တရုတ်နှင့် မြန်မာကြား ကချင်ဒုက္ခသည်များ ကူညီရေး စာလွှာ လက်မှတ်ထိုးခြင်းသည် ကချင်ပြည်နယ်တွင် အပစ်ရပ် စာချုပ် ချုပ်ဆိုတော့မည့် ရှေ့ပြေး သတင်းစကား ဖြစ်သည်ဟု ကချင် နိုင်ငံရေးပါတီများက ပြောဆိုကြသည်။
ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်က နေပြည်တော်သို့ တရုတ်သမ္မတ လာရောက်သည့် ခရီးစဉ်တွင် တရုတ်နှင့် မြန်မာ အစိုးရကြား သဘောတူစာချုပ် ၃၃ ခု လက်မှတ်ရေးထိုးရာ ကချင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် စီမံကိန်းတခု ချမှတ် ဆောင်ရွက်မည့် သဘောတူ စာလွှာတခုလည်း ပါဝင်ကြောင်း သိရသည်။
ကချင်အမျိုးသား ကွန်ဂရက် ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောလန်က “ဘာကို သွားမြင်လဲ ဆိုတော့ IDPs (စစ်ဘေးရှောင် ဒုက္ခသည်) ဆိုတာ စစ်ပွဲကနေပေါ်လာတာ။ အဲ့ဒီတော့ စစ်ပွဲရပ်မယ် ဆိုတဲ့ သဘောပဲ” ဟု ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပိုးလမ်းမသစ် စီမံကိန်း (BRI) တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) တပ် များ တည်ရှိရာ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နယ်မြေများ ပါဝင်နေကာ ဒေသ တည်ငြိမ်မှသာ တရုတ် အကျိုးစီးပွား ဖြစ်ထွန်းမည်ဖြစ်သဖြင့် အပစ်ရပ်စာချုပ် ဖြစ်မြောက်ရေးကို တရုတ်က သဘောတူညီမှုများ လိုက်လံ ယူဆောင်ပြီးလောက်သည့် အနေအထား ဖြစ်နိုင်သည်ဟုလည်း ဒေါက်တာ အမ်ကောန်လက သုံးသပ်သည်။
“ကျနော်တို့ ခန့်မှန်းတာ သူတို့ (မြောက်ပိုင်း မဟာမိတ်နဲ့ ငြိမ်းချမ်းရေး ကော်မရှင်) က ဖေဖော်ဝါရီမှာ ပြန်ချိန်းထား တယ်။ နောက်တကြိမ် ထပ်တွေ့ပြီးရင် ဒီကိစ္စက ပြတ်မယ် ထင်တယ်။ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးက အလုံးစုံ မဟုတ် ရင်တောင် အနည်းငယ်တော့ ဖြစ်နိုင်တယ်။ တရုတ်စီမံခန့်ခွဲမှုနဲ့ ပေါ်လာတဲ့ သဘောတော့ မြင်ပါတယ်” ဟု ဒေါက်တာ အမ်ကောန်လ က ဆိုသည်။
BRI စီမံကိန်း၏ အစိတ်အပိုင်းများအဖြစ် ကချင်ပြည်နယ်တွင် ကန်ပိုက်တီး စီးပွားရေးဇုန်၊ မြစ်ကြီးနား(နန်ကျင်) စီးပွား ရေးဇုန်၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်မှု၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်မှု အပြင် မြစ်ကြီးနား-ဗန်းမော်-နမ့်ခမ်း-မူဆယ် လမ်းကြောတွင်လည်း တရုတ်၏စီးပွားရေးဆိုင်ရာ စီမံကိန်းလမ်းကြောင်းအဖြစ် ချိတ်ဆက်ထားသဖြင့် ထို လမ်း တကြောတွင် ဒေသတည်ငြိမ်မှုရှိမှသာ စီမံကိန်းအထမြောက်မည်ဟုလည်း ဒေါက်တာ အမ်ကောန်လ က ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကလည်း “တရုတ်သမ္မတလာတော့ သူ့အနေနဲ့ KIO နဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး Bilateral လက်မှတ်ထိုးရေးကို တွန်းအား ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် တယ်။ အဆင်ပြေအောင် လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါက တချက်ပါ။ သူတို့ စဉ်းစားထားပြီးသား ဖြစ်လို့ ဒီစစ်ဘေးရှောင်ကိစ္စကို လုပ်တာဖြစ်တယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
ကချင်ဒုက္ခသည်များ ပြန်လည် နေရာချထားရေးသည် အစိုးရ၊ တပ်မတော်နှင့် KIO ကြား Bilateral စာချုပ် လက်မှတ် ရေးထိုးနိုင်ပြီး နှစ်ဖက်လုံခြုံရေး အာမခံချက်များ ရရှိမှသာ ဒုက္ခသည်များ အိမ်အပြန်လမ်း လုံခြုံမည် ဖြစ်သဖြင့် အပစ် ရပ် စာချုပ်ရေးထိုးရေး ပထမအဆင့် ဖြစ်ရမည်ဟုလည်း ဒေါက်တာ တူးဂျာက ပြောသည်။
KSPP သည် ကချင် နိုင်ငံရေးပါတီ ၄ ခု ပေါင်းစည်းထားသည့် ပါတီ ဖြစ်သည်။
တရုတ်နှင့် မြန်မာကြား သဘောတူ လက်မှတ်ထိုးခဲ့သည့် “ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည် နေရာချထားရေး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ စာလွှာ” တွင် ပါဝင်သည့် အကြောင်းအရာနှင့် သဘောတူညီချက် များကို အစိုးရဘက်မှ ထုတ်ပြန်ခြင်း မရှိသေးပါ။
ဧရာဝတီက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနဘက်သို့ ဆက်သွယ် မေးမြန်း ထားသော်လည်း ဖြေဆိုချက် မရရှိသေးပါ။
ကချင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် ကချင် လူသားချင်းစာနာမှု ကော်မတီ (KHCC) တို့ကြားလည်း ဆွေးနွေးမှုများ ရှိသည်။
NRPC နှင့် KHCC တို့သည် အစိုးရ၊ တပ်မတော်နှင့် KIO တို့ Bilateral ရေးထိုးပြီးနောက် နှစ်ဖက်တပ်များ၏ အာမခံ ချက်များဖြင့် ကချင် ဒုက္ခသည်များ ပြန်လည် နေရာချထားရေးလုပ်မည့် အစီအစဉ်များကို ကြိုတင် ညှိနှိုင်း ပြင်ဆင်နေ ကြခြင်း ဖြစ်ကြောင်း သိရသည်။
KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က တရုတ်နှင့် မြန်မာကြား သဘောတူလိုက်သည့် စာလွှာတွင် မည့်သည့် အချက်များ ပါရှိသည်ကို မသိရှိရသေးဟု ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်က“ကျနော်တို့ကတော့ IDPs ကိစ္စကို စေတနာသန့်သန့်နဲ့ ကူညီတယ်လို့တော့ ထင်တာပဲ လေ။ စေတနာသန့်သန့်နဲ့ ဒုက္ခရောက်နေသူကို ပြန်ဖို့ ကူညီတယ်ဆိုတာကတော့ ကြိုဆိုပါတယ်။ စီးပွားရေးတခုတည်း နဲ့တော့ မဖြစ်စေချင်ပါဘူး။ ကျနော်တို့ ဒေသရဲ့ ဖွံ့ဖြိုးမှုပါ ပါတယ်ဆိုရင် ကျနော်တို့ ဘာမှ ပြောစရာမရှိပါဘူး”ဟု ပြောဆို သည်။
KIO ဘက်ကလည်း ပဏာမ အပစ်ရပ် စာချုပ် (Bilateral) ကို လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေပြီဟု ကြားသိ ထားကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
ဆက်လက်ပြီး ၎င်းက“တရုတ်နဲ့အစိုးရ Sign ထိုးထားပြီး အမြန်ပြန်ရမယ် ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။ အဓိကက တပ်မတော်နဲ့ KIA သဘောတူညီချက်နဲ့ လက်မှတ်ထိုးတဲ့အပေါ်မှာ ပိုပြီးမူတည်ပါတယ်။ တရုတ်နဲ့ အစိုးရ လက်မှတ် ထိုးရုံလေးကတော့ စစ်ဘေးရှောင်ဒုက္ခသည်အတွက် ဂုဏ်သိက္ခာရှိပြီး လုံခြုံတဲ့ ပြန်လည်နေရာချထားရေး မဖြစ်နိုင်ပါ ဘူး”ဟုလည်း ဆိုသည်။
ကချင်ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်း ၉ ခု စုပေါင်းထားသော Joint Strategy Team မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ရှာအောင်ကလည်း မည့်သည့် နိုင်ငံက ကူညီသည်ဖြစ်စေ ဒုက္ခသည်များ နေရပ်ပြန် ရေးသည် လုံခြုံရေးအာမခံချက်အပြင် ဂုဏ်သိက္ခာရှိသည့် စံချိန်စံညွှန်းများနှင့် အညီ ဖြစ်ရေးလည်း အရေးကြီးသည်ဟု ပြောသည်။
တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ အစိုးရကြား သဘောတူချက်များကိုလည်း ကာယကံရှင် ဖြစ်သည့် စစ်ဘေးရှောင် ဒုက္ခသည် များအား ပွင့်လင်းမြင်သာစွာ ချပြသင့်သည်ဟုလည်း ဦးဂွမ်ရှာအောင်က ဆိုသည်။
တရုတ်နှင့် မြန်မာကြား ကချင်ဒုက္ခသည်အရေး သဘောတူညီချက် စာလွှာအပေါ် KIO ၏ သဘောထားကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မရရှိပါ။
အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည် Bilateral စာချုပ် တခု ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။
KIO က ၂၀၁၈ ခုနှစ်အတွင်း ကချင် ဒုက္ခသည်များအနက် ရွာ ၆၅ ရွာ ပြန်လည်နေရာချထားရေး လုပ်ရန် အစိုးရကို တင်ပြခဲ့သော်လည်း အစိုးရဘက်မှ အပစ်ရပ်စာချုပ် ချုပ်ပြီးနောက်မှသာ ဒုက္ခသည်ကိစ္စ ဆောင်ရွက်ရန် ပြောဆိုထား သည်။
ကချင်လူထုကြား သြဇာရှိသည့် ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) အပါအဝင် ကချင်အရပ်ဘက် ကိုယ်စားလှယ် များကလည်း ဒုက္ခသည်အရေးကို နံပါတ် (၁) ထား ဆောင်ရွက်နိုင်ရန်အတွက် Bilateral ထိုးရန် KIO ကို တိုက်တွန်းထားကြသည်ဟု ဆိုသည်။
၂၀၁၁ ခုနှစ် ဇွန်မှ ၂၀၁၉ ခုနှစ်အထိ တပ်မတော်နှင့် KIA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင် စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်းကျော်ရှိပြီး ဒုက္ခသည်တဝက်ခန့်မှာ KIA ထိန်းချုပ် နယ်မြေတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည်။
ကချင် စစ်ဘေးရှောင်စခန်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နှင့် နိုင်ငံတကာ လူသားချင်း စာနာထောက် ထားမှု ဆိုင်ရာ အဖွဲ့အစည်းများက အကူအညီပေးနေသော်လည်း ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထောက်ပံ့မှုများကို လျှော့ချလိုက်သည်။
တချို့စခန်းများတွင် လူတဦးချင်းစီ အတွက် ၁ လစာ ဆန်နှင့် ဟင်းဖိုးငွေ ၂၅၀၀ ကျပ် ခန့်သာ ရရှိပြီး တချို့ စခန်းများ တွင် လူတဦးအတွက် ၁ ရက် ၆၆၆ ကျပ် နှုန်းဖြင့် ၁ လစာငွေ ကျပ် ၂သောင်းခန့်သာ ထောက်ပံ့ကြေး ရရှိကြသည်။