ ဘားနတ်ရှောရေး “စီဇာနှင့် ကလီယိုပတ်ထရာ” ပြဇာတ်မှ အခန်း တခန်းကို မိတ်ဖွဲ့ပေးဖို့ အခန့်သင့်ပေသည်။
အယ်လက်ဇန္ဒရီးယား ပြတိုက်နှင့် စာကြည့်တိုက်သည် ရောမ စစ်ဘုရင်နှင့် အီဂျစ် တိုင်းသားတို့၏ စစ်ပွဲတွင် မီးလောင် ပျက်စီးခဲ့သည်ကို မှတ်မိသေးပါလိမ့်မည်။
အနှစ်နှစ် အလလက စုဆောင်းထားခဲ့သော စာအုပ်တွေ မီးထဲပါနေသည်ကို အီဂျစ် ဘုရင့်ဆရာ ဖြစ်သူ သီအိုဒိုးတပ် သည် ကြည့်မနေနိုင်ရှာ။ သူ့အမြင်တွင် ပညာတွေဖြင့် ဆုံးရှုံးကုန်လေပြီဟု နှမြောတသမိလေသည်။ ထို့ကြောင့် ရင်ဘတ် စည်တီး နှင့် စီဇာထံသို့ ပြေး၍ အရေး ဆိုလေသည်။
သူတို့ နှစ်ဦး အချီအချ စကားပြောပုံမှာ ဤသို့တည်း။
သီအိုဒိုးတပ်…“ဟောဟိုမှာ မီးလောင်နေတာတွေဟာ လူတွေရဲ့ အသိဉာဏ် ထုထည်ကြီးပါ စီဇာ”
စီဇာ…“ရှက်စရာ အသိဉာဏ်တွေပဲ၊ လောင်ပါစေ”
သီအိုဒိုးတပ်…(ဝမ်းနည်း ဖိုလှိုက်စွာဖြင့်) “ရှေး အတိတ်ကို စီဇာ ဖျက်ပစ်တော့မလား”
စီဇာ…“ဟုတ်တယ်၊ အတိတ်ရဲ့ ပြာပုံပေါ်မှာ ကျုပ် အနာဂတ်ကို တည်ဆောက်ယူမယ်”
ပြဇာတ်ဆရာ ရှောသည် အတိတ်ကို အစဉ်းစား အဆင်ခြင် ကင်းမဲ့စွာ လေးစားမှုကို ပြက်ရယ်ပြုလို၍ သူ့ဇာတ်လိုက် စီဇာကို အထက်က အတိုင်း ပြောစေလေသည်။
တကယ် ဆိုသော် အယ်လက်ဇန္ဒရီးယားတွင် ပြုစုခဲ့သော ပညာရပ်များကို နှိမ်လိုသော သဘော ရှိဟန် မတူပါ။ ရှောသည် ဘဝသံရာ၌ လှည့်လည်ရင်း အတိတ်ကို အကြောင်းမဲ့ ခင်တွယ်နေသူများကို နီးနီးကပ်ကပ် မြင်တွေ့ခဲ့ပြီး မြင်ပြင်း ကတ်မိ လိမ့်မည်။ ကတ်လည်း ကတ်စရာပင်။
အကြောင်းမူကား အတိတ်မို့ ရိုသေရမည်၊ အဟောင်းမို့ ကောင်းရမည်၊ မိဘဘိုးဘွားက အစဉ်တစိုက် ပြောခဲ့၍ မှန်ကန် ရမည်၊ ထုံးစံ အစဉ်အလာရှိ၍ လုပ်ရမည်၊ အဲဒီလို လူစား၌ အဆင်ခြင်တရားသည် သုညသာ ဖြစ်၏။
အဲဒီလို လူစားတွေသည် ကိုယ့်ရှေ့တွင် ခင်းကျင်း ပြနေကြသော အဖြစ်သနစ်တွေကို ဆေးဖော်ကြောဖက်မှ မလုပ်ဘဲ အကြောင်းရှိလျှင် ပေထုပ်တွေကို လှန်လှောပြီး အဖြေကို အလွယ်တကူ ရှာလိုကြသည်။
ပေထုပ် ပညာရှိ လုပ်ခြင်းသည် ရှေး အယ်လက်ဇန္ဒရီးယား ပညာရှင်တွေ အခြေခံထားသော သဘောနှင့် လားလားမှ အပ်စပ်၍ မရနိုင်။ အယ်လက်ဇန္ဒရီးယား ပညာရှင်တွေသည် သူတို့ထက် အရင်ကျသော ပညာရပ်တွေကို ဘယ်တော့မှ ဖုတ်ပြီး ကင်ပြီးသား လက်မခံခဲ့။
ခေါမ စရိုက်အတိုင်း စေ့စေ့စပ်စပ် စစ်ဆေးကြည့်၊ နောက် ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်ချင်းနှင့် ညှိနှိုင်းပြီးမှ သင့်သလို လက်ခံ အသုံးပြုကြသည်ဟု သိရသည်။
တကယ်ဆိုသော် အတိတ်သည် အသုံးဝင်နေသဖြင့်သာ သုံးစွဲနေကြရ၏။ သည်လိုမှ အသုံးမဝင်ပါလျှင် ကိုယ်ကာယ၏ အညစ်အကြေးလို စွန့်ပစ်ဖို့သာ ရှိလေသည်။
အတိတ်ကို စွဲစွဲလမ်းလမ်း ခုံမင်သူတို့၏ အခြားဘက်၌ အတိတ်ကို အရမ်းကာရော ပစ်ပယ်သူများ ရှိလေသေးသည်။ သူတို့သည် ခုမျက်မှောက်၌ တွေ့ကြုံ ခံစားရသမျှသည် အတိတ်နှင့် ကင်း၍ မဖြစ်နိုင်သည်ကို မျက်စိ စုံမှိတ် ထားကြဟန် တူပေသည်။
လူ့ကျင့်ဝတ်၊ စက်မှု လက်မှု တိုးတက်မှု တို့သည် နတ်ရေကန်ထဲကျ၍ တဟုန်တည်း ကြီးကြီးမားမား၊ ထုနှင့် ထည်နှင့် ဖြစ်လာကြသည် မဟုတ်ပေ။ ဘာမဆို အတိတ်ကို အခြေပြုရသည်။ အတိတ်မှ လိုသမျှကို ယခု မျက်မှောက်တွင် ဖြည့်၍ ယူသည်။ အနာဂတ်ကို ရှေးရှုပြီးသား ဖြစ်နေပေသည်။
သို့ဖြစ်၍ ခု ပစ္စုပ္ပန်ကို ပေါ်ပေါက်စေသော အယ်လက်ဇန္ဒရီးယား၏ ရှေးအတိတ်ကို ဖော်ပြရခြင်း ဖြစ်ပါသတည်း။ ။
(တာရာ မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၅၀)
(စာပေပညာရှင် စာရေးဆရာကြီး တိုက်စိုး ရေးသားခဲ့သည့် ဤဆောင်းပါးကို နှစ်ကာလများ စာအုပ်တိုက်က ၂၀၁၇ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော “ပညာသိုက် တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၃ ခုနှစ် မေလ ၄ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)