ရှမ်းပြည် တောင်ပိုင်း ကလောမြို့မှ သဘာဝသစ်တောများ မီး မကြာခဏ လောင်နေရာ ကာကွယ်ရေး အတွက် လာမည့် ၂၀၂၀ စီမံချက်တွင် ဒေသခံများ အသိပညာပေးလုပ်ငန်းကို အဓိကထား ဆောင်ရွက် မည် ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးမှုး ဦးနေယုက ဧရာဝတီ ကို ပြောသည်။
“သဘာ၀ တောတွေမှာ မီးဝင်ရောက် လောင်ကျွမ်းမှု မရှိအောင် လာမယ့်နှစ်မှာ စီမံချက် ရေးဆွဲ ဆောင်ရွက်ဖို့ ရှိ ပါတယ်။ အဲဒီ စီမံချက်မှာတော့ သစ်တော ထိန်းသိမ်းရေးနဲ့ ဆက်စပ်ဌာနတွေ ပူးပေါင်းပြီး ဒေသခံတွေ အသိပေး စည်းရုံး ဟောပြောမှုတွေ အင်တိုက် အားတိုက် လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံချက်တွင် မြို့ဧရိယာနှင့် နီးသော သစ်တောများ၊ ပြန်လည် ထိန်းသိမ်းရန် လိုအပ်သော တောများအား မီးဘေး ကာကွယ်ရေး အတွက် အသိပညာပေးခြင်း အပါအဝင် ယင်းသစ်တော များတွင် မီးကင်း တောစောင့်များ ထားရှိခြင်း၊ မြို့နှင့်နီးသည့် ကြိုးဝိုင်း၏ ၃ မိုင်အရှည် အထိ ခြံစည်းရိုး ကာရံခြင်း စသည့်လုပ်ငန်းစဉ်တို့ပါဝင်မည်ဟု သိရသည်။
အသိပညာ ပေးခြင်း လုပ်ငန်းတွင် သစ်တောဌာန အပါအဝင် တခြား ဆက်စပ် တာဝန်ရှိဌာနများ၊ ဒေသခံ အရပ် ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရပ်ကွက်ကျေးရွာ အဆင့်အထိ ဆောင်ရွက် သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။
“အဓိက ကတော့ ဒေသခံ အများစုက တောမီးရှို့တာကို ရိုးရာလို့ သဘောထားနေတဲ့ အယူအဆရယ်၊ တချို့ဆို နှစ်တိုင်း လောင်နေကျပဲ လောင်ပါစေ ဆိုတာ မျိုးတောင် ရှိတယ်။ အဲဒီလို အသိတွေကို မပြောင်းနိုင်သေးသရွှေ့ တောမီး လောင်တိုင်း ကျနော်တို့က ရဟတ်ယာဉ် နဲ့ပဲ ငြှိမ်းငြှိမ်း ဘတ်ဂျက် တွေ အလုံးလိုက် ပုံသုံးလည်း ဒီသစ် တောတွေကို မကာကွယ်နိုင်ပါဘူး” ဟု ဦးနေယုက ဆိုသည်။
ကလောမြို့နယ် သစ်တောကြိုးဝိုင်းဧရိယာသည် ဧက ၈၃၀၀၀ ကျော်ရှိရာ ယင်းဧရိယာများ အနက် သစ်တော ဦးစီးဌာနက ထိန်းသိမ်းသော သစ်တောများ၊ ဒေသခံများအား ချထား ပေးသော အစုအဖွဲ့ အပိုင် သစ်တောများ လည်း ပါဝင်သည်ဟု သိရသည်။
ယင်းအနက် တချို့ တောင်ယာ စိုက်ခင်းများနှင့် နီးသည့် သစ်တောဧရိယာ တို့တွင် စိုက်ပျိုးရေး လုပ်ငန်းများ မပြု လုပ်မီ တောရှင်းသည့်အနေဖြင့် မီးရှို့ကြရာ အချို့က မီးကွင်းလမ်းများ ပြုလုပ်ကာ စနစ်တကျ ဆောင်ရွက်သော် လည်း အချို့က စည်းကမ်းမဲ့ ဆောင်ရွက်ခြင်းကြောင့် သစ်တောဧရိယာ များသို့ မီးကူးစက် လောင်ကျွမ်းခြင်းများ ကြုံတွေ့ လာသည်ဟု ဆိုသည်။
ယင်းအပြင် ကလောမြို့သည် သစ်တောကြိုးဝိုင်း ဧရိယာများဖြင့် ဝန်းရံထားသည့် မြို့ငယ်လေး ဖြစ်ရာ ရံဖန်ရံခါ တောမီးများသည် မြို့ဧရိယာသို့ ပျံ့နှံ့ ရောက်ရှိလာမည်ကို မြို့ခံများအနေဖြင့် စိုးရိမ်နေကြ ရသည်။
အစုအဖွဲ့ ပိုင် သစ်တော တည်ထောင်သူ ကလောဒေသခံ ကိုအောင်ရဲပြည့်က “တောမီးက နှစ်တိုင်း ပိုဆိုးလာ တယ်။ တချို့က ကိုယ့်တော ကိုယ်ရှင်းပေမယ့် ပစ်စလက်ခတ် ရှို့ကြတော့ တတောင်လုံး ပြောင်သလင်းခါ သွား တာ တွေတောင်ရှိတယ်။ နောင်နှစ်အတွက် ကြို မစီစဉ်ရင် ပိုဆိုးလာမယ်” ဟု ဧရာဝတီကို ပြောသည်။
ပုံမှန်အားဖြင့် နှစ်တနှစ်၏ ဒီဇင်ဘာလမှ မတ်လအတွင်း တောမီးရှို့ခြင်းများ ပြုလုပ်ရာ လာမည့် ၂၀၂၀ ခုနှစ် နှစ် ဆန်းမှ စတင်ကာ စီမံချက် အတိုင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွား မည်ဟု မြို့နယ်သစ်တော ဦးစီးဌာနမှသိရသည်။
ထို့အတူ သစ်တော ဧရိယာများ မီးဘေး ကာကွယ်ရေးအတွက် ပြည်နယ်အစိုးရက သစ်တော ဦးစီး ဌာနသို့ ဘတ် ဂျက် သီးသန့် ချထားပေးမှု မရှိခြင်း၊ သစ်တောဝန်ထမ်း အင်အား မလုံလောက် ခြင်း တို့လည်း ရှိသဖြင့် သစ်တော ဦးစီးဌာနအနေဖြင့် မိမိ နိုင်သရွေ့သာ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ဒေသခံများ ပူးပေါင်း ပါဝင်မှသာ လုပ်ငန်း အောင်မြင်နိုင်မည်ဟု သစ်တောဦးစီးမှုး ဦးနေယုက ရှင်းပြသည်။
တောမီးအား စည်းကမ်းမဲ့ ရှို့ခြင်း၊ တခြားသူ၏ သစ်တောများအား မီးဝင်ရောက်ကူးစက်စေပါက သစ်တော ဥပဒေ ဖြင့် အရေးယူနိုင်ပြီး တရားခံအား သစ်တောဌာနက တရားလို ပြုလုပ်ကာ ရဲစခန်း သို့ အမှုဖွင့် တရားစွဲဆိုနိုင်သော် လည်း ၂၀၁၈နှင့် ၂၀၁၉ ခုနှစ် ရာသီ(ဇန်နဝါရီမှ မတ်လ) အတွင်း တောမီးရှို့ခြင်း ဖြစ်စဉ် ၂ ခုအား သစ်တောဦးစီး ဌာနသို့ တိုင်တန်းထားသော်လည်း တရားခံအား ယနေ့အထိ ဖမ်းဆီးရမိမှုမရှိသေးဟု သိရသည်။
“တောမီးရှို့တဲ့ သူကလဲ ရှို့ပြီးတာနဲ့ အဖမ်းခံဖို့ ထိုင်စောင့်နေမှာ မဟုတ်တော့ ဒါကို လက်ပူးလက်ကြပ် မိဖို့က အတော် ခက်ပါတယ်။ အဲဒီတော့ ဆိုင်းဘုတ်ထောင်ပြီး အသိပေးနေတာ လောက် မဟုတ်ဘဲ ဒေသခံတွေကို တောမီးရှို့တာနဲ့ အသိပညာ ပေးတာတွေ ကို သေချာ လုပ်နိုင်ရင် မဆိုးဘူးလို့ ပြောရမှာပါပဲ” ဟု ကိုအောင်ရဲ ပြည့် က ပြောသည်။
ကလောသည် ထင်းရှုးတောများဖြင့် ဝိုင်းရံထားပြီး ရာသီဥတု ရေမြေ သဘာဝအရ နေချင်စဖွယ် တောင်ပေါ်မြို့ ငယ်လေးဖြစ်ပြီး၊ ဖောက်ပြန်လာသည့် ရာသီဥတုကို ကာကွယ်ရန် ထင်းရှူးတောများကို မြို့ခံများနှင့် ဖွဲ့စည်းထား သည့် အရပ်ဖက်အဖွဲ့များက ထိန်းသိမ်းနေသော်လည်း ယခုနောက်ပိုင်း မြို့ အနီးဝန်းကျင်ရှိ သဘာ၀ သစ်တော များ မကြာခဏ မီးရှို့ခံရာသည့် အပြင် တောမီးကြောင့် လေထုညစ်ညမ်းမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောသည်။