သတင်း

အခြေခံလူတန်းစား သက်သာရေး မန်းတိုင်း ပြည်ခိုင်ဖြိုးပါတီ ဆန်ရောင်းပေး

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဆန်များကို လျှော့ဈေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း ပါတီ တိုင်း ခေါင်းဆောင်များက ဆိုသည်။

ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ အများဆုံးနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ဆန်များကို လျှော့ဈေးဖြင့် ရောင်းချပေး လျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှုး ဦးအောင်ကျော်မိုးက ပြောသည်။

“လက်ရှိအချိန်မှာ လှုပ်ရှားဆောင်ရွက်နေတာမှန်သမျှ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချက်လို့လည်း ပြောလို့ ရတယ်၊ ကျနော်တို့က ပြည်သူလူထု စိတ်ဝင်စားလာအောင် စည်းရုံးရေးဆင်းတဲ့သဘောပါပဲ”ဟု ဦးအောင်ကျော်မိုးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ အများဆုံးနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ဆန်များကို ပြည်ခိုင်ဖြိုးပါတီက လျှော့ဈေးဖြင့် ရောင်းချပေးနေသည်/ ဒီလှိုင်းဝင်း

လက်ရှိကာလတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် အခြေခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးစေလိုသော ရည်ရွယ်ချက်ဖြင့် ဆန်များကို ဈေးလျှော့ရောင်းချပေးနေခြင်းဟု သိရသည်။

“ဆန်ကို ပွဲရုံက ရောင်းချပေးတဲ့ ဈေးနှုန်းအတိုင်းပဲ ပြန်ရောင်းပေးတာ ဖြစ်တယ်၊ အဲဒီလိုရောင်းလို့ရတဲ့ ဈေးနှုန်းအတိုင်းပဲ ပွဲရုံကို ပြန်ပေးသွင်းရတာပါ၊ ရောင်းချပေးတဲ့နေရာမှာ လုပ်ကိုင်ပေးကြတာက ကျနော်တို့ပြည်ခိုင်ဖြိုးပါတီဝင်တွေပဲ ဖြစ်ပါ တယ်၊ ပြောချင်တာက ကျနော်တို့ ပါတီဝင်တွေက စိတ်စေတနာကို အရင်းခံပြီးတော့မှ လုပ်အားစိုက်ထုတ်ပေးတာပါ၊ အဓိကက ပြည်သူကို တိုက်ရိုက်ဈေးနဲ့ ဝယ်ယူ ရရှိနိုင်အောင် ဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်အောင်ထက်ကလည်း ပြောသည်။

ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ဆန်များရောင်းချပေးရာတွင် ပွဲရုံများဖြင့် ချိတ်ဆက်၍ ရောင်းပြီးချေစနစ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်သလို လက်လီရောင်းချပေးနေသည့် ဆန်တပြည် ဈေးနှုန်းများထက် ကျပ် ၃၀၀ ခန့် ဈေးလျှော့ ရောင်းချပေးနေကြောင်းလည်း ဆိုသည်။

“ဆန်ရောင်းပေးတယ်ဆိုတာက အမြတ်အစွန်းယူပြီး ရောင်းချပေးတာ မဟုတ်တဲ့အတွက် ဘဏ္ဍာငွေကြေးက ပါတီကနေ စိုက်ထုတ်သုံးစွဲမှု မရှိပါဘူး၊ အပြင်လက်လီရောင်းဈေးနဲ့ ကွာခြားမှုရှိတာကတော့ ကျနော်တို့အနေနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ အခြားသော ဝန်ဆောင်မှုစရိတ်များကို ထည့်တွက်ထားခြင်း မရှိတာကြောင့် အပြင်လက်လီရောင်းဈေးထက် ကျပ် ၃၀၀ လောက် ကွာဟမှုရှိပါတယ်”ဟု ကိုဇော်အောင်ထက်က ဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ အများဆုံးနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ဆန်များကို ပြည်ခိုင်ဖြိုးပါတီက လျှော့ဈေးဖြင့် ရောင်းချပေးနေသည်/ ဒီလှိုင်းဝင်း

ရောင်းချပေးနေသည့် ဆန်အမျိုးအစားများမှာ ရွှေသွယ်ရင်၊ မန်းဧရာအမျိုးအစားများကို အဓိကရောင်းချပေးနေခြင်းဖြစ်ပြီး တပြည် ကျပ်၁၄၀၀ နှုန်းဖြင့် ရောင်းချပေးနေရာ လိုအပ်သလောက် ရောင်းချပေးနေကြောင်း သိရသည်။

“ဝယ်ယူမှုကို ဘယ်လောက်ပဲ ရောင်းချပေးမယ်ဆိုတာမျိုးတော့ ကန့်သတ်ထားတာမရှိဘူး၊ လိုရင်လိုသလောက်တော့ ရောင်းပေးပါတယ်၊ ကျနော်တို့ရောင်းချပေးနေတာက အခြေခံလူတန်းစားရှိတဲ့ ရပ်ကွက်တွေကိုပဲ သွားရောက် ရောင်းချပေး တာဖြစ်တဲ့အတွက် အများဆုံး ဝယ်ယူကြတာက ၃ပြည်ဆိုတာ အများဆုံးပါပဲ၊ အိတ်လိုက်ဝယ်ယူသူတော့ မရှိပါဘူး”ဟု ကိုဇော်အောင်ထက်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ ၊ ပြည်ကြီးတံခွန် ၊ ချမ်းမြသာစည် ၊ မြစ်သား မြို့နယ်များရှိ အခြေခံလူတန်းစားများ အများဆုံးနေထိုင်သည့် ရပ်ကွက်ပေါင်း ၄၀ ခန့်၌ ဆန်အိတ်ပေါင်း ၁ထောင်ကျော်ကို ရောင်းချပေးခဲ့ပြီး ဖြစ်သလို အခြားမြို့နယ်များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဟု သိရသည်။

“ကျမတို့ရပ်ကွက်ကို ကြံခိုင်ရေးကနေ ဆန်တွေလာရောင်းပေးတာ တကယ်ပါ ၊ အပြင်ဈေးထက် သက်သာတော့ သက်သာ ပါတယ်၊ လိုသလောက်ဝယ်လို့ ရတယ်လို့လည်း ပြောတယ်၊ ဒါပေမယ့် ကျမတို့က လက်လုပ်လက်စာတွေဆိုတော့ အများ ကြီးတော့ မဝယ်နိုင်ပါဘူး၊ ပုံမှန်လေး လာရောင်းပေးနိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့”ဟု ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်မှ ဒေါ်မိုးမိုးက ပြောသည်။

ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်မှ မစီစီအောင်ကလည်း “သူတို့ရောင်းပေးတဲ့ဆန်က ပုံမှန်စားနေတဲ့ ဆန်မျိုးတော့ မဟုတ်ဘူးရှင့်၊ ဈေးကွက်ထဲမှာ အများဆုံးရောင်းပေးနေရတဲ့ ဆန်တွေကို အခုလိုမျိုး ဈေးနှုန်းသက်သက်သာနဲ့ ရောင်းပေး နိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့၊ ဘာဆန်တွေလဲဆိုတော့ မနော်တို့၊ မဂျမ်းတို့ပေါ့နော်”ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ အများဆုံးနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ဆန်များကို ပြည်ခိုင်ဖြိုးပါတီက လျှော့ဈေးဖြင့် ရောင်းချပေးနေသည်/ ဒီလှိုင်းဝင်း

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခုကဲ့သို့ ဆန်များကို လျှော့ဈေးဖြင့် ရောင်းချပေးရခြင်းမှာ လက်ရှိကာလ၌ အခြေခံပြည်သူများ စီးပွားရေး ကျပ်တည်းမှုကို တထောင့်တနေရာမှ ပြေလည်အောင် ကူညီဖြေရှင်းပေးခြင်းဟု ပါတီဝင်များက ဆိုသည်။

“အရင်အစိုးရလက်ထက်က မလုပ်ခဲ့ဘဲ အခုမှ လုပ်တာက လက်ရှိပြည်သူတွေအနေနဲ့ ကျပ်တည်းမှုအနေအထား ကွာခြား မှုကြောင့်ပါ၊ အရင်အစိုးရလက်ထက်က ကျပ်တည်းမှုနဲ့ လက်ရှိအစိုးရလက်ထက် ကျပ်တည်းမှုက ဘယ်လောက်ကွာဟ သလဲဆိုတာကို အားလုံးအသိပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီလိုအချိန်မှာ လိုအပ်တယ်ထင်လို့ အခုလိုဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်၊ လက်ရှိအချိန်မှာ ကျနော်တို့ဆောင်ရွက်ပေးနိုင်တဲ့အခြေအနေထဲကနေ ပြည်သူအတွက် အကောင်းဆုံး ဆောင်ရွက်ပေးခြင်းလည်း ဖြစ်ပါတယ်”ဟု ကိုဇော်အောင်ထက်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လျှော့ဈေးဖြင့် ဆန်ရောင်းချပေးနေခြင်းကို ရောင်းချပေးမည့် အရေအတွက်နှင့် ကာလကို သတ်မှတ်ထားခြင်းမရှိသေးဘဲ အခြားစားသောက်ကုန်များကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရန် စီစဉ် လျက် ရှိကြောင်း သိရသည်။

“ဘယ်လောက်အထိ ရောင်းချပေးသွားမယ်၊ ဘယ်အချိန်အထိရောင်းချပေးသွားမယ်ဆိုတာတော့ သတ်မှတ်ထားတာ မရှိ သေးပါဘူး၊ ဆန်ရောင်းနေတာကို ကျနော်တို့ဘက်ကနေ အခြားကိစ္စတွေပေါ်လာလို့ပဲဖြစ်ဖြစ်၊ ရပ်လို့မပြောမချင်း ရောင်းချ ပေးနေမှာပါ၊ အခြေခံစာသောက်ကုန်တွေမှာ ဆန်အပြင် အဓိကလိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စတာတွေကို ရောင်းချပေးသွားဖို့ပါ စီစဉ်နေပါတယ်”ဟု ကိုဇော်အောင်ထက်က ဆက်လက်ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading