ကျောင်းသား လူငယ်များရှိရာ ပတ်ဝန်းကျင် အထိ မူးယစ်ဆေးများ ပျံ့နှံ့နေမှုကို စီမံချက်ချ ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ယနေ့ ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော် တွင် အဆိုတင်သည်။
“ကျောင်းသား ကလေးငယ်များ ကြားတွင် စိတ်ကြွဆေးပြားများ၊ WY စာတန်းပါ ဆေးဝါးများ ပျံ့နှံ့နေ၍ ၎င်းတို့နဲ့ ဆက်စပ် နေတဲ့ မိတ်ဆွေ သူငယ်ချင်းများနှင့်ပါ ရောနှောကာ ဖမ်းဆီးခံခဲ့ရ၍ လူငယ်များ စာရိတ္တ စခန်းများတွင် နှစ်ရှည် ထိန်းသိမ်းခြင်းခံရ၍ ပညာရေးများလည်း ဆုံးရှုံးလျက်ရှိကာ တိုင်းပြည်အနာဂတ် အတွက် လူငယ်များစွာ ဆုံးရှုံးမှု ဖြစ်ပေါ်နေပါတယ်”ဟု အဆိုရှင် ဦးညီညီက ပြောသည်။
ယနေ့ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် ဦးညီညီက“ရန်ကုန် တိုင်း ဒေသကြီးအတွင်း အရွယ်မရောက်သေးသော ကလေးသူငယ် များနှင့် ကျောင်းသားအရွယ် လူငယ်များ ကြား တွင် တွေ့ကြုံဖြစ်ပွားနေသော မူးယစ် စိတ်ကြွဆေးပြား (WY) သုံးစွဲမှုများ ပပျောက်စေရေး အစီအမံများ ချမှတ် ဆောင်ရွက် ရန် တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းကြောင်းအဆို”ကို လွှတ်တော်သို့ တင်သွင်းရာတွင် ထည့်သွင်း ပြောကြား ခြင်း ဖြစ်သည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ မင်္ဂလာတောင်ညွန့် မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးကလည်း “WY ဆေးပြားတွေက အခုဆိုရင် ကျောင်းထဲကိုပါ ဝင်ရောက်ဖြန့်ကျက် လာနေပြီဆိုတာကို ကျနော်တို့ သိရပါတယ်။ စူးစမ်းတဲ့စိတ် တက်ကြွတဲ့စိတ်ရှိတဲ့ ကျောင်းသားလူငယ်တွေကို မူးယစ်ဆေးဝါးရဲ့ သားကောင်၊ မူးယစ်ဆေးဝါးရဲ့ ဈေးကွက်အဖြစ် အသုံးချလာကြတာ ဖြစ်ပါတယ်”ဟု ထောက်ခံ ဆွေးနွေးသည်။
WY စာတမ်းပါ စိတ်ကြွဆေးပြား အပါအဝင် မူးယစ်ဆေးဝါးများကြောင့် သက်ငယ်မုဒိမ်းမှု၊ ခိုးဆိုး လုယက်မှုများနှင့် သတ်ဖြတ် လုယက်မှုများ မြောက်များစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ဦးညီညီက ထောက်ပြသည်။
ဦးညီညီက ဆက်လက်ပြီး“ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အပါအဝင် မြို့သစ်များ၊ ဆင်းရဲနွမ်းပါးသူများ နေထိုင်ရာ ရပ်ကွက် အသီးသီးတွင်လည်း နေ့စဉ်ဆိုသလို များပြားစွာ တွေ့ကြုံဖြစ်ပေါ်လျက်ရှိပါတယ်”ဟုလည်း ပြောသည်။
ထို အဆိုတင်သွင်းမှု အပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များက သဘောတူသည့် အတွက် ယင်းအဆိုကို လွှတ်တော်တွင် လက်ခံ ဆွေးနွေးသွားမည် ဖြစ်သည်။