မဲမသမာမှု စွပ်စွဲချက်များဖြင့် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်သည်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဆိုလျှင် ၂ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်သည်။ ယင်း ၂ နှစ်တာ ကာလအတွင်း တိုင်းပြည် ၏ နိုင်ငံရေး၊ စီးပွားရေးမှသည် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအဆုံး အရာရာ အလုံးစုံပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့ လေပြီ။
ထိုအထဲမှ နိုင်ငံ့စီးပွားရေး ကျပ်တည်းမှုကြောင့် အဆမတန် ဈေးနှုန်းမြင့်တက်လာသော အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အိမ်သုံးပစ္စည်း စသည်တို့က ပြည်သူလူထုအပေါ် ပိုမို ဝန်ပိလာနေသည်။
အာဏာမသိမ်းခင်က လုပ်အားခ ၁ ရက် ဝင်ငွေ ၄၈၀၀ ကျပ်ဖြင့် ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ကြက်သားဟင်း စားနိုင် သည့် နေ့ရက်များ ရှိခဲ့သော်လည်း ယခုအခါ ဆန်ကြမ်းနှင့် ငါးပိရည်ကိုပင် နပ်မှန်အောင်စားနိုင်ရေး မနည်းရုန်းကန်နေ ရသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ၂၀၂၂ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန် ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ် ၁ နှစ်တာအတွင်း ၆၂ ရာခိုင်နှုန်း မြင့်လာပြီး အခြေခံစားကုန် ဖြစ်သည့် ဆန်နှင့် စားသုံးဆီကိုပင် ဝယ်ယူရန် လက်လှမ်းမမီသည့် အခြေအနေသို့ လူအများအပြား ရောက်ရှိနေသည် ဟု ဆိုသည်။
ထို့ပြင် နိုင်ငံအတွင်း နေရာအနှံ့အပြား၌ ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် နေရပ်စွန့်ခွာမှုများကြောင့်လည်း ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အပေါ် ထိခိုက်ကာ သန်းနှင့်ချီသော ပြည်သူများအတွက် နေ့စဉ်ဝမ်းရေးကို ခြိမ်းခြောက်လျက် ရှိကြောင်းလည်း WFP က ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၀ မတ်လမှစပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် တုံ့ဆိုင်းခဲ့သော မြန်မာ့စီးပွားရေးမှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ ပြိုလဲသွားသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
နိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့်အတူ စစ်အာဏာရှင်၏ ဈေးကွက်ထိန်းချုပ်ရေး၊ ကုန်သွယ် ရေးမူဝါဒများ ပြောင်းလဲခြင်း စသည်တို့ကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းပြီး အခြေခံစားသောက်ကုန်မှစ၍ အိမ်သုံးဆေး ဝါးများထိ အဆမတန် ဈေးမြင့်တက်လျက် ရှိသည်။
စစ်တပ် အာဏာမသိမ်းခင်က ရွှေဘိုပေါ်ဆန်းဆန် ၁ အိတ်လျှင် ကျပ် ၅ သောင်း အများဆုံးရှိခဲ့ရာမှ ယခုအခါ ၁ အိတ် လျှင် ကျပ် ၁ သိန်း ၁ သောင်းကျော်မှ အနိမ့်ဆုံး ကျပ် ၈ သောင်းကျော်ထိ ရှိနေပြီး အခြေခံလူတန်းစားများ စားသုံး သည့် ဆန်ကြမ်း (ငစိန်၊ ဇီယာ စသည်ဖြင့်) ၁ အိတ်မှာလည်း ကျပ် ၂ သောင်းကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၆ သောင်းဝန်းကျင်ထိ မြင့်တက်နေသည်။
ထို့ပြင် စားအုန်းဆီ ၁ ပိဿာလျှင်လည်း ၆၄၅၀ ကျပ်မှ ၇၀၀၀ ကျပ်ထိ ရှိနေသလို ဝက်သား ၁ ပိဿာလျှင် ကျပ် ၁၅၀၀၀ ထိ ဝယ်ယူ စားသောက်နေရသည်။
လှိုင်သာမြို့နယ်၊ စက်မှုဇုန် ၂ ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေသည့် မအေး (အမည်လွှဲ) က “အခုက ဝင်ငွေနဲ့ထွက်ငွေ မလောက်ငပေမယ့်လည်း အသက်ရှင်သန်ဖို့အတွက် ရအောင်ရုန်းနေရတာပဲ” ဟု ဆိုသည်။
ထိုသို့ ကုန်ဈေးနှုန်းများ မြင့်တက်မှုဒဏ်ကိုသာမက တဖက်တွင်လည်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုတို့ ကြောင့် ပြည်သူများမှာ တနေ့ထက်တနေ့ ကျပ်တည်းသထက် ကျပ်တည်းလာနေသည်။

မအေးက “အခု ဈေးနှုန်းက ခေါက်ချိုးမက တက်လာတယ်။ လုပ်အားခကတော့ တိုးမလာဘူး။ ခါတိုင်း စနေနေ့ အလုပ်ဆင်းလို့ နေ့လယ် ၁၂ နာရီဆိုရင် တရက်လုပ်အားခက တရက်စာ ရပြီ။ ညနေပိုင်းထိဆင်းရင် အိုတီကြေးက ၄ နာရီ ရပြီးသား။ အခုကျ စနေနေ့ဆို ပြန်လွှတ်တယ်။ အလုပ်ဆင်းရတဲ့ ရက်တွေဆိုရင် ညနေ ၄ နာရီ ပြန်လွှတ်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာဆိုရင် အိုတီက ၁၄ နာရီပဲ ရတယ်။ ခါတိုင်းဆို အိုတီက ၂၆ နာရီ အထက်မှာ ရတာ။ အခုက တဝက်လောက် အလုပ်က လျော့ကျသွားတယ်” ဟု ရှင်းပြသည်။
ထို့အတွက် ဝင်ငွေနှင့် ထွက်ငွေမှာ မမျှတော့ဘဲ ယခင်က တရက် ငွေ ၂ ထောင်ကျပ် သုံးနိုင်သူသည် ယခုအခါ ငွေရာ ဂဏန်း သုံးစွဲရန်ပင် ခက်ခဲသည့် အခြေအနေ ဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။
ယခင်က အထည်ချုပ် အလုပ်သမား တဦးလျှင် နေ့စဉ် လုပ်အားခ၊ ကျွမ်းကျင်ကြေး၊ ဒေးကြေး (ရက်မှန်ကြေး)၊ အိုတီ ကြေး (အချိန်ပို) စသည်ဖြင့် အားလုံးပေါင်းလိုက်လျှင် တလကို လစာ ကျပ် ၃ သိန်း ဝန်းကျင် ရရှိသော်လည်း အာဏာ သိမ်းပြီးနောက်ပိုင်းတွင် အထည်ချုပ်စက်ရုံများ အပါအဝင် လက်ခစားနှင့် ချုပ်ရသော အိတ်ချုပ်၊ ဖိနပ်ချုပ် စက်ရုံများ မှာ ယခင်ကဲ့သို့ အော်ဒါအမှာစာရရှိမှု နည်းပါးလာသောကြောင့် ကျွမ်းကျင်လုပ်သား တဦးပင်လျှင် ကျပ် ၃ သိန်း မပြည့် တော့ပေ။
ရွှေပြည်သာမြို့နယ်နေ စက်ရုံအလုပ်သမား မသူဇာကလည်း “ဘဲဥတလုံး ၃၅၀ နဲ့ ကြက်ဥဆို ကျပ် ၁၀၀၀ ဖိုး ၄ လုံး ဆိုတော့ ကျမတို့ရတဲ့ လုပ်အားခ ၄၈၀၀ ကျပ်နဲ့ ဘယ်လိုမှ လက်လှမ်း မမီတော့ဘူး။ အရင်က ကျပ် ၃၀၀၀ ဖိုးလောက် ဆိုရင် ဝက်သားလေး၊ ကြက်သားဟင်းလေး စားနိုင်သေးတယ်။ အခုက ငါးပိရည်နဲ့တောင် အတို့အမြှုပ်နဲ့ စုံအောင် မစားနိုင်တော့ဘူး။ အသားဟင်း ဆိုတာကတော့ ကျမတို့နဲ့ တော်တော်အလှမ်းဝေးသွားတာ ၄ လလောက် ရှိနေပြီ” ဟု ဆိုသည်။
ထို့ပြင် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး အကျပ်အတည်းများ၏ ရိုက်ခတ်မှုကြောင့် တချို့စက်ရုံများ ပိတ်သိမ်းခြင်း၊ တချို့စက်ရုံများမှာလည်း လနှင့်ချီ၍ ပိတ်ခြင်းများနှင့် လူဦးရေ ထောင်နှင့်ချီရှိသည့် စက်ရုံကြီးများပင်လျှင် လုပ်သား လျှော့ချခြင်းများ ရှိနေရာ အလုပ်လက်မဲ့ဦးရေမှာ ပိုများလာနေသည်။
ထို့အတွက် လုပ်သားအများစုမှာ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရမှုများ၊ အခွင့်အရေး ချိုးဖောက်ခံရမှုများ ကြုံနေရသော် လည်း အလုပ်ပြုတ်မည် စိုးသဖြင့် ကြိတ်မှိတ်သည်းခံပြီး လုပ်နေရသည့် အခြေအနေ ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယဉ်ပါက မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဩဂုတ်လထိ အလုပ်အကိုင် အခွင့်အလမ်း ၁ ဒသမ ၁ သန်း လျော့နည်းသွားကြောင်း သိရသည်။
မအေးက “လစာထုတ်ရင် အရင်လို အိုတီကြေးမရတော့ ကျပ်သုံးသောင်းလောက်က အသာလေးလျော့တယ်။ နောက်ပြီး ကျန်းမာရေးအတွက် ဖူလုံရေးဆေးခန်းတွေဘာတွေသွားပြီး သူ့ထောက်ခံချက်ပါရင် အရင်က ဘာမှ မဖြစ်ဘူး။ အခုက တခါကနေ နှစ်ခါလောက် ဖျားတာ ထောက်ခံချက် ပါရင်တောင် စက်ရုံဘက်က လစာလျှော့တယ်။ အဲဒီတော့ အလုပ်သမားတွေက ဒီကာလကြီးမှာ အလုပ်ကရှား၊ ကုန်ဈေးနှုန်းကတက်တော့ အိမ်လစာလေးရ ပြီးရော ဆိုပြီး သည်းခံလုပ်နေရတာ။ အပြင်မှာလည်း ဘာအလုပ်မှ အရင်လို မယ်မယ်ရရ မရှိဘူး” ဟု ပြောသည်။
ယခင်က မအေးတို့ မိသားစု ၅ ယောက်သည် အလုပ်ကြမ်းလုပ်သည့် အမျိုးသား၏ ဝင်ငွေအပါ သူမ၏ လစာနှင့် ဆိုလျှင် အိမ်လစာ၊ ရေဖိုး၊ မီးဖိုးနှင့် အိမ်စရိတ်မှာ လောက်ငသော်လည်း ယခုအခါ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လာခြင်း၊ အလုပ်အကိုင် ရှားပါးလာခြင်းတို့ကြောင့် မိသားစုရပ်တည်ရေး ခက်ခဲလာကြောင်း ဆိုသည်။
ထို့ပြင် လက်ရှိတွင် ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်းများ (CMP) တွင်သာ ကုန်အမှာ စာများ လျော့ကျ၍ လုပ်ငန်းများ ခက်ခဲနေသည် မဟုတ်ဘဲ အခြေခံလုပ်သားအများစု မှီခိုနေရသည့် ဆောက်လုပ်ရေး ကဏ္ဍတွင်လည်း လုပ်ငန်းကြီးအများစုမှာ ရပ်ဆိုင်းထားသောကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြရသည်။
ရွှေပြည်သာမြို့နယ်နေ ဆောက်လုပ်ရေးလုပ်သားတဦးက “အလုပ်တွေက အရင်လို မဟုတ်ဘူး။ ကိုဗစ်ကာလတုန်းက တောင် အလုပ်က အခုလောက် မရှားဘူး။ ဆိုက်(လုပ်ငန်းခွင်)တခု ပြတ်သွားရင် နောက်တခုက အဆင်သင့် ရှိတယ်။ အခုက တော်တော့်ကို ရှားတယ်။ မရှိဘူး။ အဲဒီတော့ စားဝတ်နေရေး ကျပ်တည်းတာပေါ့။ ပန်းရန်မလုပ်ရလို့ ကယ်ရီ ဆွဲမလား ဆိုတော့လည်း သူတို့ (စစ်သား) ကြောက်ရတယ်။ ဈေးရောင်းဖို့ကျတော့လည်း ကိုယ်လည်း အရင်က သုံး မျိုးလောက်ဝယ်ရင် အခုက တမျိုးလောက်တောင် ဖြစ်သလိုပဲ ဝယ်စားတယ်။ လူတိုင်းကလည်း ဒီလိုဖြစ်နေတော့ ဈေး ရောင်းဖို့လည်း အဆင်မပြေဘူး” ဟု ပြောသည်။
စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူးနှင့် ဒလမြို့နယ်များတွင် မော်တော် ဆိုင်ကယ် စီးနင်းခွင့်ကို ပိတ်ထားသလို ၎င်းတို့ တပ်ဖွဲ့ဝင်များ တပ်စွဲရာ မြို့နယ်များရှိ နေရာများ၊ မြို့တော်ခန်းမများ၊ ရဲစခန်းများရှေ့သို့လည်း ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားသဖြင့် ဆိုင်ကယ်ရီဆွဲသည့် အလုပ်မှာ လည်း အလုပ်မဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ဒါကြောင့် အခု နှစ်လုံး၊ သုံးလုံးနဲ့ မင်းသား၊ မင်းသမီးပုံတွေကို ဒိုင်ကိုင်ထိုးတဲ့ လောင်းကစားတွေ ကသာ ရပ်ကွက်ထဲမှာ ခေတ်စားနေတယ်။ အလုပ်က မယ်မယ်ရရ အရင်လို ဘယ်သူမှ မရှိတော့ဘူး။ အဲဒီကြားထဲ ကုန်ဈေးနှုန်းကတက်တော့ တော်တော်လေး ကျပ်တည်းတယ်။ ရရစားစား ဖြစ်နေတာပေါ့” ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ အခြေခံလုပ်သားများ၏ တရက်ဝင်ငွေမှာ ၄၈၀၀ ကျပ်၊ ဒေါ်လာနှင့်ဆိုလျှင် ပျမ်းမျှ ၁ ဒေါ်လာခွဲသာ ရှိပြီး မိသားစု တစုအတွက် အခြေခံကျဆုံး တရက်စားသည့် ဆန်ကြမ်း တပြည်မှာပင် ၃၈၀၀ ကျပ် ဖြစ်နေသည့် အချိန်တွင် ယင်းလုပ်အားခမှာ မျှတသည့်ပမာဏ မဟုတ်ပေ။
အိမ်နီးချင်း ဖြစ်သည့် ထိုင်းနိုင်ငံ၏ တာ့ခ်ခရိုင်မှာပင် အနိမ့်ဆုံးပေးထားသော တရက်လုပ်အားခမှာ ၃၃၅ ဘတ် (ကျပ် ၃ သောင်းနီးပါး) ရရှိနေသည့် အချိန်တွင် မြန်မာနိုင်ငံ၏ တရက်လုပ်အားခမှာ ၄၈၀၀ ကျပ်ထပ် ပိုမရသည့် အခြေအနေ ဖြစ်သည်။
ထိုကဲ့သို့ ဝင်ငွေနှင့်ထွက်ငွေ မျှတမှု မရှိသည့်အတွက် ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများမှာ ပြီးခဲ့သည့် နှစ်အတွင်းက လုအားခတိုးပေးရန် ဆန္ဒပြတောင်းဆိုမှုများ ရှိခဲ့သော်လည်း အလုပ်ရှင်ဘက်က တိုးမပေးသည့်အပြင် အလုပ်ထုတ်သည်အထိပါ အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ပြန်သည်။
ထိုအခြေအနေတွင် စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းက လုပ်ခလစာနှုန်းထားများ တိုးမြှင့်ပေးရန် စီစဉ်နေသည်ဟု ၂၀၂၂ နိုဝင်ဘာ ၂၅ ရက်က နေပြည်တော် ခြောက်လပတ် အစည်းအဝေး၌ ပြောဆိုခဲ့သော်လည်း မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ကိုမူ အသေးစိတ် ရှင်းလင်းပြောဆိုခဲ့ခြင်း မရှိပေ။
တဖက်တွင်လည်း ပြည်တွင်းအခြေစိုက် လုပ်ငန်းများ အနေဖြင့် လက်ရှိ စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်နေချိန် တွင် လစာတိုးပေးရန် မလွယ်ကူသည့်အပြင် ပြည်ပတင်ပို့သည့် လုပ်ငန်းအများစုမှာလည်း အော်ဒါကျဆင်းခြင်း အပါ အဝင် ဝင်ငွေရရှိမှု နည်းပါးနေခြင်းကြောင့် လုပ်ငန်းဆက်လည်ပတ်ရန်ပင် အခက်အခဲများ ရှိနေသည်။
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “ကျနော်တို့ သုံးပွင့်ဆိုင် အစည်းဝေးတောင် အခုချိန်မှာဖြစ်ဖို့က တော်တော်လေး ခဲယဉ်းတဲ့ အနေအထား ဖြစ်တယ်။ ဒါကြောင့် ကျနော့်အမြင်အရ ဒီနှစ် ၂၀၂၃ ထဲမှာတောင် လုပ်ခ လစာ တိုးပေးဖို့က မဖြစ်နိုင်ဘူးလို့ မြင်တယ်။ ဥပဒေအရဆို သုံးပွင့်ဆိုင် အစည်းအဝေးဖြစ်မှ ဆိုတော့လေ။ မြေပြင် အခြေအနေကို မသိဘဲ တိုးမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်က တော်တော်ကြီးတယ်” ဟု ဆိုသည်။
ကမ္ဘာ့စီးပွားရေး ကျဆင်းနေခြင်းကြောင့် နိုင်ငံတကာတွင် အသုံးအစွဲ လျော့လာသည့်ကာလနှင့် မြန်မာနိုင်ငံ၌ အာဏာ သိမ်းပြီးနောက်ပိုင်း ပျက်စီးယိုယွင်းလာသော ဘဏ်စနစ်၊ နိုင်ငံခြားငွေကြေးအပေါ် စစ်ကောင်စီ၏ ထိန်းချုပ်ကန့်သတ်မှု များ၊ လျှပ်စစ်မီး မမှန်ခြင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စက်ရုံများမှာ လည်ပတ်ရန် ခဲခက်နေသည်။
ထိုအခြေအနေများ လက်ရှိတွင် လုပ်သားများကို အနည်းဆုံး ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ လျှော့ချနေရကြောင်း လည်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။
အနိမ့်ဆုံး လုပ်ခလစာကို နှစ်နှစ်တကြိမ်ပြင်ဆင်ရန် ဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသော်လည်း စစ်အာဏာသိမ်းမှု အောက် ယင်းလုပ်ငန်းစဉ်များ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း၊ ဥပဒေအရ လက်ရှိ ကုန်ဈေးနှုန်းနှင့် ကိုက်ညီသည့် အခြေခံ လစာနှုန်းထားကို ပြင်ရမည် ဖြစ်သော်လည်း အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများ က ပြောသည်။
ပြည်တွင်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက “အခု ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဒဏ်မခံနိုင်တော့ရင် နောက်ပိုင်းမှာ လူတန်းစားတိုက်ပွဲ ဖြစ်နိုင်တယ်” ဟု သုံးသပ်ပြောဆိုထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာသဖြင့် အခြေခံအလုပ်သမားများ ဝင်ငွေနှင့်ထွက်ငွေ မမျှသည့်ဒဏ်ကို ခံစားနေရသလို စစ်ကောင်စီ၏ ဒေါ်လာငွေ ထိန်းချုပ်မှုများကြောင့်လည်း စီးပွားရေး ကျပ်တည်းလာ မှုကို လူတန်းစားမျိုးစုံ ရင်ဆိုင်နေရသည်။
စစ်တပ် အာဏာမသိမ်းခင်က အမေရိကန် ၁ ဒေါ်လာ မြန်မာကျပ်ငွေ ၁၃၀၀ ကျော်နှင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ် သားလျှင် ၂၀၂၀ စက်တင်ဘာက ကျပ် ၁၃ သိန်း ကျော်ထိသာ အများဆုံး မြင့်တက်ခဲ့ဖူးသော်လည်း စစ်အာဏာသိမ်း ပြီးနောက်ပိုင်း ၂၀၂၂ ဩဂုတ်လကုန်ပိုင်းတွင်မူ ၁ ဒေါ်လာ ၃၆၀၀ ကျပ်ကျော်နှင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား လျှင် ကျပ် ၃၁ သိန်းကျော်ထိ စံချိန်တင် မြင့်တက်ခဲ့သည်။
လက်ရှိ အချိန်ထိလည်း ၁ ဒေါ်လာလျှင် ၂၈၀၀ ကျပ်ကျော်နှင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်ဖြင့် အမြင့်ဈေးများ၌ ဆက်လက် ရှိနေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လတွင် ၂ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၂၂ ဇူလိုင်လတွင် ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေနေသည် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် ယိုယွင်းကျဆင်းနေပြီး လူထု၏ အခြေခံစားဝတ်နေရေးနှင့် လုံခြုံရေးမှာလည်း ပျက်စီးသည့် အခြေအနေသို့ ရောက်ရှိ နေသည်။
“ဝင်ငွေနဲ့ ထွက်ငွေ မမျှသလို ရှာရတာလည်း မလွယ်တော့ အသက်ရှင်ဖို့ ရှာရဖွေရ အရမ်းခက်ခဲတယ်။ ရှင်သန်ဖို့ ကြိုး စားရတာ ပင်ပန်းလာတယ်” ဟု လက်ရှိ ရင်ဆိုင်နေရသည်များနှင့် ပတ်သက်ပြီး မအေးက ရင်မောစွာ ဆိုသည်။ ။
You may also like these stories:
ရက်ပိုင်းအတွင်း ပြည်တွင်း ဆန်ဈေး အတက်ကြမ်းနေ
ဒေါ်လာနှင့် ရွှေဈေး ကျလာသော်လည်း ကုန်ဈေးနှုန်း မကျ
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ












