အမေရိကန်အစိုးရက ထုတ်ပြန်ထားတဲ့အမိန့်ကြောင့် iPhone ရဲ့ app store ကနေ WeChat ကို ဖယ်ထုတ်လိုက်မယ်ဆိုရင် စမတ်ဖုန်းရောင်းအား သုံးပုံတပုံလောက် ကျဆင်းသွားနိုင်တယ်လို့ လူသိများတဲ့ ထိုင်ဝမ်လူမျိုး စတော့ဈေးကွက် လေ့လာသုံးသပ်သူက သတိပေးပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ အမေရိကန်အစိုးရက ထုတ်ပြန်ထားတဲ့ ကြေညာချက်ကြောင့် iPhone မှာ တရုတ်ရဲ့ ဆိုရှယ်မီဒီယာတခုအသွင် ဘက်စုံအသုံးပြုနေတဲ့ WeChat app ကို ဖယ်ရှားရဖို့ ရှိနေပါတယ်။
တရုတ်အခြေစိုက် Tencent ကုမ္ပဏီကနေ ၂၀၁၁ ခုနှစ်မှာ စတင်ဖန်တီးခဲ့တဲ့ WeChat app ဟာ ၂၀၁၈ ခုနှစ်မှာတော့ သုံးစွဲသူ သန်း ၁၀၀ ကျော်နဲ့ ကမ္ဘာ့အကြီးဆုံးမိုဘိုင်း app တခု ဖြစ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကတော့ နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ TikTok နဲ့ WeChat တို့ လုပ်ငန်းကိစ္စ လုပ်ဆောင်မှုတွေကို တားမြစ်တာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်လူမျိုးအများစု အသုံးပြုနေတဲ့ WeChat ကို အကယ်၍ iPhone တွေမှာ အသုံးမပြုနိုင်တော့ရင် တရုတ် iPhone ဈေးကွက်ရောင်းအား ၃၀ ရာခိုင်နှုန်းနဲ့ ၂၀၂၀ ခုနှစ် ဒုတိယလေးလပတ် Apple အမြတ်ငွေ ၁၅ ရာခိုင် နှုန်းလောက် ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
“တရုတ်နိုင်ငံမှာ WeChat က နေ့စဉ် မရှိမဖြစ်ပါပဲ။ စာပို့ဖို့ အတွက်လား၊ ပစ္စည်းငွေချေဖို့လား၊ ဆိုရှယ်မီဒီယာအဖြစ်ရော၊ သတင်းဆောင်းပါး ဖတ်ရှုတာ စတာတွေအတွက် နေ့စဉ်သုံး app တခုပါ။ တကယ်လို့ Apple ကထုတ်တဲ့ ပစ္စည်းတွေမှာသာ သုံးမရတော့ဘူးဆိုရင် တရုတ်ဈေးကွက်မှာတော့ ရောင်းအားတွေ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်”
“ကျနော်တို့ ခန့်မှန်းထားသလောက်တာ့ iPhone ရောင်းအားက ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း၊ Apple ရဲ့ တခြားပစ္စည်းတွေဖြစ်တဲ့ AirPods, iPad, Apple Watch နဲ့ Mac ရောင်းအားတွေလည်း ၁၅ ကနေ ၂၅ ရာခိုင် နှုန်းလောက်ကို ကျဆင်းနိုင်ပါတယ်” လို့ စတော့ဈေးကွက် လေ့လာသုံးသပ်သူ မစ္စတာ Min-Chi Kuo က ဆိုပါတယ်။
Apple ရှယ်ယာဟာ တနင်္လာနေ့က နယူးစတော့ဈေးကွက် အဖွင့်မှာ အမေရိကန်ဒေါ်လာ ၄၅၅ ရှိခဲ့ပေမယ့် နေ့လယ် ၁၁ နာရီလောက်မှာ အမေရိကန်ဒေါ်လာ ၄၄၂ နဲ့ ၂ ဒဿမ ၆ ရာခိုင်နှုန်းလောက် မစ္စတာ Kuo သုံးသပ်ခဲ့သလို ကျဆင်းသွားခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ကြေညာချက်အပြီးမှာ မိခင်ကုမ္ပဏီ Tencent ရှယ်ယာတွေလည်း ၁၀ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ တရုတ်လူမျိုး အနည်းငယ်လည်း WeChat ကို အသုံးပြုတယ် ဆိုပေမယ့် Tencent ရဲ့အမြတ်ငွေ ၉၆ ရာခိုင်နှုန်းဟာ တရုတ်ပြည်မကြီးက သုံးစွဲသူတွေဆီက ရရှိနေတာ ဖြစ်ပါတယ်။
Ref: Asia Times
You may also like these stories:
၄၅ ရက်အတွင်း TikTok နဲ့ WeChat ကို ပိတ်မယ်လို့ သမ္မတ ထရမ့် အမိန့်ထုတ်
ဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ Tiktok နဲ့ Zoom သုံးစွဲမှု ရုပ်သိမ်း
TikTok နဲ့ WeChat အပါအဝင် တရုတ်မိုဘိုင်း App များကို အိန္ဒိယပိတ်ပင်