သတင်း

ISIS က မြန်မာကို ပစ်မှတ်ထားလာဟု မလေးရှား ရဲချုပ် ပြော

Want create site? Find Free WordPress Themes and plugins.

ဆီးရီးယားနှင့်အီရတ်တို့တွင် ရှုံးနိမ်ခဲ့သော အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့ကို ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများ လုပ်ရန်အတွက် မျက်စိကျနေသည်ဟု ယုံကြည်ရကြောင်း မလေးရှား ရဲချုပ် တန်စရီမိုဟာမက်ဖူဇီဟာရမ်က ပြောကြောင်း သိရသည်။

အဆိုပါ ပြောဆိုချက်သည် သေဆုံးသူ ၃၅၉ ဦးအထိ တိုးလာသော သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်းများကို အသေခံဗုံးခွဲရာတွင် အစ္စလာမ္မစ်နိုင်ငံ(ISIS) အကြမ်းဖက်အုပ်စုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုအပြီး နောက်ဆက်တွဲဖြစ်သည်။

“ ဆီးရီးယား (ဒါမှမဟုတ်) အီရတ်က Daesh(ISIS) အုပ်စုဟာ မဟာမိတ်တိုက်ခိုက်မှုကြောင့် အခုဆို အဲဒီခိုလို့မရတော့ဘူးဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ စစ်သွေးကြွတွေကြားမှာ စိတ်ဓာတ်ကျလာကြပါတယ်။ ဆီရီးယားနဲ့အီရတ်က IS အဖွဲ့ဝင်အရေအတွက်ဟာ ၄၅၀၀၀ ကျော်ကနေ အခု ၃၅၀၀၀ ပဲ ရှိပါတော့တယ်။ ဒီသတင်းကတော့ ကျနော်တို့မိတ်ဆွေတွေနဲ့ ကမ္ဘာတလွှားက အေဂျင်စီတွေဆီကနေ အပြန်အလှန်ဖလှယ်ရင်း စုဆောင်းရရှိတဲ့သတင်းပဲဖြစ်ပါတယ်” ဟု မလေးရှား ရဲချုပ်က မနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း မလေးရှားမှလာသော သတင်းများက ဆိုသည်။

အရှေ့တောင်အာရှလူဦးရေ၏ ၆၅ ရာခိုင်နှုန်းရှိသော မွတ်ဆလင်များနေထိုင်ရာဒေသကို IS အုပ်စုများက ၎င်းတို့အတွက် သင့်လျော်သည့်နေရာဟု ရှုမြင်ပြီး မသမာသည့်လမ်းညွှန်စေခိုင်းမှုပြုရန် ဆက်လက် ဆွဲဆောင်စည်းရုံးနေကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဆာဘူက ယခင်ပြောကြားခဲ့ဖူးသည်။

မလေးရှားရဲချုပ် အဆိုအရ အကြမ်းဖက်အုပ်စုသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို ဝင်ရန် မလေးရှားရှိ ဆာဘားပြည်နယ် Tawau နှင့် Sandakan ဒေသကို စခန်းထောက်အဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

“အဲဒီနယ်မြေတွေကို ကျနော်တို့က မျက်စိဒေါက်ထောက် စောင့်ကြည့်နေတပါတယ်။ တကယ်တော့ ဆာဘား အရှေ့ဘက်ကမ်းရိုးတန်းနယ်မြေက တခြားခရိုင် ၁၀ ခရိုင်ကိုလည်း စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။

“အဲဒီနေရာတွေအပြင် ဆိုင်ဘာနယ်ပယ်မှာ IS လှုပ်ရှားမှုတွေကိုလည်း ကျနော်တို့ စောင့်ကြည့်နေတုန်းပါ။ တန်ပြန်သတင်းပို့ဌာန(Counter Messaging Centre) က စတင်ပြီးတော့ အွန်လိုင်းပေါ်မှာ Daesh သဘောတရားရေးရာဖြန့်ဖြူးနေတာကို စိစစ်နေဆဲဖြစ်ပါတယ်”ဟုလည်း ဆိုသည်။

“ဒီပြဿနာကို ပိုပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့က ကျနော်တို့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံခြားမိတ်ဖက်တွေနဲ့ လက်တွဲလုပ်ကိုင်ဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်သီရိလင်္ကာ အသေခံဗုံးခွဲသူများသည် ပညာတတ် လူလတ်တန်းစားများဖြစ်

Did you find apk for android? You can find new Free Android Games and apps.
Loading