ဆောင်းပါး

ငတ်နေတော့ ပိုးကူးမှာလည်း မကြောက်တော့ပါဘူး

Want create site? Find Free WordPress Themes and plugins.

ကမာ္ဘ့ကပ်ရောဂါ ကိုဗစ်နှင့် စားဝတ်နေရေးကြားတွင် ပိတ်မိနေသောသူ အများစုမှာ အခြေခံ လူတန်းစားများ ဖြစ်သည်။ ထိုသူများမှာ ကိုဗစ်ကို ကြောက်နေ၍မရသေးပေ။ ဝမ်းရေးအပူက ကိုဗစ်ထက်ကို ပို၍ ကြောက်နေရသည့်သူများကို ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်တချို့တွင် မြင်တွေ့နိုင်ပေသည်။

COVID-19 ဒုထိယ လှိုင်းရိုက်ခတ်မှုက ရခိုင်ပြည်နယ်မှ စတင်ပြီး မြန်မာ တနိုင်ငံလုံးသို့ ကူးစက်လျက်ရှိရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ မြန်မာနိုင်ငံ၏ နှလုံးသားမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် ယနေ့ အချိန်ထိ COVID-19 ရောဂါကို အပြင်းအထန် ခံစားရလျက် ရှိနေသည်။

ရန်ကုန်မြို့တွင် နေ့စဉ်နှင့်အမျှ ရောဂါ ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်းများ မြင့်တက်လာနေသောကြောင့် အစိုးရက Stay at Home နေထိုင်ရန် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ထုတ်ပြန်ခဲ့သည်မှာ တလကျော် ကြာမြင့်လာပြီ ဖြစ်သည်။

ထိုသို့ အကန့်အသတ် အခြေအနေများက စီးပွားရေး လုပ်ငန်းများအပေါ် များစွာ သက်ရောက်မှုရှိခဲ့ရာ ရန်ကုန်မြို့၏ ဆင် ခြေဖုံး မြို့နယ်များရှိ လက်လုပ်လက်စား ပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ စက်ရုံ၊ အလုပ်ရုံ လုပ်သားများမှာ ကျန်းမာ ရေး အန္တရာယ်၏ ခြိမ်းခြောက်ခြင်းအပြင် နောက်ဆက်တွဲ စားဝတ်နေရေး ပြဿနာများကြောင့် အကြပ်အတည်းများကို နေ့စဉ် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် ပထမလှိုင်းတွင် လူတန်းစား အလွှာမျိုးစုံက အလုပ်သမား သောင်းနှင့်ချီ၍ အလုပ်လက်မဲ့များ ဖြစ်ပွားခဲ့ပြီး ယခု ဖြစ်ပေါ်နေသော ဒုတိယလှိုင်းတွင်လည်း အလုပ်လက်မဲ့ အရေအတွက်မှာ အလွန်ပင် များပြားလာသည့်အပြင် စားဝတ်နေ ရေး ပြဿနာများနှင့် ဆင်းရဲမွဲတေမှုကလည်း ပို၍ မြင့်မားလာခဲ့သည်။

ကပ်ရောဂါ ဒုတိယလှိုင်း၏ ရိုက်ခတ်မှု အရှိန်က ဆက်လက် မြင့်မားနေဆဲ ဖြစ်တာကြောင့် အောက်ခြေ လူတန်းများတွင် ဝင်ငွေများ လျော့ကျကာ ဆင်းရဲမွဲတေမှု ဒဏ်ကို ခါးစည်း ခံစားနေကြရသည်။

ပျံကျ အလုပ်သမား ဒေါ်သန်းရီက “ကျမ အလုပ်မျိုးစုံ လုပ်တယ်။ ဒါပေမယ့် စုမိတယ်လို့ကို မရှိဘူး။ ကလေးကလည်း ၈ လ သားလေး ဖြစ်တော့ သူ့အတွက် ကုန်ကျစရိတ်တွေက များတယ်။ အခု အလုပ်တွေက ပိတ်၊ ဈေးတွေ ပိတ်တော့ ဈေးမှာ သူများပစ်ထားတဲ့ အမှိုက်ကနေ စားစရာ ရှာစားနေရတယ်” ဟု ရန်ကုန်မြို့၏ ကုန်စိမ်း လက်ကားဈေးကြီးဖြစ်သော သိရိမင်္ဂလာဈေးရှိ အမှိုက်ပုံးအတွင်းမှ စားစရာများ ရှာရင်း ပြောပြရှာသည်။

အမှိုက်ပုံးမှ ရရှိလာသော စားသောက်ရန် အဆင်ပြေသည့် စားစရာ တချို့ကို ပြုတ်စားခြင်း၊ အစိမ်းစားခြင်းတို့ဖြင့် ဝမ်းရေး အတွက် ဖြေရှင်းနေရပုံကို သူမက ပြောပြသည်။

“ထမင်းမစားရတာ ၁၀ ရက် ကျော်နေပြီဆိုတော့ တွေ့တာ စားတာပဲ။ ပညာမတတ်တော့ အလုပ်ကြမ်းပဲ လုပ်ရတာပေါ့။ ပထမတော့ ပန်းရံပေါ့။ အဲဒီ အလုပ် မရှိရင် ပလက်စတစ် ကောက်တယ်။ ပန်းရောင်းတယ်။ ဈေးတွေမှာ ပစ္စည်းသယ်ပေး တယ်။ အရပ်ထဲမှာ ဆိုရင်လည်း သူများ ခိုင်းတာ လုပ်ပေးတယ်။ သူတို့က အဝတ်အစားတို့ စားစရာတို့ ပေးတယ်လေ။ ကျမအနေနဲ့က အလုပ်လိုချင်တာ အဓိကပါပဲ” ဟု သူမက လက်ရှိ အခြေအနေကို ပြောပြသည်။

ဒေါ်သန်းရီတို့ သားအမိမှာ လှိုင်သာယာမြို့နယ် အလယ်ရွာအနီးရှိ ကျူးကျော်ရပ်ကွက်၌ ၁ လလျှင် ငွေကျပ် ၅ ထောင်နှင့် အိမ်ငှား နေထိုင်ကြသည့် မိသားစုဖြစ်ပြီး ကျူးကျော် ရပ်ကွက်တွင် နေထိုင်သူဖြစ်ခြင်းကြောင့် အစိုးရ ထောက်ပံ့ကြေး လည်း တကြိမ် တခါမှ မရရှိခဲ့ပေ။

နို့စို့အရွယ် ကလေးကို နို့တိုက်ရန်ပင် မိခင်ဖြစ်သူ ဒေါ်သန်းရီမှာ အစာအဟာရ မလုံလောက်သဖြင့် ယခု အချိန်တွင် နို့ ချောင်း ပိတ်ကာ နို့မထွက်သောကြောင့် အများသူငှာပေးသည့် နို့ဆီချောင်းလေးများနှင့် ချွေတာကာ ကလေးအသက် ဆက်ပေးနေရကြောင်း သိရသည်။

“ကျမတို့က ကျူးကျော်ကိုမှ ငှားနေရတာ။ ဒါပေမယ့် အခု ရက်ပိုင်း လှူတဲ့သူတွေလာတော့ ကျမတော်တော်လေး ဝမ်းသာ ရတယ်။ ငတ်နေတော့ ပိုးကူးမှာလည်း မကြောက်တော့ပါဘူး။ လက်အိတ် မပြောနဲ့ နှာခေါင်းစည်းတောင် မဝယ်နိုင်ဘူး။ အလကား ဝေတာလေး တခု ရထားလို့ တပ်နေတာ။ ကျမကတော့ အလုပ်တွေ ထပ်ပိတ်မှာ ကြောက်တယ်” ဟု ဒေါ်သန်း ရီက စိုးရိမ်စွာ ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရသည့် လှိုင်သာယာမှ ကျူးကျော်နေထိုင်သူများ/အောင်ကျော်ထက်/ဧရာဝတီ

ဒေါ်သန်းရီတို့ မိသားစုကဲ့သို့ပင် ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များ ဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း အစရှိသည့် နေရာများတွင် နေထိုင်သည့် အခြေခံ လူတန်းစားများ၏ ဘဝမှာ ကပ်ရောဂါထက် ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများက သာ၍ပင် ခါးသီးလှပေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူ လက်လုပ်လက်စား ဖခင်တဦးက ကလေး နို့မှုန့်ဖိုးအတွက်ကို မရှာဖွေနိုင်တော့သဖြင့် ဘဝကို အရှုံးပေးကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်အထိ ဖြစ် ခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

ထိုသို့ပင် အခြားဘဝများမှာလည်း ထမင်းနပ်မှန်အောင် စားရရန်အတွက် ခက်ခဲလှစွာ ရုန်းကန်နေကြရဆဲ ဖြစ်သသည်။

ရွှေပြည်သာမြို့နယ် အမှတ်လေး လမ်းမဘေး ဆယ်အိမ်တန်းတွင် နေထိုင်သူ ဒေါ်တင်တင်က “ကျမတို့က မိသားစုဝင် ခြောက်ယောက် ရှိတယ်။ အလုပ်တွေ နားထားတော့ ပြန်လုပ်ရတာ အခု တယောက်က ၃ ရက်ပဲ ရှိသေးတယ်။ နောက်ဖေး မှာ ပုလင်းဆေးနေတာ တရက်ကို ကျပ် ၅ ထောင်တော့ ရတယ်။ အရင်ကတော့ အုတ်ကား လိုက်တယ်။ ကြုံရာလုပ်တာ ပေါ့။ ရောဂါထက် တနေ့လုပ်မှ တနေ့စား ဆိုတော့ စားဖို့ အရင် ဖြေရှင်းနေရတယ်” ဟု ၎င်းတို့၏ အခြေအနေကို ပြောပြ သည်။

အလုပ်မရှိသည့် နေ့ရက်များ၌ ဒေါ်တင်တင်တို့ မိသားစုသည် ထမင်း တနပ်စာ မိသားစု ခြောက်ယောက်အတွက် ဆန် ၄ ဗူး ချက်ရမည့် နေရာတွင် ဆန်သုံးဗူးခန့် မျှတပြီး ချက်စားကာ မငတ်ရုံတမယ် ဖြေရှင်းနေရသည့် အခြေအနေ ဖြစ်နေ ကြောင်း သူမက ပြောပြသည်။

ဒေါ်တင်တင်တို့လို အခြေအခံ လက်လုပ်လက်စားများက ယခုလို မိုးလေကင်းလွတ်သည့် သီတင်းကျွတ်ကာလသို့ ရောက် လျှင် သူတို့အတွက် အလုပ်များ လှိုင်လှိုင်ပေါသည့်အချိန်၊ လက်ထဲ ငွေရွှင်သော ကာလ ဖြစ်သည်။

သို့သော် ယခုနှစ်တွင်မူကား ကိုဗစ်၏ ရိုက်ခတ်မှုကြောင့် စားဖို့ပင် အနိုင်နိုင် ရုန်းကန် လှုပ်ရှားနေရသည်။

“အခုက အလုပ်မရှိတဲ့နေ့က များတယ်။ အရင်ကတော့ ကျမက အုတ်ကား လိုက်တယ်။ အလုပ် ရပ်လိုက်ရတာ ၁ လ ကျော်လောက် ရှိပြီ။ စားဝတ်နေရေးကတော့ အရင် အလုပ်ရှိတုန်းက ကျန်တာလေးနဲ့ ပရိတအဖွဲ့တွေက လာလှူတာလေးနဲ့ စားဖို့အတွက် ဖြေရှင်းနေရတယ်။ ရှေ့ကို ကြာရင် ဘယ်လိုဖြေရှင်းရမလဲ မသိဘူး” ဟု ကျပန်း အလုပ်သမား မမြင့်မြင့်ခင် က ညည်းငြူ ပြောဆိုသည်။

ယခင်က အိမ်စရိတ် ကျပ် ၅ ထောင် အသုံးပြုပါက ယခုအချိန် ထက်ဝက်ခန့်သာ အသုံးပြုသည်အထိ ချွေတာနေသဖြင့် ကိုဗစ်ဒဏ်ကြောင့် အောက်ခြေ လူတန်းများမှာ ဆင်းရဲမွဲတေမှု ဒဏ်ကို အလူးအလဲ ခံစားနေရသည်။

ဆယ်အိမ်တန်း ရပ်ကွက်သည် တနေ့လုပ်တနေ့စား အခြေခံ လူတန်းစား အများစု နေထိုင်ရာနေရာ ဖြစ်သောကြောင့် လည်း အိမ်တအိမ်နှင့်တအိမ်မှာ ထိစပ်ကာ ဓနိမိုး ထရံကာ၊ ဝါးလုံးတိုင်ထောင်သည့် အိမ်လေးများ အစီအရီ ကပ်နေခြင်း က ကိုဗစ် ကပ်ရောဂါကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသည်။

ထိုသို့ ရောဂါ၏ အန္တရာယ်က နီးကပ်နေသော်လည်း ထိုနေရာတွင် နေထိုင်သည့်သူများမှာ ကျန်းမာရေးထက် မနက်ဖြန် အတွက် စားသောက်ရေးကို ဘယ်လို ဖြေရှင်းရမည်လည်း ဆိုသည့် အချက်က သူတို့အတွက် အရေးကြီးလျက် ရှိနေသည်။

ကိုဗစ်ကပ် ရောဂါ ပထမလှိုင်း စတင်သည့် ဧပြီလကုန်မှ စ၍ အစိုးရက ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံ စားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ခဲ့ပြီး၊ ဒုတိယအကြိမ်တွင် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ်၂ သောင်းနှုန်းကို ထောက်ပံ့ပေးခြင်းမှာ သုံးကြိမ်မြောက် ရှိပြီ ဖြစ်သည်။

သို့သော် မြေပြင်တွင် အစိုးရ ပေးနေသော ထောက်ပံ့ကြေးများကို တချို့ကျေးရွာ၊ မြို့နယ်များတွင် ငွေကျပ်၂ သောင်း အပြည့်အဝ မရခြင်း၊ ပေးပြီးသား အိမ်ထောင်စုများ ထပ်မံ ရရှိခြင်းနှင့် ငွေကြေး တတ်နိုင်သည့် မိသားစုများ ရရှိခြင်းများ ရှိနေခြင်း တို့ကြောင့် အစိုးရက ပေးသော်လည်း အငြင်းပွားမှုများ ရှိနေသည်။

ဆယ်အိမ်တန်းတွင် နေထိုင်သူ ဒေါ်တင်တင်တို့ပင် ကျပ် ၁၃၀၀၀ နှစ်ကြိမ်နှင့် ကျပ် ၁၃၅၀၀ တကြိမ်သာ ရရှိကြောင်း ၎င်း တို့က ပြောသည်။

ကျူးကျော် ရပ်ကွက်တွင် နေထိုင်သူများကတော့ အစိုးရ ထောက်ပံ့ကြေးကို ခံစားခွင့် မရပေ။

ထို့ကြောင့် ယခု ကိုဗစ် ဒုတိယလှိုင်းတွင် စက်တင်ဘာလမှစ၍ လုပ်ငန်း အများအပြား ရပ်နားခဲ့ရခြင်းက အခြေခံ လူတန်း စားများအတွက် ဝင်ငွေများ ထိခိုက် စားဝတ်နေရေး ခက်ခဲနေချိန်တွင် အလှူရှင်များနှင့် အစိုးရ၏ ထောက်ပံ့မှုကို မျှော်လင့် နေကြသည်။

အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရသည့် လှိုင်သာယာမှ ကျူးကျော်နေထိုင်သူများ/အောင်ကျော်ထက်/ဧရာဝတီ

လက်ရှိအချိန်တွင် အစိုးရ အနေနှင့် အခြေခံ လူတန်းစားများ ထောက်ပံ့ရေးထက် ကိုဗစ်ရောဂါ တိုက်ဖျက်ရေးကို ဦးစားပေး ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ကိုဗစ် ဒုတိယလှိုင်း ရိုက်ခက်မှုကြောင့် အခြေခံ လူတန်းစားများ အနေဖြင့် အဆောင်လခ မပေးနိုင်ခြင်း၊ စားဝတ်နေရေး ပြ ဿနာများနှင့် ဆင်းရဲမွဲတေမှု ဒဏ်ကို ကျန်းမာရေး အန္တရာယ်နှင့်အတူ ကြီးမားစွာ ရင်ဆိုင်နေရသည်။

လှိုင်သာယာမြို့နယ် COVID-19 ပြန်ကြားရေး ကော်မတီ တာဝန်ခံ ကိုဇေကိုကိုက “ကျနော်တို့ မြောက်ပိုင်းခရိုင်က အထိ အနာဆုံးဖြစ်တာ ဘာကြောင့်လဲ ဆိုတော့ လူဦးရေက အရမ်းများတယ်။ ရွှေ့ပြောင်း လုပ်သားတွေ အရမ်းများတယ်။ နေ့ စား အလုပ်သမားတွေ ဖြစ်တယ်။ သူတို့ရဲ့ ပြဿနာက အဆောင်လခ ပြဿနာတွေ စားဝတ်နေရေး ပြဿနာတွေ ဖြစ် တယ်။ ကျနော်တို့ ကွာရန်တင်း စင်တာမှာ ဆိုရင် စက်ရုံလုပ်သားတွေ၊ ရွှေ့ပြောင်း လုပ်သားတွေ အများဆုံး ဖြစ်တယ်” ဟု ပြောပြသည်။

စင်တာသို့ ရောက်ရှိလာသည့် သူများက အနံ့ပျောက်သည့် စက်ရုံလုပ်သား အများစု ဖြစ်ပြီး တရက်လျှင် အနံ့ပျောက် စက်ရုံ လုပ်သား ၄၀ အထိ ရှိကာ တပတ်လျှင် လူဦးရေ ၃၀၀ ဝန်းကျင် အထိ ရှိကြောင်း ၎င်းက ပြောသည်။

“အဲဒီလူတွေကို စစ်တဲ့အခါ အမြဲတမ်း ၃၀၀ ဆိုရင် လူ ၁၅၀ လောက်က Positive ပဲ။ အဲဒီတော့ အခြေခံ လူတန်းစားတွေရဲ့ အခက်အခဲက ရောဂါ ဖိစီးမှု အခက်အခဲ ဖြစ်တယ်” ဟု ကိုဇေကိုကိုက ပြောပြသည်။

အဆိုပါ ကိုဗစ်ရောဂါ တွေ့ရှိသည့် လုပ်သားများကို အိမ်၌ ထားမည်ဆိုပါကလည်း ၎င်းတို့က အဆောင်နေသူများဖြစ်သော ကြောင့် အဆင်မပြေမှုများ ရှိကာ နေထိုင်မှု အကြပ်အတည်း၊ စားဝတ်နေရေး စသည့်တို့က လက်ရှိ အခြေအနေတွင် တခု နှင့်တခု ကူးစက်ကာ ပိတ်မိနေကြသည်ဟု သူမြင်တွေ့နေရသည့် အခြေအနေကို ပြောပြသည်။

လက်ရှိတွင် ရန်ကုန်မြို့ကို Stay at Home ကြေညာထားသော်လည်း စီးပွားရေးက ကန့်သတ် ပိတ်ဆို့ထား၍ မရသော ကြောင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စက်ရုံ အလုပ်ရုံများကို A၊ B၊ C အဆင့်များ သတ်မှတ်ကာ A အဆင့်ရှိ စက်ရုံများကို အစိုးရက ပြန်လည် ဖွင့်လှစ်ခွင့်ပေးလျက် ရှိသည်။

ယခုအချိန်မှာတော့ စက်ရုံ အများစုက A အဆင့်ရှိ စက်ရုံများ ဖြစ်ကာ ပြန်လည် ဖွင့်လှစ် လုပ်ကိုင်နေကြသည်။

စက်ရုံ၊ အလုပ်ရုံများကို ပိတ်သိမ်းထား၍ မရသော်လည်း လုံလောက်သော အကာကွယ်နှင့် စည်းကမ်းများကို တာဝန်ရှိသူ များအနေနှင့် စနစ်တကျ စစ်ဆေးသလားဆိုသည့် မေးခွန်းမှာ မေးစရာ ဖြစ်နေသည်ဟု မြေပြင် အခြေအနေကို ကြည့်၍ ပြောဆိုဝေဖန်မှုများက ရှိနေသည်။

“အခုက Level 2 လောက် ရှိတဲ့ Mask  တွေကို ဝတ်ပြီးတော့ အလုပ်ဆင်းနေတာ တွေ့ရတယ်။ အိမ်ကနေ စထွက်ထဲက ဒါ ကို ဝတ်ပြီး စက်ရုံအထိ သွားတယ်။ အလုပ်ထဲလည်း ဒါကို ဝတ်ထားရတော့ ပိုးကို ကာကွယ်မပေးတဲ့ အပြင် ကျနော်တို့ အမြင်ကတော့ ချုပ်ထားသလိုတောင်ဖြစ်တယ်။ ပြီးတော့ လုံးထွေးပြီးတော့ ဒါကို အမှိုက်ပုံထဲ ပစ်ရင် ဘေးထွက် ဆိုးကျိုး တွေလည်း အများကြီး၊ ဒါကြောင့် တာဝန်ရှိသူတွေ ဘယ်လို စစ်နေလဲ စဉ်းစားရမယ်” ဟု စက်ရုံများ ပြန်လည် ဖွင့်လှစ် နေသည်ကို မြင်တွေ့ရသည့်အပေါ် ကိုဇေကိုကိုက သုံးသပ် ပြောဆိုသည်။

တဖက်တွင် ထိုကဲ့သို့ ကျန်းမားရေး အန္တရာယ်များ ရှိနေသော်လည်း အခြေခံ ဘဝများအတွက်က စားဝတ်နေရေးနှင့် အ ဆောင် လခများ ပေးနိုင်ရေးက ပို၍ အရေးကြီးနေသည်။

စားဝတ်နေရေးက အလှူရှင်များ၏ စေတနာနှင့် ဖြေရှင်း၍ ရသော်လည်း အဆောင်လခ ပြဿနာမှာ တချို့ပိုင်ရှင်များက လျှော့ပေးခြင်း၊ စောင့်ဆိုင်းပေးခြင်းသူများ ရှိသလို တချို့ မရမက တောင်းသည့် ပိုင်ရှင်မျိုးကလည်း ရှိနေသည်။

လှိုင်သာယာမြို့နယ်တွင် တရားဝင် သတ်မှတ်ထားသည့် အဆောင်ပေါင်း ၆၀၀၀ ကျော် အထိရှိပြီး တရားမဝင်က မည်မျှ နေသည်ကို မသိရှိရသေးပေ။

အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရသည့် လှိုင်သာယာမှ ကျူးကျော်နေထိုင်သူများ/အောင်ကျော်ထက်/ဧရာဝတီ

ကပ်ရောဂါ၏ နောက်ဆက်တွဲ ဆင်းရဲမွဲတေမှုများကြောင့် ဘဝ မျှော်လင့်ချက်မဲ့ လာကြခြင်း၊ တချို့ နိုင်ငံခြားထွက်ရန် အတွက် အတိုးနှင့် ငွေများချေးယူပြီးခါမှ ကပ်ရောဂါကြောင့် ပြန်လာရသည့်အခါ မိမိနေထိုင်ရာ ကျေးရွာများသို့ ပြန်ရောက် လျှင် ပေးရမည့် ချေးငွေများ မပေးဆပ်နိုင်သည်ကို တွေးကာ ကွာရန်တင်းစင်တာမှ တဆင့် စိတ္တဇ ဆေးရုံများ သို့ပင် ရောက်ရှိ သွားကြရသည့် အခြေအနေများ အထိ ဖြစ်နေသည်။

ထို့ကြောင့် အစိုးရအနေနှင့် ကပ်ရောဂါကြောင့် ပြည်ပက အလုပ်လက်မဲ့နှင့် ပြန်လာရသည့် လုပ်သားများအတွက်လည်း မျှော်လင့်ချက် ရှိလာရန်၊ မည်သို့သော အခွင့်အလမ်းများရှိကြောင်း၊ စီးပွားရေးတွင် အစိုးရအနေနှင့် ကိုဗစ်ပြီးပါက ဘယ်လို ပြင်ဆင်ထားကြောင်း စသည့် မျှော်လင့်ချက် ရှိနိုင်သော အခွင့်အရေးများကို ပြောပေးသည့် နှစ်သိမ့် ဆွေးနွေးပေးသည့် စကားဝိုင်း အစီစဉ်များကို ကွာရန်တင်း စင်တာများတွင် ပြင်ဆင်ထားရန် လိုအပ်နေပြီဟု ပရဟိတ လုပ်ကိုင်သူများ ပြောပြ ချက်အရ သိရသည်။

အထက်ပါ ဆင်းရဲ မွဲတေမှု အကြပ်အတည်းများကြောင့် ယခု နောက်ပိုင်းတွင် လိင်လုပ်သားများ ပို၍ များလာသည်ကို လူမှု ကွန်ရက် စာမျက်နှာများတွင် တွေ့လာနေရသည်။

ထို့ပြင် ပရဟိတ လုပ်ဆောင်နေသော ကိုဇေကိုကိုတို့ အနေဖြင့် စိုးရိမ်နေသည့်အချက် တခုက စားဝတ်နေရေးကို ထောက်ပံ့နေသော အလှူရှင်များကို မျှော်ကိုးကာ အခြေခံ လူတန်းများ၏ ဘဝများ ဆင်းရဲတွင်း ပို၍ နက်သွားမည်ကိုလည်း တွေးပူရသည်ကို မြင်လာရသဖြင့် အစိုးရအနေနှင့် ပြည်သူကို နှစ်သိမ့်ဆွေးနွေးပေးသည့် အစီစဉ်များ ပြုလုပ်ပေးသင့် ကြောင်း ထောက်ပြ ကြသည်။

ပြီးခဲ့သည့် ပထမလှိုင်းထက် လက်ရှိ ဖြစ်ပွားနေသော ကိုဗစ် ဒုတိယလှိုင်းက လုပ်ငန်းရှင်ကြီးများက စ၍ အောက်ခြေ အလုပ်သမား၊ လယ်သမား၊ ခေါင်းရွက်ထိုး ဈေးသည်များနှင့် ကျပန်း လုပ်သားများ အတွက် အထိနာနေဆဲပင်။

ပြည်တွင်း စိုက်ပျိုးရေး လုပ်ငန်းရှင်တဦးက “ဂိုထောင်ပိုင်ရှင်က ၁ နှစ်စာ ဂိုထောင် ငှားခမပေးပါနဲ့၊ ၆ လစာပဲ ပေးပါဆိုတာတောင် ပေးစရာ မရှိလို့ ပစ္စည်းတွေ ဝေငှလိုက်ရမလား” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ကိုဗစ်သည် အစိုးရကို ခြိမ်းခြောက်နေသလို စီးပွားရေးသမားများ၊ လုပ်သားများ၊ လက်လုပ်လက်စား အစ ရှိ သည့် လူတန်းစားမျိုးစုံကို ကပ်ရောဂါက ခြိမ်းခြောက်နေသည်။

အကန့်အသတ်များနှင့် လည်ပတ်နေရသည့် စီးပွားရေးသည် လည်ပတ်မှု အားနည်းသကဲ့သို့ ယင်း၏ နောက်ဆက်တွဲ ဆိုး ကျိုး အနေနှင့် ဆင်းရဲမွေတေမှုဒဏ်ကို နိုင်ငံ တနိုင်ငံ၏ အောက်ခြေရှိ လူတန်းများက အများဆုံး ခံစားရသည်မှာ မလွဲ ဧကန် ဖြစ်သည်။

ဆင်းရဲမွဲတေမှု၏ ဆိုးကျိုးများဖြစ်သော အလုပ်ကိုင် ပျက်ယွင်း ဝင်ငွေ ထိခိုက်ပြီး စားရေးသောက်ရေး အခက်အခဲတွေ့နေရ အခြေအနေများက ကိုဗစ်၏ ရိုက်ခတ်မှုဒဏ်ကို သိသာစွာ ခံစားနေရသည့် စီးပွားမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ ဆင်ခြေ ဖုံး ရပ်ကွက်များတွင် များစွာ တွေ့လာနေရပြီ ဟု လူမှုကူညီရေး အဖွဲ့များက ပြောကြားချက်များ လူမှုကွန်စာမျက်နှာများကို ကြည့်၍ပင် သိသာနေသည်။

ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက “ကိုဗစ်လှိုင်းမှာ အစိုးရအနေနဲ့ ရိက္ခာရော ပိုက်ဆံရော ထောက်ပံ့တာ လေးကြိမ် ရှိပါပြီ။ အဲဒီမှာလိုအပ်တာက တကြိမ်ရပြီးသား သူကို နောက်အကြိမ်တွေမှာ သူပဲ ဖြစ်နေတဲ့ စီမံခန့်ခွဲမှုမှာတော့ နည်းနည်းလေး လိုအပ်ချက် ရှိနေတာပေါ့။ ဒါကတော့ အုပ်ချုပ်ရေးပိုင်းကို တိုက်ရိုက် ပေး ကိုင်တဲ့ သဘော ရှိတယ်။ ပြောချင်တာက မျှဝေခြင်း အစီစဉ်တွေကိုတော့ အစိုးရက လုပ်ဆောင်ပေးနေတယ်” ဟု ပြော သည်။

အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရသည့် လှိုင်သာယာမှ ကျူးကျော်နေထိုင်သူများ/အောင်ကျော်ထက်/ဧရာဝတီ

ကိုဗစ် ရိုက်ခတ်မှုနှင့် ပတ်သက်ပြီး လက်ရှိ ကြုံတွေ့နေရသည့် အခြေခံ လူတန်းစားများအတွက်လည်း မြို့နယ်တိုင်းရှိ လွှတ် တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများက “ပြည်သူ့ထံမှ ပြည်သူသို့” အစီစဉ်နှင့် အချင်းချင်း ပံ့ပိုးကူညီမှု များကြောင့် အခက်အခဲ အများကြီး မရှိကြောင်း ၎င်းက ဆိုသည်။

အစိုးရအနေနှင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း အစရှိသည့် မြို့နယ်များသာမက အလယ်အလတ် လူတန်းစား များအတွက် စားနပ်ရိက္ခာများ စီစဉ်ပေးနိုင်မည်ဆိုလျှင်  ပိုကောင်းနိုင်မည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။

အခြေခံ လူတန်းစားများ အတွက် လိုအပ်ချက်များ ရှိနေသော်လည်း လက်ရှိတွင် ကျူးကျော် ရပ်ကွက်များတွင် နေထိုင်သူ များက ပို၍ အခက်အခဲများ ရှိသည်ကို ပိုတွေ့ရသည် ဟု ဦးညီညီက ပြောသည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် နွမ်းပါးသည့် အိမ်ထောင်စုများအား အထိနာစေခဲ့ပြီး အိမ်ထောင်စုများအတွက် ကြွေးမြီ ကိစ္စ မှာလည်း စိုးရိမ်စရာ အနေအထား ဖြစ်လာသည်ဟု ကမာ္ဘ့ဘဏ်နှင့် မြန်မာနိုင်ငံ အစိုးရ ဗဟိုစာရင်းအင်း အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် အစီရင်ခံစာက အောက်တိုဘာလ ၂၇ ရက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလက အဓိက လုပ်သား ၅၄ ရာခိုင်နှုန်းသည် အလုပ် မလုပ်နိုင်ခဲ့ကြောင်း အလုပ် လုပ်ခွင့်ရသည့် ၅၅ ရာခိုင် နှုန်း မှာလည်း ဝင်ငွေ လျှော့နည်းခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ထို့ပြင် အကန့်အသတ်များကို ဖြေလျှော့ပေးလိုက်သည့်  သြဂုတ်လတွင်မူ အခြေအနေများ ပြန်လည် ကောင်းမွန်လာမည့် လက္ခဏာ စတင် တွေ့လာရသော်လည်း အဓိက လုပ်သား ၁၅ ရာခိုင်နှုန်းသည် အလုပ် မလုပ်နိုင်ဘဲ ရှိသောကြောင့် ၃၀ ရာ ခိုင်နှုန်းမှာ သြဂုတ်လအတွင်း ကိုဗစ် မတိုင်ခင်နှင့် နှိုင်းစာလျှင် ဝင်ငွေလျှော့နည်း၍ ရကြောင်း ပူးတွဲ အစီရင်ခံစာ က ထုတ် ပြန်ထားသည်။

စိုက်ပျိုးရေး ကဏ္ဍသည် သြဂုတ်လတွင် ပြန်လည် ကောင်းမွန်လာသောလည်း ၁၀ ရာခိုင်နှုန်းသော လယ်သမားက သူတို့ ပုံမှန် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အသွားအလာ အကန့်အသတ်များက လယ်သမားများအတွက် လုပ်ငန်းခွင် ဝင်ရန်နှင့် ကုန်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားရန် အတားအဆီးများ ဖြစ်ခဲ့သည်။

သာကေတမှ ကျူးကျော်နေထိုင်သူများ/ဧရာဝတီ

ယင်းအခြေအနေများက ဝင်ငွေ လျှော့နည်းခြင်းနှင့် မရေရာသော လုပ်ငန်းများကြောင့် အိမ်ထောင်စု ၇ ရာခိုင်နှုန်းသည် စားနေကျ အဟာရထက် လျှော့၍ စားသုံးရကြောင်း ကမာ္ဘ့ဘဏ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ကမာ္ဘ့ဘဏ်က မြန်မာ အိမ်ထောင်စုများ၏ ၃၃ ရာခိုင်နှုန်းသည် ၎င်းတို့၏ ငွေရေးကြေးရေး အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြသည့်အပြင် အိမ်ထောင်စုများအတွက် ကြွေးမြီကိစ္စမှာလည်း စိုးရိမ်စရာ အနေအထား ဖြစ်လာ ကြောင်း သြဂုတ်လတွင် အိမ်ထောင်စု ၁၈ ရာခိုင်နှုန်းသည် အစိုးရ၏ ပံ့ပိုးမှု အစီအစဉ်များ၏ အကျိုးခံစားနိုင်ခဲ့ကြသည့် အတွက် ထိုအခြေအနေက ယခင်လများထက် ပိုမိုများပြားသည့် အရေအတွက် ဖြစ်လာသည်ဟု ဖော်ပြထားသည်။

သို့သော် ကမာ္ဘ့ဘဏ်က ငွေသား ထောက်ပံ့မှုသည် လိုအပ်နေသည့် အိမ်ထောင်စု အားလုံးကို မပံ့ပိုးပေးနိုင်သေးကြောင်း အိမ်ထောင်စုများ၏ လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါကလည်း ပံ့ပိုးမှု ပမာဏသည် နည်းပါးနေသေးကြောင်း အလုပ်အကိုင်များ ဖန်တီးပေးရန် ဝင်ငွေ ရရှိစေရန် ပံ့ပိုးမှုများကို ကျန်းမာရေး အစီအမံများ နည်းတူ မြန်မာအစိုးရအနေနှင့် ဆက်လက် ပံ့ပိုး ပေးသင့်သည်ဟု ထောက်ပြ အကြံပြုထားသည်။

ကိုဗစ်ဒုတိယလှိုင်းကြောင့် အထိနာနေသော မြန်မာနိုင်ငံ၏ နှလုံးသားမြို့တော် ရန်ကုန်မြို့ကို ပြည်ထောင်စု အစိုးရအနေ နှင့် ကုစားမှုများ လုပ်ဆောင်ပေးရန် လိုအပ်နေသေးသည့် အခြေအနေပင် ဖြစ်ပေသည်။

You may also like these stories:

ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုအချို့ကို ထောက်ပံ့ကြေး ထပ်မံပေးရန် စီစဉ်

ရန်ကုန်ရဲ့ အနေအထားကတော့ အရမ်းလျော့ကျတဲ့ အနေအထား မတွေ့ရဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading