ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲတွင် မဲလာပေးကြသော်လည်း မဲစာရင်းတွင် မပါ၍ ပေးခွင့်မရဘဲ လှည့်ပြန်သွားရသူ ရာနှင့်ချီ၍ ရှိနေကြောင်း စည်ပင်ရွေးကောက်ပွဲ စောင့်ကြည့်နေသူများထံမှ သိရသည်။
စမ်းချောင်းမြို့နယ်ရှိ လင်းလွန်းမြောက်ရပ်ကွက်တွင် လူဦးရေ ၁၀၀ ကျော် မဲရုံမှပြန်လာရပြီး မုန့်လက်ဆောင်းကုန်းမြောက် ရပ်ကွက်တွင်လည်း ယင်းဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦက ပြောသည်။
ဦးဘိုဘိုဦး က “နိုင်ငံသားအခွင့်အရေး အရ နိုင်ငံသားတိုင်းဟာ မဲပေးပိုင်ခွင့်ရှိတယ် အခုစည်ပင်ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ် ရပ်ကွက်ထဲမှာ နေထိုင်တာ ၁ နှစ်ပြည့်ပြီဆိုရင် မဲပေးခွင့်ရှိရမယ်ဆိုတဲ့ နည်းဥပဒေတွေမှာ ရှိပြီသားဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေနဲ့ အညီဖြစ်ဖို့အတွက်ကို ကော်မရှင်ကို မေတ္တာရပ်ခံထားပါတယ်။ လင်းလွန်းမြောက်ရပ်ကွက်မှာ အဆိုးဆုံးဖြစ်နေတယ်။ မဲမပေးရဘူး ဆိုပြီး ပြန်သွားတဲ့ လူပေါင်း ၁၀၀ ကျော်ရှိပါတယ်” ဟု ပြောသည်။
မဲပေးခွင့် မရဘဲ လှည့်ပြန်သွားရသည့် မဲဆန္ဒရှင် အချို့သည် ယင်းရပ်ကွက်တွင် နှစ်ပေါင်း ၃၀၊ ၄၀ နေထိုင်ခဲ့သူများလည်း ပါဝင်ပြီး မဲပေးခွင့်မရသဖြင့် မကျေနပ်၍ တိုင်တန်းမှုများ ရှိနေသည်ဟုဆိုသည်။
ယနေ့ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် မဲစာရင်းမပါဝင်သူများ အနေဖြင့် မည်သူ့ ထောက်ခံချက် နှင့်မှ မဲပေးခွင့် မရှိကြောင်းနှင့် အဆိုပါကိစ္စရပ်ကိုလည်း ခွင့်မပြုကြောင်း စည်ပင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဧရာဝတီသို့ ပြောသည်။
ဦးအောင်ခိုင်က “မဲစာရင်းထဲမှာ မပါရင် ဘယ်သူ့ထောက်ခံချက်နဲ့မှ မရပါဘူး။ နိုင်ငံတော် သမ္မတ ထောက်ခံချက်နဲ့လည်း အခုချိန်မှာ မရတော့ပါဘူး။ လုံးဝခွင့်မပြုပါဘူး။ မဲစာရင်းထဲမှာ မပါရင် ဘယ်လိုမှ လုပ်လို့မရတော့ပါဘူး။ အဲဒီလိုမျိုးလုပ်ရင် ဥပဒေနဲ့ မညီပါဘူး။ လုံးဝကို လုပ်လို့မရတဲ့ ကိစ္စပါ” ဟုဆိုသည်။
စည်ပင်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် လူဦးရေ စာရင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မှ မတ်လ ၅ ရက်နေ့ အထိထုတ်ပြန် ကြေညာထားပြီး အဆိုပါမဲစာရင်းတွင် မပါဝင်သူများအနေဖြင့် ပြင်ဆင်ဖြည့်စွက်နိုင်သည့် ရက်ကို မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ အထိ စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ခဲ့သည်။
မဲဆန္ဒနယ် (၃) တွင် ဗဟိုကော်မတီဝင် နေရာအတွက် ဝင်ရာက်ယှဉ်ပြိုင်သည့် ကိုအောင်ခန့် က “ကျနော်မနက်က မဲသွားပေးတုန်းက ဆိုရင်တောင်မှ ကျနော်မဲပေးရမယ့် ရုံကို သွားတော့ မဲစာရင်းမပါဘူးဆိုပြီးတော့ ကျနော်က ကိုယ်စားလှယ်လောင်း ဖြစ်နေတော့ ချက်ချင်း ဖုန်းတွေဘာတွေ ဆက်ပြီးတော့ ဘယ်ရုံမှာ ရောက်နေတယ်ဆိုပြီး လွှဲပေးလိုက်တယ် ကျနော့် ကိုယ်တွေ့ပဲ အဲဒီတော့ သူများတွေသာဆိုရင် ဖုန်းဆက်ပေးမှာ လိုက်စစ်ပေးနေမှာ မဟုတ်ဘူး” ဟု ပြောသည်။
စမ်းချောင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင် ဦးကျော်ဇင်ဆိုင် က “သူများမြို့နယ်တွေမှာဆိုရင် မဲစာရင်းထဲမှာ မပါရင် မဲပေးခွင့်မရှိဘူး။ အခုဒီမှာက အဲဒီလိုဖြစ်နေတယ်။ မဲစာရင်းထဲမှာ ကျန်တဲ့သူကတော့ များတာတော့ တော်တော်များတယ်။ ဒါပေမယ့် မဲစာရင်းထဲမှာပဲ ပါတဲ့သူက မဲပေးရမယ်ဆိုတာ ရှိတယ်” ဟုပြောသည်။
စည်ပင်သာယာရွေးကောက်ပွဲကို မြို့နယ် ၃၃ မြို့နယ်တွင် ပြုလုပ်လျက်ရှိပြီး ရန်ကုန်မြို့၌ မဲပေးခွင့်ရှိသူ လူဦးရေ ၃ သန်းကျော်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် မှ သိရသည်။
ယနေ့ကျင်းပသည့်ရွေးကောက်ပွဲမှ ဗဟို ကော်မတီဝင် ၆ ဦး၊ မြို့နယ် တမြို့နယ်၌ ကော်မတီဝင် ၃ ဦးဖြင့် မြို့နယ် ၃၃ မြို့ နယ် အတွက် ၉၉ ဦးနှင့် စုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။ လက်ရှိ စည်ပင် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။