တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် ပုန်းရှောင်နေကြရသော စစ်ဘေးရှောင်များ အနေဖြင့်အစိုးရ ဆောက်လုပ်ပေးထားသောစခန်းများတွင်သာ နေထိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေး၊ ဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။
အစိုးရဆောက်ပေးထားသော စခန်းများတွင်သာ နေထိုင်ပြီး ထိုစခန်းများ လူပြည့်ပြီးမှသာ အခြားစခန်းများ တိုးချဲ့ ဆောက်လုပ်ပေးရန် စဉ်းစားမည်ဟုလည်း သိရသည်။
စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က “ဆောက်ထားတဲ့ဟာမှာ ပြည့်ရင်တော့ စဉ်းစားမယ်ပေါ့။ ဆောက်ထား တဲ့ဟာတွေမှာတောင် မနေကြတာ။ နောက်ထပ် အဆောင် ဆောက်ပေးဖို့ဆိုတာ ငွေကို လွင့်ပစ်နေ သ လိုဖြစ်နေမှာပေါ့။ လူပြည့်နေပြီ လိုအပ်နေ သေးတယ်ဆိုရင် ဒါမှလည်း ကျနော်တို့က အဆောင် ထပ်ဆောက်ဖို့ တောင်းဆိုလို့ ကောင်းမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မြို့နယ် ၆ မြို့နယ်တွင် တိုက်ပွဲရှောင်စခန်း ၇ ခု တည် ဆောက် ပေးထားပြီး ဖြစ်သည့်အတွက်ကြောင့် တိုက်ပွဲရှောင်စခန်းများ ပိုမိုပြန့်ကြဲစွာတည်ရှိ မနေစေရန် ခွင့်ပြုချက် မရှိဘဲ စစ်ဘေး ရှောင်စခန်းများ မဆော က်လုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမိန့် ထုတ်ပြန်ညွန်ကြား ထားသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်ပြည်သူများသည် အလှူရှင်များ၏ ပံ့ပိုး မှုကြောင့် ကိုယ်ထူ ၊ ကိုယ်ထ စနစ်ဖြင့် ယာယီတဲထိုးနေထိုင်ကြရသလို အများစုမှာ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်း ၊ ဓမ္မာရုံများနှင့် ဆွေမျိုး သား ချင်များ နေအိမ်များတွင် ဝင်ရောက်ခိုလူံနေရကြသည်။
အစိုးရအစီအစဉ်ဖြင့် ဆောက်ပေးထားသည့် အဆောင်များမှာ နေရပ်ရင်း နေရာနှင့် အလှမ်းကွာပြီး သွားရေး ၊ လာရေး ခက်ခဲသည့် နေရာများ ဖြစ်သည့်အတွက် သွားရောက်နေထိုင်လိုခြင်း မရှိကြောင်းလည်း စစ်ဘေး ရှောင်များက ပြော သည်။
ရသေ့တောင်မြို့ပေါ်သို့ ဝင်ရောက်ခိုလူံနေသူ ဒေါ်စုစုလှိုင်က “သူတို့ (အစိုးရ) ဆောက်ပေးတဲ့နေရာကိုလည်း ကြည့်လေ။ ကျမတို့က တိုက်ပွဲဖြစ်လို့ ကြောက်ပြီး ပြေးလာတာ။ အဲဒီတိုက်ပွဲနဲ့ နီးတဲ့နေရာမှာ သွားဆောက် ပေးတော့ ဘယ်လိုနေရဲမလဲ။ အလှူရှင်တွေလည်း အဲဒီနေ ရာကို မလာရဲကြဘူး။ သွားရေး ၊ လာရေးကလည်း ခက်ခဲတယ်။ အဲဒီနေရက ကျမတို့ အတွက် မလုံခြုံဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်စုစုလှိုင်သည် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလဆန်းပိုင်း က ဖြစ်ပွားခဲ့သော ကျောက်တန်းရွာဖြစ်စဉ်ကြောင့် ရွာမှ ထွက်ပြေးလာသည်မှာ တနှစ်ကျော် ရှိပြီဖြစ် သည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေး ရှောင်များနေထိုင်ရန်အတွက် ရွာသစ်ကေ ကျေးရွာနှင့် သောင်းဒရင်း ကျေးရွာတွင် ယာယီနေထိုင်စရာအဆောင်များ ဆောက်ပေးထားကြောင်း သိရသည်။
အစိုးရအနေဖြင့် အဆောင်များ ဆောက်ပေးထားပြီး ဖြစ်၍ စစ်ဘေးရှောင်များ သွားရောက်နေထိုင်ရန် အမြဲပြောဆိုနေမှုမှာ မြေပြင် အခြေအနေနှင့် ကွာဟမှုရှိနေကြောင်း ရသေ့တောင်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ပြ သည်။
ဒေါ်ခင်စောဝေက “အစိုးရက စစ်ဘေး ရှောင်တွေနေဖို့ ရွာသစ်ကေနဲ့ သောင်းဒရားရွာမှာ ဆောက်ပေး ထားတယ် လို့ပြောတယ်။ ဘာကြောင့်မနေလဲဆိုတာ သူတို့ ဆောက်ထားတဲ့ အ ဆောင်တွေက အခုအချိန်ထိ ပြီးစီးမှု မရှိသေးဘူး။ မိုးသာကျသွားတယ်။ ရွာသစ်ကေမှာ ၁၀ ဆောင်မှာ ၇ ဆောင်လောက်သာ ပြီးတယ်။ ၃ ဆောင် ကလုံးဝ မပြီးသေးဘူး။ သောင်းဒရာမှာဆို အခုမှ စလုပ်နေတာပဲ ရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် ကတော့ “လူပြည့်နေပြီ လိုအပ်နေသေးတယ်ဆိုရင် ဒါမှလည်း ကျနော်တို့က အဆောင် ထပ်ဆောက်ဖို့ တောင်းဆိုလို့ ကောင်းမှာပေါ့။ အခုက အဲဒီမှာတောင် မပြည့် သေးဘူး။ နောက်ထပ် နေရာတွေမှာဆောက်နေမယ်ဆိုရင် ငွေကြေး ပြုန်း တီး တာနဲ့တူနေမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်ဘက် တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေး ရှောင်လူဦးရေ ၁၅၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ရာ ဖြစ်သလို နေထိုင်ကြရ သည့်အတွက် ၎င်းတို့အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ ဦးဆောင်ကာ ၎င်းမြို့အနီးရှိ ဓာတ်အားပေး စက်ရုံ အနီးတွင် စစ်ရှောင်များနေထိုင်ရန် လူနေအဆောင်များ ဆောင်လုပ်ရန် စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ စစ်ရှောင်စခန်းများ ဆောက်လုပ်နေသည့်အပေါ် ပြည်နယ်အစိုးရအ ဖွဲ့မှ ခွင့်ပြုချက်မရှိဘဲ မဆောက်လုပ်ရဟု အမိန့်ထုတ်တားမြစ်သည့်အတွက် လက်ရှိ အချိန်တွင် ရသေ့တောင်စေတီတောင်ခြေတွင်ရှိသည့် ဂေါပက ပိုင် မြေနေရာ သို့ ပြောင်းရွှေ့ဆောက်လုပ်နေကြောင်းလည်း ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက ပြောသည်။
ဒေါ်ခင်စောဝေ က “ပထမဆောက်တဲ့နေရာမှာ အစိုးရက ခွင့်မပြုလို့ ရသေ့တောင် စေတီတောင်ခြေက ဂေါပကပိုင် မြေနေရာမှာ ကျမတို့ ဆောက်နေတယ်။ ခရိုင်အုပ်ချုပ်ရေးရုံးကိုခွင့်ပြုချက်တင်ထားတယ်။ သူတို့ အကြောင်းတော့ မပြန်သေးဘူး။ ခွင့်ပြုချက်ကို စောင့်နေရင် မိုးကျနေပြီး စောင့်နေလို့ အချိန်မရေတာ့ဘူး။ အစိုးရက တပြားမှလည်း ကူညီပံ့ပိုးတာ မရှိဘူး။ ဖေ့စ်ဘုတ်ပေါ်က အလှူခံပြီး ရတဲ့ငွေနဲ့ မိုးတွင်းကာမှာ ကိုယ့်ပြည်သူတွေ ဒုက္ခမရောက် ဆောက်ပေးနေရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဆောက်လက်စအဆောင်များ နေရာပြောင်း ရွှေ့လိုက်ရ သည့် အတွက် ဆုံးရှုံးနစ်နာမှုများနှင့် ပျက်စီးမှုများလည်း များစွာဖြစ်ပွားခဲ့ရ ကြောင်းလည်း ဆိုသည်။
အလားတူ ကျောက် တော်မြို့နယ် အတွင်း ဝင်ရောက်ခိုလူံနေသော စစ်ဘေးရှောင်များမှာလည်း နေထိုင်စရာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကျောက်တော်မြို့ခံ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
ဦးဦးထွန်းဝင်းက “ကျနော်တို့မြို့ပေါ်မှာ အခု စစ်ရှောင်တွေ ခိုလူံနေတာ စာသင်ကျောင်း ၇ ကျောင်းရှိတယ်။ အဲဒီ စာသင်ကျောင်းတွေကို နောက်လ ပညာရေးဌာနကို ပြန်အပ်ရမယ်လို့ ပြောတယ်။ ဒီတိုင်းဆို မိုးတွင်းကာလမှာ သူတို့ နေထိုင်ရေး တော်တော် အခက်အခဲဖြစ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်အတွင်း ဝင်ရောက်ခိုလှုံနေသူ စစ်ဘေးရှောင် လူဦးရေ ၁၀၀၀၀ (တသောင်း) ကျော်ရှိကြောင်းလည်း အရပ် ဘက်လူမှု အဖွဲ့အ စည်းများထံမှ သိရသည်။
ကျောက်တော်မြို့နယ်အတွင်း ဝင်ရောက်ခိုလူံနေသူ အများစုမှာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ် ကုလားတန် မြစ်ကြောင်း တလျောက် တွင် နေထိုင်ကြသည့် ကျေးရွာသားများ ဖြစ်သည်။
မြေပုံမြို့နယ် စညှင်းကျေးရွာ စစ်ဘေးရှောင်စခန်းတွင်လည်း လူဦးရေ ၄၀၀ ကျော်ရှိပြီး ၎င်းတို့အားလုံးမှာ ယာယီတဲများဖြင့် နေထိုင်ရသည့် အတွက်လက်ရှိအချိန်တွင် မုန်တိုင်း ဒဏ်ခံ နေရကြောင်း စခန်း တာဝန်ခံ ကိုသူရမိုးက ပြောသည်။
ကိုသူရမိုး က “ကျနော်တို့ စခန်းအခြေအနေက မိုးရေထဲမှာ နေရတယ်။ ဒီလ ၁၈ ရက်နေ့ ကမိုးရွာပြီး လေပြင်းတိုက်တော့ ယာယီဆောင်တွေလည်း ပျက်စီးကုန်တယ်။ ကန့်သတ်ခံ ထားရတဲ့အတွက် အလှူရှင် တွေလည်းလည်း မရောက်ကြဘူး။ နိုင်ငံတကာ အဖွဲ့အစည်း တွေလည်း တဖွဲ့မှ မရောက်ကြဘူး။ ဖုန်းနဲ့ အနီးအနားက ရွာတွေကို လှမ်းပြီးတော့ အလှူခံရ တာရှိတယ်။ ဒုက္ခရောက် တယ်ဆိုတာကိုတော့ ပြောစရာကို မလိုတော့တာ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီက မြေပုံမြို့နယ် စညှင်း ကျေးရွာ အတွင်းဖွင့် လှစ်ထားသည့် လူဦးရေ ၄၀၀ ကျော်ရှိသည့် ဒုက္ခသည် စခန်းကို တပ်မတော် စစ်ကြောင်း တခုက လာရောက်၍ ထိုနေရာတွင် စခန်းမချရန် ဖိအားပေးကာ ယာယီတဲ တချို့ ကိုလည်း ဖျက်စီး သွားခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တိုက်ပွဲများကြောင့် ထွက်ပြေး ခိုလှုံနေရသော စစ်ဘေးရှောင်အရေတွက် တသိန်း ၇ သောင်း ကျော်အထိ တိုးလာနေကြောင်း ရခိုင်တိုင်းရင်း သား မျိုးနွယ်စု အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။