ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၅ ဦးမှ ဇူလိုင်လအတွင်းက သတ်လိုက်သော ရှမ်းနီလူမျိုး ကျောင်းသား လူငယ် ၂ ဦး၏ ရုပ်အလောင်းကို ဇူလိုင်လကုန်တွင် ပြန်ပေးရန် ညှိနှိုင်းထားသော်လည်း ယခုအထိ KIA ထံမှ ပြန်မရသေး ကြောင်း အသတ်ခံရသူများ၏ မိဘများထံမှ သိရသည်။
“အလောင်းကို တောင်းတဲ့အခါ သူတို့ဘက်ကလည်း စစ်ကြောင်းတွေ ထိုးခံနေရတယ်။ သူတို့မှာလည်း အခက်အခဲရှိတယ်။ သူတို့ မပြနိုင်သေးဘူးဆိုပြီးတော့ လကုန်လောက် အဆင်ပြေအောင် လုပ်ပေးမယ်ပေါ့။ သူတို့ မပြနိုင်ရင်လည်း မြေပုံ အ ညွှန်းကို ပေးမယ်ပေါ့။ အဲဒီလိုတော့ ပြောခဲ့တယ်။ အခုအထိတော့ ဘာမှ မသိရသေးဘူး။ အခုက လကုန်ကျော်သွားပြီ” ဟု သေဆုံးသွားသည့် မောင်သန့်ဇင်အောင်၏ ဖခင် ဦးအိုက်ဆန်းက ဧရာဝတီသို့ပြောသည်။
အသတ်ခံရသူများမှာ ပါဟုတ်ကြီးရွာမှ အသက် ၁၇ နှစ်အရွယ် နဝမတန်းကျောင်းသား မောင်ဇော်မျိုးဦး နှင့် ညီအကိုဝမ်း ကွဲ တော်စပ်သူ မုံရွာ တက္ကသိုလ်တွင် အင်္ဂလိပ်စာပထမနှစ် အဝေးသင်တက်ရောက်မည့် မောင်သန့်ဇင်အောင်တို့ဖြစ်ပြီး သည်။
ဦးအိုက်ဆန်းသည် မောင်သန့်ဇင်အောင်နှင့် တူဖြစ်သူ မောင်ဇော်မျိုးဦးတို့ကို ရည်စူး၍ ဇူလိုင်လကုန်ပိုင်းက ဗုဒ္ဓ ဘာသာ ထုံးစံအတိုင်း မုံရွာမြို့ရှိ ဘုန်းတော်ကြီးကျောင်း၌ အလှူအတန်း ပြုလုပ် အမျှဝေထားသော်လည်း အလောင်းပြန်မရသဖြင့် သားဖြစ်သူ အသတ်ခံလိုက်ရသည်ကို မယုံကြည် နိုင်သေးကြောင်း ဦးအိုက်ဆန်းက ဆိုသည်။
“ကျနော်ကတော့ သေပြီဆိုတာ လက်မခံနိုင်သေးဘူး။ သူတို့ မြေပုံကို ပြနိုင်မှ မြေပုံကို ပြနိုင်တယ်ဆိုရင်တောင် ကျနော်က ကိုယ်တိုင်ဖော်ပြီး မြင်ရမှကျေနပ်မှာ” ဟု ၎င်းက ရှင်းပြသည်။
KIA ကမူ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးရွာမှ ကျောင်းသား လူငယ် ၂ ဦးကို ၎င်းတို့ တပ်ဖွဲ့ဝင် များက ဇူလိုင်လဆန်းပိုင်းက သတ်ဖြတ်လိုက်ကြောင်း ဝန်ခံထားပြီး ထိုဖြစ်စဉ်အတွက် ဇူလိုင်လ ၂၄ ရက်တွင် KIA ဘက်က ဘာသာရေးဆရာမှ တဆင့် မိဘများကို တောင်းပန်ကာ လျော်ကြေးသိန်း ၄၀၀ ပေးထားကြောင်း သိရသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ သေဆုံးသူများ၏ မိဘများထံ တယောက်လျှင် သိန်း ၂၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ လျော်ကြေးပေးထားကြောင်း၊ မိဘများကိုလည်း KIA ဘက်က ကျေနပ်ရန် တောင်းပန်ထားပြီး ဖြစ်ကြောင်းဆိုသည်။
“ကလေးရဲ့မိသားစုတွေနဲ့ ကိစ္စကတော့ ပြီးသွားပြီ။ ရှမ်းရိုးရာယဉ်ကျေးမှုကော်မတီတွေ အားလုံးဝိုင်းဖြေရှင်းလို့ ပြီးသွားပြီ။ အလောင်းပြန်ပေးဖြစ်၊ မဖြစ်ကလည်း ကျနော်မကြားမိသေးပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သည့် KIA တပ်ဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းနေပြီး စစ်ဆေးမေးမြန်းချက်အရ ပြစ်မှု ထင်ရှား ပါက ထိုက်သင့်သည့် ပြစ်ဒဏ်ပေးမည်ဟုပြောသော်လည်း သေဆုံးသူများ၏ ရုပ်အလောင်းကို ပြန်ပေးရန် မည်ကဲ့သို့ စီစဉ်နေသည်ဆိုသည့် အချက်ကိုမူ ၎င်းက ရှင်းရှင်းလင်းလင်းပြောကြားခြင်းမရှိပေ။
KIA ဘက်ကမူ ကျောင်းသားလူငယ် ၂ ဦး အသတ်ခံရမှုသည် ကျူးလွန်သူ လူတဦးချင်းနှင့်သာ ဆိုင်သည့် ပြဿနာဖြစ်ပြီး ရှမ်းနီနှင့် ကချင်လူမျိုးများအကြား ဖြစ်သည့် ပြဿနာမဟုတ်ဟုလည်း ပြောဆိုထားသည်။
You may also like these story:
ရှမ်းနီ ကျောင်းသား ၂ ဦးကို KIA တပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုဖြစ်