မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးရေးကိစ္စရပ်များ၌ တင်းကျပ်သည့် အတားအဆီး ကန့်သတ်ချက်များရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ မစ္စတာ မာတင် ဂရစ်ဖစ်သ် က ထုတ်ဖော် ပြောဆိုသည်။
UNOCHA အကြီးအကဲ Mr. Martin Griffiths သည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး ယမန်နေ့က ထိုသို့ ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အရပ်သားတွေ ကြုံတွေ့နေရတဲ့ အန္တရာယ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ လုပ်ထုံးလုပ်နည်း ကန့် သတ်ချက်များ ချမှတ်ထားတဲ့အပေါ် စိုးရိမ်မိပါတယ်” ဟု UNOCHA အကြီးအကဲ ပြောသည်။
UNOCHA အကြီးအကဲ Mr. Martin Griffiths သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၁၅ ရက်က ရောက်ရှိလာပြီး နေပြည် တော်၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သလို သြဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လည်း မိုခါမုန်တိုင်းဒဏ်ခံနေရသော ရခိုင်ပြည်နယ်သို့လည်း ရောက်ရှိခဲ့သည်။
၎င်း၏ ရခိုင်ခရီးစဉ်တွင် ပြည်နယ်စစ်ကောင်စီမှ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သလို စစ်တွေမြို့ပေါ်ရှိ ရွှေစေတီကျောင်းတိုက် မှ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအရိယဝံသနှင့် တွေ့ဆုံခဲ့ပြီး မွတ်စလင်ဒုက္ခသည်စခန်းသို့လည်း သွားရောက်ခဲ့ ကြောင်း သိရသည်။
သို့သော်လည်း UNOCHA အကြီးအကဲ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် မိုခါမုန်တိုင်းသင့် ပြည်သူများအား ကူညီပေးနေ သည့် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် မရရှိခဲ့ကြောင်း သိရသည်။
ရခိုင် အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည့် ဝံလက်ဖောင်ဒေးရှင်မှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “UNOCHA အကြီး အကဲရဲ့ ရခိုင်ခရီးစဉ်မှာတော့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာ မရှိဘူး။ သူတို့မှာ ဘယ်လို Plan နဲ့ လာတယ်ဆိုတာတော့ မသိဘူး။ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံတယ်လို့တော့ ကြားတယ်။ ဒါပေမယ့်လည်း ဒီလို အချိန် မျိုးမှာ နိုင်ငံတကာ အကူအညီတွေကို ပိတ်ပင်ထားတဲ့အချိန် သူအနေနဲ့ SAC လာရောက် တွေ့ဆုံတာက ကောင်းမွန် တဲ့ကိစ္စတခု ဖြစ်တယ်။ အဲဒီတွေ့ဆုံ ချဉ်းကပ်၊ ထိတွေ့မှုတွေက အရေးကြီးတဲ့အတွက် အကောင်းဘက်ကို ဖြစ်လာမယ် လို့တော့ မျှော်လင့်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ရသေ့တောင်မြို့နယ်မှ မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စော ဝင်းက ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ် ဆယ်ရေး အထောက်အပံ့ပေးမည့်ကိစ္စတွင် စစ်ကောင်စီ ချမှတ်ထားသည့် မူဝါဒနှင့် နိုင်ငံတကာ ချမှတ်ထားသည့် စံ သတ်မှတ်ချက်တို့မှာ ထပ်တူကျနိုင်မည့် အခြေအနေမရှိသည့်အတွက် UNOCHA အကြီးအကဲ၏ ခရီးစဉ်မှာ ထူးခြားမှု တစုံတရာ ရှိလာမည်မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။
၎င်း “ကျနော့်အမြင်ကတော့ ဒီခရီးစဉ်ကြောင့် သိပ်ပြီးပြောင်းလဲပြီး ထူးခြားလာမယ်လို့ မထင်ဘူး။ စစ်ကောင်စီအစိုးရရဲ့ မူဝါဒက နိုင်ငံတကာ အကူအညီပေးမယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းပြီး ပေးရမယ်၊ သူတို့ လက်နဲ့ပေးမယ်။ နိုင်ငံတကာ လည်း ကိုယ့်မူဝါဒနဲ့ကိုယ် လွတ်လွတ်လပ်လပ် ကိုယ်တိုင် ကွင်းဆင်းပေးချင်တော့ မူဝါဒနှစ်ခုက ထပ်တူ မကျနိုင်ဘူး။ အဲဒီကြောင်း နှစ်ဖက်လုံးက လျော့ပေးမယ်လို့ မထင်ဘူး။ ဒါပေမယ့်လည်း UNOCHA အကြီးအကဲက မြေပြင်အခြေ အနေကို ကိုယ်တိုင် မြင်တွေ့လေ့လာချင်တဲ့ သဘောရှိတယ်။ မြေပြင်အခြေအနေကို မြင်တွေ့ခွင့်ရတဲ့အတွက် ဘယ်လို Plan တွေ့ လုပ်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ သိချင်လို့ လာရောက်တာ ဖြစ်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြော သည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ UNOCHA အကြီးအကဲ လာရောက်သည့် ခရီးစဉ်မှာ ကောင်းမွန်သည့်ကိစ္စ တခုဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းများအား မုန်တိုင်းသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကူညီကယ်ဆယ်ရေး လမ်းကြောင်းများ ဖွင့်ပေးမည်ဆိုပါကလည်း စစ်ကောင်စီအနေဖြင့် မည်သို့မည်ပုံ အမြတ် ထုတ်လာမည်ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သုံးသတ် ဝေဖန်သည်။
၎င်းက “သူရဲ့ လာရောက်တဲ့ ခရီးစဉ်အပေါ်တော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမယ့်လည်း ဒီခရီးစဉ်ရဲ့ တွေ့ဆုံ ဆွေးနွေးမှု ရလဒ်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတွေကို ဖွင့်ပေးမယ်ဆိုရင်လည်း စစ်ကောင်စီက ဘယ်လို အသုံးချမယ်။ ဘယ်လို အမြတ်ထုတ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ်” ဟု ဧရာဝတီ သို့ ပြောသည်။
UNOCHA အကြီးအကဲ လာရောက်ခဲ့သော ရခိုင်ပြည်နယ်ခရီးစဉ်တွင် ကိုဗစ်၊ ပဋိပက္ခနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ဒေသခံများသည် အခက်အခဲများ ဆက်တိုက်ရင်ဆိုင်နေသည်ကို မြင်တွေ့ခဲ့ရသလို ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံ လုံးတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ရန်ပုံငွေများလည်း လိုအပ်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေသည့် အကျပ်အတည်းများကြောင့် နိုင်ငံ၏လူဦးရေ သုံးပုံတပုံမှာ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး ကူညီထောက်ပံ့မှုလုပ်ငန်းများအား ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်တိုးချဲ့ဝင်ရောက်နိုင်ရန်အတွက် ရန်ပုံငွေများ တိုးမြှင့်ပေးရန်လိုအပ်ကြောင်း UNOCHA အကြီးအကဲ များ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
You may also like these stories:
ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း