မြန်မာနိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်း ဖြစ်ပွားမှုမှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး တရိပ်ရိပ် တိုးလာသည့် အေခြအနေမျိုး မရှိတော့သော်လည်း နေ့စဉ်ဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်။
အောက်တိုဘာလလယ်ကတည်းက စက်ရုံ၊ အလုပ်ရုံများ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့သော်လည်း ကူးစက်မှုများ ရှိနေဆဲ ဖြစ်သဖြင့် စီးပွားရေးမြို့တော် ရန်ကုန်မှာလည်း ယခုအချိန်အထိ လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးသည် ကိုလည်း မြင်တွေ့နေရသည်။
နိုဝင်ဘာလ ညနေပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ အတည်ပြုလူနာဦးရေမှာ ၅၆၉၄၀ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၄၀၇၇၈၊ သေဆုံးလူနာ ၁၃၃၀ ဦး ရှိပြီဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကိုဗစ်ဖြစ်ပွားမှု အနည်းငယ် ကျဆင်းမှုများကို မြင်တွေ့လာရသဖြင့် လတ် တလော ကိုဗစ်ကူးစက်မှု အခြေအနေနှင့် ထိန်းချုပ်နိုင်မှု အခြေအနေကို သိရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး ကို သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ဒီရက်ပိုင်းမှာ ကိုဗစ် ကူးစက်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေ နည်းနည်း လျော့လာတာ တွေ့ရတော့ လက်ရှိ ကိုဗစ် ကူးစက်မှု အခြေအနေက ဘယ်လို ရှိသလဲရှင့်။
ဖြေ။ ။ Positive ဖြစ်တဲ့နှုန်းကတော့ ၁၀ ရာခိုင်နှုန်းအောက်တွေပဲ တောက်လျှောက် ဖြစ်နေတယ်။ သတိထားမိမယ် ဆို ရင် ရောဂါပိုးတွေ့တဲ့ လူနဲ့ ဆေးရုံဆင်းတဲ့လူနဲ့ဆိုရင် ဆေးရုံဆင်းတာက များနေတာ တွေ့ရတယ်။ မများတဲ့နေ့ဆို မတိမ်း မယိမ်း ဖြစ်နေတာကို တွေ့ရတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဆေးရုံဆင်းတဲ့ ဦးရေက တော်တော်ကြီးကို တက်လာတယ်။ တက်လာတဲ့အပြင်ကို ပြန်ကောင်းတဲ့ ရာခိုင်နှုန်းက ၆၅ ရာခိုင်နှုန်းလောက်ကို ဖြစ်တာကို တွေ့ရတယ်။ ပိုးတွေ့တဲ့သူ ၁၀၀ မှာဆိုရင် ၆၅ ယောက်လောက်က ပြန်ကောင်းနေပြီ ဆိုတာကို တွေ့ရတယ်။
မေး။ ။ ပြန်ကောင်းတဲ့သူတွေ များလာတယ်။ ပြန်ကောင်းနိုင်ခြေတွေ များလာတယ် ဆိုတော့ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း ရော လျော့လာပြီလားရှင့်။
ဖြေ။ ။ သေဆုံးတဲ့လူတွေ ကြည့်လိုက်မယ်ဆိုရင်၂ ဒသမ ၄ ဝန်းကျင်မှာတော့ ရှိနေတုန်းပဲပေါ့။ သေဆုံးနှုန်းကတော့ အထူးအထွေ အများကြီး မကျသေးဘူးပေါ့။ သို့သော် ဒီရက်ပိုင်းမှာပဲ သံသယ လက္ခဏာရှိတဲ့ စောင့်ကြည့်လူနာတွေ ကတော့ နည်းနည်းလျော့လာတယ် ဆိုတာကို တွေ့ရှိရတယ်။ ဒါက အခြေအနေကောင်း ရရှိနေတယ်လို့ ပြောလို့ရပါတယ်။ သို့သော် ရန်ကုန်ကတော့ ရောဂါဖြစ်ပွားမှုက ၈၀၊ ၈၀ ရာခိုင်နှုန်းကျော်မှာတော့ အမြဲ ရှိနေတုန်းပဲ ဆိုတာ တွေ့ရတယ်။
မေး။ ။ ဆိုတော့ တနိုင်ငံလုံးခြုံကြည့်ရင် လျော့လာပေမယ့် ကူးစက်မှု အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ အခြေအနေက အရမ်းကြီး လျော့သွားတာမျိုး မရှိဘူးလို့ ဆိုနိုင်မလား။
ဖြေ။ ။ ရန်ကုန်ရဲ့ အနေအထားကတော့ အရမ်းလျော့ကျတဲ့ အနေအထား မတွေ့ရဘူး။ ခြုံပြောရမယ် ဆိုရင်တော့ Positive ဖြစ်တဲ့နှုန်းကတော့ ၁၀ ရာခိုင်နှုန်းအောက်တော့ ဖြစ်လာပြီ။ တချိန်ချိန်မှာ အဲဒီ ၁၀ ရာခိုင်နှုန်းအောက်ကနေပြီး တော့ ၅ ရာခိုင်နှုန်း အောက်တွေ ဖြစ်လာပြီဆိုရင်တော့ အခြေအနေကောင်းတခု စရပြီလို့ ပြောလို့ရတာပေါ့။ အခုအချိန်မှာ တော့ တန့်နေတဲ့ အနေအထားပေါ့။ တက်တာလည်း မဟုတ်ဘူး၊ ကျတာလည်း မဟုတ်ဘူး တန့်နေတဲ့ အနေအထားမှာ ရှိတယ်။ ဒီလို တန့်လာတဲ့ အနေအထားမှာတောင်မှ Positive က တက်လိုက်ကျလိုက်နဲ့ နည်းနည်းရှိတယ်။ အခြေအနေ ကောင်းတခုတော့ ဖြစ်လာပြီလို့တော့ စပြောမယ် ဆိုရင်တော့ ပြောလို့ရပါပြီ။
မေး။ ။ ရန်ကုန်မြို့မှာ ကူးစက်မှုတွေ အရမ်း မလျော့ကျရသေးတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ။
ဖြေ။ ။ နဂိုကတည်းက ရန်ကုန်ကတော့ လူဦးရေ ထူထပ်မှုလည်း များတယ်။ ရန်ကုန်တိုင်းရဲ့ လူဦးရေဟာဆိုရင် မြန်မာနိုင် ငံမှာရှိတဲ့ တခြားတိုင်းနဲ့ပြည်နယ်ရဲ့ လူဦးရေထက်စာရင် ထူထပ်မှုက ၄ ဆ လောက် ရှိတယ်။ စက်ရုံ အလုပ်ရုံတွေများ တယ်၊ ရွှေ့ပြောင်း အလုပ်သမားတွေ များတယ်။ အလုပ်ဆင်းတဲ့လူတွေ ရှိတယ်။ ဒါ့ပြင်ကို ရန်ကုန်မှာ သက်ကြီးဘိုးဘွား တွေကို စောင့်ရှောက်တဲ့နေရာ၊ သဘာဝ တရားရိပ်သာမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ လူစုလူဝေးနဲ့ စောင့်ရှောက်တဲ့ နေရာတွေက ပိုပြီးတော့ များတယ်။
အဲဒီအခါမှာ တနေရာရာမှာ ဖြစ်လိုက်တယ်ဆိုရင် အစုလိုက်အပြုံလိုက် ဖြစ်တဲ့သဘော ရှိတယ်။ အစုလိုက်အပြုံလိုက် ဖြစ် တဲ့အတွက်ကြောင့်မို့လို့ ရောဂါကို ထိန်းချုပ်တဲ့အခါမှာလည်း အခက်အခဲ ရှိတာပေါ့။ သံလျင် ဘိုးဘွားရိပ်သာမှာဆို ဘိုး ဘွားတွေ၂၀၀ ကျော် ၃၀၀ နီးပါး ဖြစ်တယ်။
နဂိုကတည်းက ဘိုးဘွားတွေက အသက်ကြီးတယ်ဆိုတဲ့ အန္တရာယ်က ရှိပြီးသားဖြစ်တယ်။ အသက်ကြီးတဲ့ Risk က ရှိ တယ်။ နောက်ခံ ရောဂါ ရှိတဲ့သူတွေမှာလည်း Risk ရှိတယ်ဆိုတော့ အသက်ကြီးတဲ့ သူတွေမှာ နောက်ခံရောဂါ ရှိကြတာ များတော့ Double Risk ပေါ့။ Risk တောင် နှစ်မျိုး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ အန္တရာယ်များတယ်။
ဖြစ်လာပြီ ဆိုရင်လည်း သူတို့က ရောဂါကို ဆိုးဆိုးရွားရွား ခံစားရတယ်။ ICU ထဲ ရောက်နိုင်တယ်။ အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဒါက အထူးအလေးထားရမယ့် အခြေအနေပေါ့။ စက်ရုံ အလုပ်ရုံတွေမှာလည်း Guideline နဲ့ ညီတဲ့ အဆင့် A ရတဲ့ စက်ရုံတွေ ဖွင့်လို့ ရသော်လည်းပဲ တချို့စက်ရုံ အလုပ်ရုံတွေကဆိုရင် နောက်ပိုင်းမှာ Guideline တွေကို မလိုက်နာတာမျိုးတွေလည်း ရှိတယ်ပေါ့။ Social Media မှာလည်း တွေ့ရတယ်။ ဖယ်ရီတွေ ကြိုတဲ့ အခါမှာလည်း ပူးပူးကပ်ကပ် မဖြစ်အောင်ဆိုပေမယ့် မတ်တပ်ရပ်စီးတာတွေဘာတွေ ဒါမျိုးတွေလည်း ရှိတယ်။ ဒါမျိုးတွေ မဖြစ်သင့်ဘူးပေါ့။
မေး။ ။ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေး ထုတ်လုပ်ဖို့ အောက်တိုဘာလက ဆွေးနွေးပွဲ ပထမအဆင့်မှာ သဘောတူခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ Remdesivir ဆေးလာလှူရင်းနဲ့ အိန္ဒိယနဲ့ မြန်မာ ကိုဗစ်ကာကွယ်ဆေး ထုတ်တဲ့ အခါမှာ ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး ဒါမျိုးတွေတော့ ရှိတယ်။ ပထမ အဆင့်အနေနဲ့ ဒီဘက်က သဘောတူထားတယ် ဆိုတာလည်း ရှိပါတယ်။ အိန္ဒိယက ကာကွယ်ဆေး ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်နေပါတယ်။ အိန္ဒိယက ကာကွယ်ဆေး ထုတ်လုပ်တဲ့ အခါမှာလည်း ထုတ် လုပ်နိုင်တဲ့ စက်ရုံတွေ၊ ထုတ်လုပ်နိုင်တဲ့ ဆေးကုမ္ပဏီတွေလည်း ရှိပါတယ်။
လက်ရှိမှာ ဆိုရင်တော့ အိန္ဒိယ ကာကွယ်ဆေးကတော့ Phase 3 Clinical Trial ရှိနေတာကတော့ မရောက်သေးဘူးပေါ့ နော်။ သူလည်းပဲ တိုးတက်မှုတွေ ရှိနေတာတော့ ရှိပါတယ်။ ပူးတွဲလုပ်ဆောင်မယ် ဆိုတာက ဆေးကို နောက်ပိုင်း လုပ် ဆောင်မယ် ဆိုရင် အောင်မြင်မှု အတော်ရလာပြီဆိုရင် Phase 3 Clinical Trial လို့ခေါ်တဲ့ လူတွေမှာ စမ်းသပ်တယ်။ စမ်းသပ်တဲ့အခါမှာလည်း ဆေးရဲ့အန္တရာယ် မရှိမှု၊ ဆေးရဲ့အာနိသင်၊ ဆေးရဲ့ အုပ်စုတိုင်းမှာမှ ကလေး၊ လူကြီး အသက် အရွယ်မရွေး အသက်ကြီးတဲ့လူ၊ ရောဂါ ရှိတဲ့လူ စသဖြင့် ဒီလူတွေ ထိုးနှံတဲ့ အခါမှာ ကာကွယ်ဆေး အာနိသင် ရှိ၊ မရှိ ဒီလို စမ်းသပ်ရမယ့် ကိစ္စတွေ ရှိပါတယ်။
အဲဒီအခါမှာလည်း ပါဝင်ဆောင်ရွက်မယ့် ကိစ္စတွေမှာလည်း မြန်မာနိုင်ငံကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ပူးပေါင်း ဆောင်ရွက်တာတွေ ဒါမျိုးတွေ ဖြစ်ပါလိမ့်မယ်။ အသေးစိတ်ကတော့ မဖော်ပြထားပါ ဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ ကာကွယ်ဆေး ထုတ်လုပ်တဲ့ အခါမှာ ကာကွယ်ဆေးရဲ့ အန္တရာယ် ကင်းစင်မှု၊ လူသား တွေမှာ ကာကွယ်ဆေးတခုရဲ့ Phase 3 Clinical Trial ကို စမ်းဖို့ဆိုတာ နဂိုကတည်းက ဒီကာကွယ်ဆေးက အန္တရာယ် ကင်းစင်တယ် ဆိုတဲ့ အချက်တော်တော်များများကို သက်သေပြထားပြီးမှသာ လူတွေက စမ်းသပ်တာဖြစ်ပါတယ်။ အဲဒီလို အခြေအနေမှာတော့ ကိုယ့်မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ သဘော ဖြစ်ပါလိမ့်မယ်။
မေး။ ။ ကိုဗစ်ကူးစက်မှုနှုန်းက လက်ရှိ အခြေအနေကနေ ဆက်ပြီး ကျဆင်းဖို့ ဘယ်လောက် လိုဦးမလဲ။
ဖြေ။ ။ တယောက်စီတိုင်း တယောက်စီတိုင်းက စည်းကမ်းကို လိုက်နာမှသာ ရောဂါ ထိန်းချုပ်တဲ့အခါမှာ ကောင်းကောင်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို လိုက်နာဖို့အတွက်ကလည်း ကိုယ်စီ၊ ကိုယ်စီမှာ တာဝန်ရှိတယ် ဆိုတာကို သိဖို့ လိုပါ တယ်။ ကျမတို့ ဘယ်လောက်ပဲ စည်းကမ်းတွေ ထုတ်နေနေ ပြည်သူတွေက လိုက်နာဖို့ လိုအပ်ချက်တွေ ရှိနေတယ်။ လိုက်နာဖို့ ပျက်ကွက်တယ်။ လိုက်နာတဲ့အခါမှာ အားနည်းမှု ရှိနေတယ် ဆိုရင်တော့ ကြန့်ကြာနေဦးမှာပဲ ဖြစ်ပါတယ်။ တန့် နေတဲ့ အခြေအနေကနေ မကျသွားဘဲနဲ့ တန့်နေတဲ့ အခြေအနေမှာပဲ ရှည်ကြာနေတာမျိုး ရှိနေနိုင်ပါတယ်။
မိသားစုတွေ တအိမ်တည်းမှာ အများကြီး စုနေကြတယ်။ အပြင်ထွက်တဲ့လူတွေ ရောဂါ ကူးလာတယ်။ စည်းကမ်းနဲ့ သေချာ မလိုက်နာဘူးဆိုရင် အသက်ကြီးတဲ့ မိဘ၊ ဘိုးဘွားတွေကို ကူးစက်တဲ့အခါမှာ သူတို့က ကိုယ်ခံအားနည်းတယ်။ နည်းတဲ့ အခါ ရောဂါပိုး ကူးတယ်ဆိုရင် ဆိုးဆိုးရွားရွား ခံစားရတယ်။ ဆေးရုံတက်ရတယ်။ သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်။ ဒါတွေ ကလည်း သေဆုံးနှုန်း သိပ်မကျရတဲ့ အကြောင်းအရာတွေထဲ ပါပါတယ်။ ရန်ကုန်ကတော့ အများကြီး ထိန်းနိုင်ဖို့ လိုပါ တယ်။ သူ့ရဲ့ အနေအထားကိုက တခြားတိုင်းနဲ့ ပြည်နယ် အနေအထားနဲ့ မတူတာမို့လို့ပဲ ဖြစ်ပါတယ်။
You may also like these stories:
မအူပင်အကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ၆၉ ဦးတွင် ကိုဗစ်ပိုးတွေ့
ရန်ကုန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ကျဆင်းသော်လည်း အခြားနေရာများတွင် တိုးနေ
အိန္ဒိယက မြန်မာနဲ့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သဘောတူ