သတင်း

ပဲခူးရိုးမပေါ်တွင် ကားတစီး ချောက်ထဲကျ ၁၅ ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း-အုတ်တွင်း ကားလမ်း ပဲခူးရိုးမပေါ်တွင် ကားတစီး ချောက်ထဲကျသဖြင့် လူ ၁၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အုတ်တွင်းမြို့မရဲခစန်း မှသိရသည်။

တာဝါတိုင်ဆောက်လုပ်ရေး အလုပ်သမားများ လိုက်ပါလာသည့် ကားဖြစ်ပြီး ပေါက်ခေါင်း-အုတ်တွင်း ကားလမ်း မိုင်တိုင်အမှတ် ၇၁/၇ အနီး မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ကြက်သျှာရွာ မရမ်းတံတား အနီးတွင် အုတ်တွင်းမြို့ဘက်မှ ပေါက်ခေါင်းမြို့ဘက်သို့ မောင်းနှင် လာစဉ် အရှိန်မထိမ်းနိုင်ဘဲ ပေ ၂၀၀ ခန့်ရှိ ချောက်ထဲထိုးကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

အုတ်တွင်းမြို့ရဲစခန်းမှ ဒုရဲအုပ်ရဲ ရဲဇာနည် က “နောက်ဆုံးအခြေအနေက ဒီမှာတော့ သေဆုံးသူ ၁၃ ယောက် ရုပ်အလောင်းတွေပဲ ရောက်သေးတယ်။ ရင်ခွဲစစ်ဆေးတာ တွေပြုလုပ်နေပါတယ်။ ကားအောက်က (လူ ၂ ဦး) ဟာက ထုတ်တုန်း မိုင်ကဝေးတော့ ဆက်သွယ်ဖို့လည်း မလွယ်ဘူး။ ဖုန်းလိုင်းသိပ်မမိဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါယာဉ်မှာ Fuso အမျိုးအစား အဖြူရောင် ၆ ဘီး ယာဉ်ဖြစ်ပြီး တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၆ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများအား အုတ်တွင်းဆေးရုံနှင့် တောင်ငူဆေးရုံများသို့ ပိုဆောင်ပေးခဲ့ကြောင်းသိရသည်။

ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း နာယကဆရာတော် အရှင်တေဇ က “ဖုန်းလိုင်း ကေဘယ်တူးတဲ့ အဖွဲ့တွေလို့သိရတယ်။ နေရာရွှေ့ပြောင်းတဲ့ အဖွဲ့တွေပေါ့။ ချောက်ထဲထိုးကျသွားတာ လောလောဆယ် အခင်းဖြစ်စဉ် နေရာမှာပဲ ကားကပက်လက်လန်ပြီး ပိနေတဲ့ သေဆုံးသူနှစ်ဦးက ထုတ်မရသေးဘူး” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

ထိုယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ တိုးမောင် (ခ) သူရအောင် မှာလည်း ဒဏ်ရာရှိခဲ့ပြီး အုတ်တွင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ ယာဉ်မောင်းအား အုတ်တွင်းမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ၃၃၇၊ ၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading