အကဲဖြတ်ပဲ လုပ်တော့မယ့် ဦးရဲထွဋ်နဲ့ တွေ့ဆုံခြင်း

ကျော်ဆုမွန်
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အစိုးရအပြောင်းအလဲဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ စင်ကာပူနိုင်ငံရှိ Institute of South East Asian Studiesတွင် သုတေသနစာတမ်းအတွက် သွားရောက်လေ့လာနေသူ ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က စာတမ်းပြီးစီးပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပါတယ်။ နေပြည်တော်ကို ခေတ္တရောက်ရှိနေခိုက်မှာ ပြီးစီးသွားပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်ပြမယ့် သူ့ရဲ့ စာအုပ်အကြောင်းနဲ့ လက်ရှိ လူမှုကွန်ယက်မီဒီယာကနေ အစိုးရရဲ့ လုပ်ကိုင်ပုံတွေကို ဝေဖန်ထောက်ပြနေတဲ့ အကြောင်းတွေကို ဧရာဝတီ မြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင် ကျော်ဆုမွန်က စကားစမြည်မေးမြန်းပြောဆိုခဲ့ပါတယ်။

မေး။ ၂၀၁၆ အစိုးရပြောင်းပြီးကတည်းက နိုင်ငံရေးအခင်းအကျင်းတွေအကြောင်းစာအုပ်ရေးဖို့ research fellow အနေနဲ့ စင်ကာပူကို သွားခဲ့တယ်။ ခုစာအုပ်ပြီးပြီလို့ ကြားရတယ်။ ဘယ်ချိန်လောက်ထွက်ပြီးတော့ ဘယ်လိုအကြောင်းအရာတွေပါပါသလဲ။

ဖြေ။ စာအုပ်ကတော့ အကုန်ပြီးစီးပါပြီ။ စာအုပ်ကို ကြီးကြပ်ပေးတဲ့သူကတော့ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ရောဘတ်တေလာပေါ့။ မထုတ်ခင်မှာ ကျောင်းမှာ ရှိတဲ့ ပညာရှင်တွေကို တင်ပြရတယ်။ အဲ့အဆင့်တွေက ပြီးသွားပြီ။ ခု စက်တင် ပုံနှိပ်နေတယ်။ မူလလျာထားချက်ကတော့ ဒီနှစ် အောက်တိုဘာလထဲမှာ ထွက်ပါမယ်။ စာအုပ်ရဲ့ခေါင်းစဉ်ကတော့ Myanmar Transitions in Politics and Lost Opportunities ၊ ပြောချင်တာက ၂၀၁၀ နဲ့ ၂၀၁၆ ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြောချင်ခဲ့တာ မဟုတ်ဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေရှိတယ်။ ဘာကြောင့် ဆုံးရှုံးခဲ့ရတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်တာတွေရှိတယ်။ တချို့က Institution တွေ မခိုင်မာတာကြောင့် ဖြစ်တယ်။ တချို့ကလူတွေပေါ့။

အစိုးရအဖွဲ့ဝင်တွေ၊ ဥပဒေပြုတဲ့ တာဝန်ရှိတဲ့သူတွေ၊ လူတွေရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ခဲ့တာတွေရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ဆိုရာမှာ တချို့လူတွေပြောနေတဲ့ ပုဒ်မတွေတော့မပါဖူးပေါ့။ ဖွဲ့စည်းပုံရဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်ကို သုံးသပ်တယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့မှာ ဘာတွေဖြစ်ခဲ့လဲပေါ့။ဥပဒေပြုရေးမဏ္ဍိုင်ကိုလည်း သုံးသပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍပါတယ်။ ကျနော်တို့ထဲမှာ အလှည့်အပြောင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေရှိတယ်။ မြစ်ဆုံလိုကိစ္စမျိူးပေါ့။ အမျိုးသားပညာရေးဥပဒေလို ရခိုင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ။ ဒါတွေကို ဘယ်လိုကိုင်တွယ်ခဲ့သလဲ။ နောက်ဆုံးအခန်းမှာတော့ key player တယောက်ခြင်းကို ပြန်သုံးသပ်ထားတာ ပါပါတယ်။

မေး။ ဒီစာအုပ်ထဲမှာ လူဦးရေဘယ်နှယောက်ကို တွေ့ဆုံမေးမြန်းထားပါသလဲ။ ဒီစာအုပ်အတွက် တွေ့ချင်ပေမယ့် တွေ့ခွင့်မရတဲ့သူတွေ ရှိပါသလား။

ဖြေ။ လူ ၇၀ အတိအကျ မေးမြန်းခဲ့ပါတယ်။ အများစုကတော့ မြန်မာ့နိုင်ငံရေးလောကက လူတွေပါပဲ။ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးပါတီမဟုတ်တဲ့ အခြားလွှတ်တော်အမတ်တွေ၊ မီဒီယာသမားတွေလည်း ပါတယ်။ လူ ၂၀ ကျော်လောက်ကတော့ သူတို့နာမည်ကို သုံးခွင့်ပြုတယ်။ ၄၀ ကျော်ကတော့ ပွင့်ပွင့်လင်းလင်းပြောပေမယ့် နာမည်သုံးခွင့်မပြုဖူး။ ဒီအတွက် သူတို့နာမည်ကိုလည်း ကုတ်နံပတ်နဲ့ ပြန်သိမ်းထားရတာပေါ့။ အဲ့စာရင်းကတော့ ကျောင်းမှာ သိမ်းထားတယ်။ ခုနေ ကျနော့်ကို လာရှာလည်း မရှိတော့ဘူး။

ကျနော် ခွင့်တောင်းပြီးတော့ မေးခွင့်မရတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပဲ။ ၃ ခါခွင့်တောင်းပေမယ့် မပြောချင်သေးဖူးဆိုတော့ မမေးခဲ့ရဘူး။ အဓိကကတော့ ဒီစာအုပ်က သင်ခန်းစာတွေရဖို့ ယူဆောင်လာမှာပေါ့။ အဲ့နေရာက မြန်မာနိုင်ငံရေး အရေးကြီးတဲ့ အလှည့်အပြောင်းကာလကိုး။ အပြင်မှာ ကြားတာကတော့ အပြင်သတင်းတွေနဲ့ ပြောနေကြတာပေါ့။ ကျနော်ကတော့ အတွင်းမှာ ပါဝင်ပတ်သက်ခဲ့ရသူတစ်ယောက်အနေနဲ့ ပြောတယ်။ ပုဂလိကအမြင်နဲ့မဟုတ်ပဲ အထောက်အထားတွေနဲ့ ပြောတယ်။ ပေးချင်တဲ့ မက်ဆေ့ကတော့ ၂ ခုရှိတာပေ့ါ။ အဓိကမှာ institution တွေရဲ့ အရေးပါမှုကို တွေ့ရမယ်။ လူပုဂိုလ်တွေရဲ့ အတ္တဟာ နိုင်ငံထက် အကျိုးစီးပွားကို ရောက်သွားတဲ့အခါမှာ ဒုက္ခရောက်တာပေါ့။ ဒီ ၂ ချက်ပါပဲ။

မေး။ ခုဆိုရင် ဆိုရှယ်မီဒီယာတွေက လှုပ်ရှားမှုများလာတော့ အဲဒိမှာ ဦးရဲထွဋ်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်အကောင့်ကနေ အစိုးရကို ထောက်ပြဝေဖန်တဲ့ပို့စ်တွေ ပိုများလာတာကိုတွေ့ရတယ်။ အဲဒီအောက်မှာလည်း ကြိုက်သူကော မကြိုက်သူတွေကော အများကြီးမြင်ရတယ်။ အများစုက ဦးရဲထွဋ်ဟာ အရင်အစိုးရအတွက် လုပ်နေတယ်လို့ ပြောကြတယ်။ တချို့ကလည်း ဦးရဲထွဋ်ဟာ ဘယ်လမ်းကြောင်းကို သွားနေတယ်ဆိုတာ သိချင်တယ်။ ပါတီတခုခုရဲ့ ခေါင်းစဉ်အောက်ကို ဝင်မှာလား၊ တသီးပုဂလအနေနဲ့ ရပ်တည်မှာလား။ အနာဂတ်အစီအစဉ်က ဘာလဲရှင့်။

ဖြေ။ ကျနော် တပ်ထဲမှာကော အစိုးရအဖွဲ့ဝင်အနေနဲ့ကော အများနဲ့ မတူတဲ့ အမြင်တွေရှိတယ်။ ရှိပေမယ့် ပြောခွင့်ရသလောက်ပဲ ပြောရတယ်။ ဆိုလိုတာက ကိုယ့်အတွေးအမြင်ရှိပေမယ့် ပြောဆိုရာမှာ ကန့်သတ်ခံခဲ့ရတာတွေရှိတာပေါ့။ အနားယူပြီးတဲ့ အခါမှာတော့ ကျနော်က အပြင်ထွက်ပြီး စာရေးတယ်။ အပြင်မှာ ထွက်ရေးရတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိအားမရှိဘူး။ ဟိုက စံချိန်နဲ့ ရေးရတယ်။ အပြင်ကျတော့ တခြားသူတွေ ရေးနေ လုပ်နေတာတွေလည်းမြင်ရတော့ အမြင်ပိုကျယ်ပြီး ပိုစဉ်းစားတတ်လာတာပေါ့။ ဒီ လွတ်လပ်နေတာကိုတော့ ပါတီတခုရဲ့ ခေါင်းစဉ်အောက်မှာ မလဲနိုင်တော့ဘူးပေါ့။ နိုင်ငံရေးလုပ်မလား မလုပ်မလားဆိုတာကတော့ ခု ရေးနေတာကလည်း နိုင်ငံရေးပဲလေ၊ ဒါမျိူးကတော့ ဆက်လုပ်မှာပေါ့။ နိုင်ငံရေးပါတီတခုခုရဲ့အောက်ကို ဝင်ပြီးတော့ လှုပ်ရှားဖို့ကတော့ မရှိဘူး။ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောမယ်။

မေး။ ဦးရဲထွဋ်ကို ကြံ့ခိုင်ရေးပါတီဝင်အဖြစ်ပဲ အများစုက ပြောဆိုကြတာရှိတယ်။ ဒီအတွက်လုပ်နေတယ်လို့ပဲ ထင်ကြတယ်။ ဒီအတွက်ကော ဘာပြောချင်လဲ။

ဖြေ။ ကျနော်သည် ပြည်ခိုင်ဖြိုးအသင်းဝင်ဖြစ်ခဲ့တယ်။ သို့သော် ပါတီပြောင်းတဲ့အချိန်မှာ ကျနော်က ဝန်ထမ်းဖြစ်တဲ့အတွက် ပါတီဝင်မဟုတ်ခဲ့ဘူး။ ပြည်ခိုင်ဖြိုးပါတီ အစိုးရလို့တော့ ပြောခဲ့တာပေါ့။ ပြည်ခိုင်ဖြိုးအစိုးရမှာ ကျနော် တာဝန်ထမ်းဆောင်ခဲ့တာပေါ့။ တစုံတရာ ဆက်နွယ်မှုရှိတယ်ဆိုရင်တော့ မှန်ပါတယ်။ ဒါပေမယ့် ခုချိန်မှာ တသီးပုဂ္ဂလ သုတေသနသမားတယောက်အနေနဲ့ပဲ ရပ်တည်နေတယ်။

မေး။ ဒါဆို ကြံ့ခိုင်ရေးပါတီအနေနဲ့ ဦးရဲထွဋ်ကို တစုံတခု တာဝန်ပေးပြီး လုပ်ပေးဖို့ ပြောခဲ့ရင်ကော လုပ်ဖြစ်မှာလား။

ဖြေ။ ပါတီတာဝန်ကတော့ ထမ်းဆောင်ဖို့ မရှိပါဘူး။ မနေ့ကပဲ ပါတီဌာနချုပ်က အကြီးအကဲနဲ့ တွေ့ရာမှာ ပြောပြပါတယ်။ အကဲခတ်လေ့လာသူတဦးအနေနဲ့ပဲ ရပ်တည်မယ်ဆိုတာရယ် ပြည်ခိုင်ဖြိူးရဲ့ အားနည်းချက်တွေရှိရင်လည်း ထောက်ပြမယ်။ အခြားပါတီတွေကိုလည်း အားနည်းချက်တွေရှိရင် ထောက်ပြမယ်။ ပါတီတာဝန်တွေတော့ မထမ်းဆောင်ပါဘူး။ ပြည်ခိုင်ဖြိုးမှ မဟုတ်ဘူး။ တခြား ပါတီတွေက ဆွေးနွေးပွဲတွေ ဖိတ်ခေါ်တယ်ဆိုရင်လည်း ပါဝင်ဆွေးနွေးမှာပါ။

မေး။ နိုင်ငံရေးအကဲဖြတ် လေ့လာနေသူတဦးအနေနဲ့ဆိုရင် လက်ရှိအစိုးရရဲ့ ခြေစွမ်းပြ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အားနည်းချက်တွေရှိတဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ဒီအစိုးရလက်ထက်မှာ အားကောင်းပြီး အောင်မြင်တာပြောရရင် အကတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြောရမယ်။ အားနည်းချက်ကတော့ စီးပွားရေးပဲပေါ့။ ငြိမ်းချမ်းရေးတို့ဆိုတာကတော့ ဘယ်အစိုးရတက်တက် အခက်အခဲကတော့ ရှိမှာပဲ။ အခက်အခဲ ကြီးတာသေးတာပဲကွာပါမယ်။ စီးပွားရေးကတော့ ၂၀၁၅-၂၀၁၆ မှာ ရှိခဲ့တဲ့ စီးပွားရေးအခြေခံထက် NLD အစိုးရက ပိုကောင်းအောင် လုပ်ပေးသင့်တယ်လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပြည်တွင်းပြည်ပမှာ သြဇာရှိတဲ့သူအနေနဲ့ စိးပွားရေးကို ဒီထက်ပိုကောင်းအောင် လုပ်ပြသင့်တယ်လို့ ထင်တယ်။ လူတွေကို ၂၀၁၅ နိုဝင်ဘာတုန်းက စီးပွားရေးအခြေအနေနဲ့ ခု ၂၀၁၉ စက်တင်ဘာမှာ ရှိနေတဲ့ စီးပွားရေးအခြေအနေကို ဘယ်ဟာကောင်းလဲမေးကြည့်ရင်၊ လက်ရှိအနေအထားနဲ့ အနာဂတ်အပေါ် စိုးရိမ်တယ်လို့ပဲ ဖြေကြမှာကျိန်းသေတယ်။

မေး။ ဒါဆို လာမယ့် ရွေးကောက်ပွဲအတွက် NLD က မဲအပြတ်အသတ်နဲ့ နိင်မယ့်အခြေအနေကော မြင်ရရဲ့လားရှင့်။ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ခွဲပြောရရင် ပြည်နယ်တွေမှာတော့ NLD အနိုင်ရတဲ့ အနေအထားက ၂၀၁၅ ထက် အများကြီး လျော့သွားလိမ့်မယ်လို့ထင်တယ်။ ပြည်မမှာတော့ မဲရလဒ်က သိပ်ကွာမယ်လို့မထင်ဘူး။

မေး။ ခုအစိုးရလက်ထက်အတွင်းမှာ တပ်နဲ့ အစိုးရရဲ့ ဆက်ဆံရေးဟာ ပိုကောင်းလာသလား၊ ဒါမှမဟုတ် နောက်ပြန်ဆုတ်နေတယ်လို့ မြင်ပါသလား။

ဖြေ။ တပ်နဲ့ အရပ်သားအစိုးရ (ဘယ်အစိုးရနဲ့ပဲဖြစ်ဖြစ်) ဆက်ဆံရေးက ၂၀၀၈ အခြေခံဖွဲ့စည်းပုံကိုပဲ ပြန်ကြည့်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုက အရပ်သားနိုင်ငံရေးသမားတွေနဲ့ စစ်တပ် ကြားမှာရှိတဲ့ သံသယတွေကို ဖြေဖျောက်ပြီး အတူလက်တွဲလုပ်နိုင်ဖို့ အခင်းအကျင်းတစ်ခုကို ဖန်တီးပေးတာပဲ။ ကျနော်က ဒီမိုကရေစီစံနှုန်းနဲ့ ညီတယ်မညီဖူးကို ပြောတာမဟုတ်ဘူး။ လက်တွေ့ အရပြောတာပါ။ ၁၉၆၂ ကတည်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးက ကွာဟမှု အားကြီးတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ စဉ်းစားပုံက ဒီဆက်ဆံရေးက စားပွဲပေါ်မှာ စဉ်းစားလို့မရဘူး။ အတူလက်တွဲလုပ်မှ၇မယ်လို့စဉ်းစားလုပ်ခဲ့တာ။ ယုံကြည်မှုတည်ဆောက်နိုင်ရင်တော့ ကြိုက်တဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်လို့ပြောတာပေါ့။

ဘယ်အစိုးရပဲတက်တက်၊ တပ်ကိုမြင်ရမှာက လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်း ရထားတဲ့ နိုင်ငံရေးအင်အားစု၊ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်၊ ရာထူးသုံးနေရာ ခွဲပေးထားတယ်လို့ မြင်လို့ရှိရင် အလုပ်လုပ်လို့ လွယ်တာပေါ့။ ဦးသိန်းစိန်တုန်းက အဲ့ချဉ်းကပ်ပုံမျိုးနဲ့ ချဉ်းကပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကျတော့ ဒီမိုကရေစီပေတံကိုပဲ ကိုင်ထားတာကျတော့ ဖယ်ကိုဖယ်ပစ်ရမယ်ဆိုတဲ့ ချဉ်းကပ်ပုံမျိူးကျတော့ ယုံကြည်မှုတည်ဆောက်ဖို့ထက် တယောက်ကို အတင်းတွန်းထုတ်ဖို့ ကြိုးစားနေသလိုဖြစ်နေတာပေါ့။ အတင်းတွန်းဖို့ကြိုးစားတော့ ဟိုတဘက်ကလည်း အတင်းတွန်းပြီး မထွက်ရအောင် ကြိုးစားတော့တာပေါ့။ ဆက်ဆံရေးကတော့ ကျနော် ထင်တယ်၊ အလုပ်သဘော ဆက်ဆံရေးပဲ ရှိတော့တယ်။ ယုံကြည်မှုကတော့ တယောက်နဲ့တယောက်ကြားမှာ နည်းသွားပြီလို့ ခံစားရတာပေါ့။

မေး။ လာမယ့် ရွေးကောက်ပွဲမှာကော တိုင်းရင်းသားတွေရဲ့ မဲများများရပြီး လွှတ်တော်ထဲ ပိုဝင်လာနိုင်မယ်လို့ ထင်လားရှင့်။

ဖြေ။ ကျနော်ကတော့ မြင်တယ်။ တိုင်းရင်းသားပါတီတွေက စုစည်းလိုက်တာလည်း ပါတာပေါ့။ နောက်အချက်က NLD ပါတီအပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုက အများကြီးလျော့နေပြီ။ ၂၀၁၅ မှာ မဲပေးခဲ့တယ်ဆိုတာက တိုင်းရင်းသားပါတီတွေအနေနဲ့ လုပ်နိုင်စွမ်း မရှိခဲ့တဲ့နေရာတွေမှာ NLD ပါတီအနေနဲ့ လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့လို့ ပေးခဲ့တာ။ လက်တွေ့ကျတော့ တိုင်းရင်းသားပါတီတွေကို ရှိတယ်လို့မှ သဘောမထားပဲနဲ့လေ။ ရခိုင်နဲ့ ရှမ်းမှာဆိုရင် ပါတီတွေကနေ ဝန်ကြီးချုပ်ရာထူးတွေ ပေးဖို့ကိစ္စတောင် မစဉ်းစားခဲ့ဘူး။ ဖြစ်စဉ်တွေကလည်းရှိခဲ့တော့ ယုံကြည်မှုတွေလျော့တာပေါ့။ တခုတော့ရှိတယ်။ အနိုင်ရလာတဲ့ တိုင်းရင်းသားပါတိတွေအနေနဲ့လည်း ညီညွတ်တဲ့ အုပ်စုအဖြစ် ရပ်တည်လာနိုင်မလားဆိုတဲ့ မေးခွန်းလည်း ရှိတယ်။ ဒါက အရေးကြီးတယ်။ တစုတစည်းတည်း ရပ်တည်နိုင်ရင်တော့ တိုင်းရင်းသားပါတီတွေဟာ လွှတ်တော်ထဲမှာ အားကောင်းလာမယ်။

မေး။ ခုအနေအထားကနေကြည့်ပြီး လာမယ့်ရွေးကောက်ပွဲအနေအထားကို သုံးသပ်မယ်ဆိုရင် အတိုက်အခံအင်အားကြီးပါတီတွေက ဘယ်သူတွေဖြစ်လာမယ်ထင်လဲ။

ဖြေ။ လက်ရှိအနေအထားအရဆိုရင် ပြည်ခိုင်ဖြိုးကလည်း ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄၀ လောက်တော့ ရခဲ့တော့ လာမယ့် ရွေးကောက်ပွဲဆိုရင် ၁၀၀ လောက်အထိတော့ ရနိုင်တယ်။ ၂၀၀၊ ၃၀၀ တော့ ရနိုင်မှာ မဟုတ်ဘူး။ ကျနော် ထင်တာတော့ တပါတီချင်း အားကောင်းတာထက် အုပ်စုလိုက် မဟာမိတ်အဖွဲ့တွေ အားကောင်းလာမယ်လို့ ထင်တယ်။ လက်ရှိအခြေအနေအရဆိုရင်တော့ NLD က majority အရတော့ ၅၀ ရာခိုင်နှုန်းအထက် ရှိနေတယ်။ ဒါပေမယ့် နောက်လာမယ့် ၁ နှစ်အတွင်း ဘာဖြစ်လာမယ်မှန်းတော့ ကျနော်လည်း မသိဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ပဲ မူတည်နေတာပေါ့။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အတွက် အကောင်းဆုံးလက်နက် ဖြစ်နိုင်သလို အားနည်းချက်ဟာလည်း သူပဲ ဖြစ်သွားနိုင်တယ်။

မေး။ အများစုက ပြောကြတယ်။ ခုချိန်ထိမြန်မာ့နိုင်ငံရေးဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဖြစ်စေချင်တဲ့ အကွက်တွေထဲကနေ မထွက်သေးဘူး၊ ခုချိန်ထိ သူတွက်ချက်တာဟာ မှန်နေဆဲပဲလို့ဆိုကြတယ်။ လက်ခံပါသလား။

ဖြေ။ သူက သင်ခန်းစာ ၂ ခုယူတာပေါ့။ တခုက ၁၉၆၀အပြီး ရွေးကောက်ပွဲ ပြန်လုပ်ပေးပြီးတဲ့အခါမှာ၊ ဘာပဲပြောပြော အိမ်စောင့်အစိုးရလက်ထက်မှာ အောင်မြင်မှုတွေရှိခဲ့တာပဲ။ အာဏာကို ရာနှုန်းပြည့် လွဲပေးခဲ့တယ်။ လွဲပေးတဲ့အခါမှာ နောက်တက်လာတဲ့ နိုင်ငံရေးပါတီတွေက ရထားတဲ့ တည်ငြိမ်မှုကို မထိန်းနိုင်တဲ့အခါမှာ တပ်ကပြန်ပြီး အာဏာပြန်သိမ်းရတယ်။ အဲဒီချိန်မှာ တပ်က ပြောင်းပြန် ပြန်စဉ်းစားရပြန်ရော။ ငါတို့ပဲ ရာနှုန်းပြည့် ထိန်းချုပ်ပြီးမှ မောင်းနှင်ပြီး တပါတီစနစ်ကို သွားတယ်။ တကယ်ကျတော့ မအောင်မြင်ဘူး။

ဒီနှစ်ခုလုံးရဲ့ ကြားထဲက ပုံစံဖြစ်တဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိက အင်အားစု ၃ ခုဖြစ်တဲ့ တိုင်းရင်းသားပါတီတွေ မြန်မာပါတီတွေ တပ်နဲ့ စုပေါင်းလုပ်ကြည့်မယ်။ နောက်ကျမှ တပ်က တဖြေးဖြေး လျော့သွားမယ်ဆိုတဲ့ ပုံစံကို ထားခဲ့တာပေါ့။ ဒါက သူ့ရဲ့ မဟာဗျူဟာပဲ။ ဒီမဟာဗျူဟာက ခုချိန်ထိ အသက်ဝင်နေသေးတာပေါ့။ ဒါကြောင့်လည်း နိုင်ငံက ပြသာနာ ဘယ်လောက်ပဲ ဖြစ်ြစ် တည်ငြိမ်နေသေးတာပေါ့။ ခုချိန်မှာ တပ်ကအာဏာသိမ်းမလားဆိုရင် သိမ်းဖို့ မဖြစ်နိုင်တော့ဘူး။ ဘာလို့ဆို ဒီနိုင်ငံရေးဖြစ်စဉ်ထဲမှာ သူလည်း player တစ်ယောက်ဖြစ်နေတာကိုး။ သူရေးခဲ့တဲ့ဟာကို သူခြေနဲ့ ဖျက်လို့မရတော့ဘူး။

ဆက်စပ်ဖတ်ရှုရန်

အမျိုးသားရေး တံတိုင်းများ ပြိုလဲကုန်ပြီဟု ကြံ့ခိုင်ရေးခေါင်းဆောင် ပြော

ငြိမ်းချမ်းရေး အမြန်ရချင်ကြောင်း တပ်ချုပ်က KBC ကို ပြော

၂၀၂၀ ကျမှ၂၁ ရာစု ပင်လုံ ကျင်းပတော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading