ဗီဇာကင်းလွတ်ခွင့်ပေးပြီးနောက် မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားဧည့်သည် ဝင်ရောက်မှုတိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင် ရွက်ရေးဌာနမှ သိရသည်။
ဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်က “အောက်တိုဘာက စပြီး ဂျပန်နိုင်ငံအပါအဝင် ဗီဇာ ကင်းလွတ်ခွင့် ပေးခဲ့တယ်။ အဲဒီနောက်ပိုင်း ဂျပန်ခရီးသွားဝင်ရောက်မှု တိုးလာတယ်။ ဒီနှစ်အတွက် ဂျပန်ဧည့်သည် ၁ သိန်းကျော်အထိ ဝင်မယ်လို့ မှန်းပါတယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၇ ခုနှစ်တွင် ဂျပန်ခရီးသွား ၁ သိန်းနီးပါး ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၈ ဇန်နဝါရီမှ အောက်တိုဘာလ အထိ ၈၀,၀၀၀ ကျော် ဝင်ရောက်ထားပြီဖြစ်ကာ ကျန် နိုဝင်ဘာနှင့် ဒီဇင်ဘာတို့မှာ ခရီးသွားဝင်ရာက်မှု အမြင့်ဆုံးကာလ ဖြစ်သည့် အတွက် ယခင်နှစ်ထက် ခရီးသွား ပိုမိုဝင်ရောက်မည်ဟု မျှော်မှန်း ပြောဆို ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှ စ၍ ဂျပန်အပါအဝင် ကိုရီးယား၊ တရုတ်၊ မကာအိုနှင့် ဟောင်ကောင်နိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့် ပြုထားခြင်း ဖြစ်သည်။
ခရီးသွားကဏ္ဍတွင် ဂျပန်ဈေးကွက် ပိုမိုမြှင့်တင်နိုင်ရန် ဆွေးနွေးပွဲများ၊ ခရီးသွားဆိုင်ရာ ပြပွဲများကို နှစ်နိုင်ငံ အပြန် အလှန် ဆောင်ရွက်မှုများ ရှိနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်ကလည်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာဆီယံ-ဂျပန် စင်တာတို့ ပူးပေါင်း၍ ခရီးသွားလာရေး ဈေး ကွက် မြှင့်တင်ရေး ဆွေးနွေးပွဲကို မန္တလေးမြို့၌ ကျင်းပခဲ့သေးသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ခရီးသွားကဏ္ဍနှင့် ဆက်စပ်သည့် အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကာ “အခု Target Market ဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ ပတ်သတ်ပြီး ဈေးကွက်မြှင့်တင်ဖို့တွေ လုပ်နေပါတယ်။ အခုလို ဆွေးနွေး ပွဲတွေကနေ ဂျပန်ခရီးသွားတွေရဲ့ အလေ့အထ၊ သူတို့အကြိုက်ကို သိရှိအောင် Awareness (အသိအမြင်) တွေ လုပ်ပေးတာပါပဲ။ ဒါမှသာ ဧည့်သည်အကြိုက် ဝန်ဆောင် မှုတွေ ပေးနိုင်မှာပါ” ဟု ဦးလှမြင့်က ဆိုသည်။
ရခိုင်အရေးကြောင့် အနောက်ဥရောပ နိုင်ငံများဖြစ်သော အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ စသည့် နိုင်ငံများမှ ခရီး သွားဝင်ရောက်မှု ကျဆင်းသွားချိန်တွင် အရှေ့ပိုင်းနိုင်ငံများကို ပိုမိုအလေးပေး၍ ခရီးသွားဈေးကွက် မြှင့်တင်ခြင်း များ ပိုမိုလုပ်ဆောင်သင့်ကာ မြန်မာ့ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှု ရှိ၊ မရှိကို ၂၀၁၉ ဧပြီလကုန်အထိ စောင့်ကြည့် ရဦးမည် ဖြစ် ကြောင်း ခရီးသွားကဏ္ဍလုပ်ငန်းရှင်များ ပြောဆိုနေကြသည်။
Nature Dream ခရီးသွားကုမ္ပဏီမှ ဒေါ်စံပယ်အောင်က “အခုလို ခရီးသွားကဏ္ဍ ကျသွားတဲ့အချိန်မှာ အစိုးရက နိုင်ငံတကာမှာ ကိုယ့်ပုံရိပ် ပြန်တက်လာအောင် လုပ်တတ်ကိုင်တတ်ဖို့ လိုပါတယ်။ အဲဒီ အတွက် သက်ဆိုင်ရာ ဌာနကလည်း သေချာအားထည့်ဖို့ လိုသလို ဘတ်ဂျက်ကိုလည်း တကယ်အသုံး တည့်မယ့်နေရာမျိုးမှာ သုံးသင့်တယ်” ဟု ပြောသည်။
ဆက်စပ်သတင်း
အာရှနိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့် ပေး
ရန်ကုန်လေဆိပ်မှ ဝင်ရောက်သူ ခရီးသွား လျော့နည်းလာဟု ဆို