သတင်း

ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေး ယာယီဆေးရုံကို ဧရာဝတီဖောင်ဒေးရှင်း တည်ဆောက်

မြန်မာနိုင်ငံတွင် တကျော့ပြန် ကူးစက်မှုပြန်လည်မြင့်တက်သော COVID 19 ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေနိုင်ရန် ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေးယာယီဆေးရုံကို ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်ပေးကြောင်း သိရသည်။

ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေးယာယီဆေးရုံကို ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်ပေးနေ/ဧရာဝတီဖောင်ဒေးရှင်း

အဆိုပါ ယာယီဆေးရုံကို ရန်ကုန်မြို့ သုဝဏ္ဏမြင်ခင်းတု ဘောလုံးကွင်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ကိုဗစ်ပိုးတွေ့လူနာ (၄၁၆) ဦး နှင့် ကျန်းမာရေးဝန်ထမ်း နှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော် ဆောက်လက်စ ဆေးရုံကို လှည့်ပတ်ကြည့်ရှုစစ်ဆေးနေစဉ်/ ဧရာဝတီဖောင်ဒေးရှင်း

ထို ယာယီ ရောဂါကုသရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးဆိုင်ရာ ကိစ္စအဝဝကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမည် ဖြစ်ပြီး ယာယီ အဆောက်အဦများ တည်ဆောက်ရေးနှင့် လိုအပ်သော ပစ္စည်းများ၊ နေရေးထိုင်ရေးနှင့် နေ့စဉ် အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမည်လည်းဖြစ်သည်။

ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေးယာယီဆေးရုံကို လာမည့် တနင်္ဂနွေ အပြီးဆောက်မည်/ဧရာဝတီဖောင်ဒေးရှင်း

ယာယီဆေးရုံကို ယခုလာမည့် စက်တင်ဘာ ၂၀ ရက်နေ့ (တနင်္ဂနွေ)တွင် အပြီးသတ်ဆောက်လုပ်မည်ဖြစ်ပြီး COVID-19 ရောဂါ သာမာန်လက္ခဏာပြသည့် လူနာများကိုလည်း ထားရှိ ကုသပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေးယာယီဆေးရုံကို လာမည့် တနင်္ဂနွေ အပြီးဆောက်မည်/ဧရာဝတီဖောင်ဒေးရှင်း

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ယခုယာယီဆေးရုံအပြင် ဧရာဝတီဘဏ် သင်တန်းကျောင်း နှင့် အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) တို့ကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ Quarantine စင်တာများအဖြစ် စီမံဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော် ရန်ကုန်တိုင်းအစိုးရဝန်ကြီးများအား ရှင်းလင်းပြောကြားစဉ်/ /မျိုးမင်းစိုး/ဧရာဝတီ

ယင်းအပြင် ဧရာဝတီဖောင်းဒေးရှင်းသည် COVID 19 ရောဂါ ကာကွယ်ကုသရေးအတွက် ကြိုးစားလုပ်ဆောင်နေကြသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အပါအဝင် အများပြည်သူများအတွက် လိုအပ်သော ကျန်းမာရေးအထောက်အကူပြု အသုံးဆောင်ပစ္စည်းများ နှင့် နေထိုင်ရေးနှင့်စားသောက်ရေးကိစ္စအဝဝကို ကူညီထောက်ပံ့ပေးလျက်ရှိသည်။

You may also like these stories:

မစိုးရိမ်ရသည့် ကိုဗစ်လူနာများ ယာယီဆေးရုံများသို့ ပြောင်းရွှေ့ ကုသမှု စတင်

စစ်တွေဆေးရုံက ကိုဗစ်ပျောက်ကင်းသူ ၂၀၀ ကျော် ဆေးရုံမှ ဆင်းခွင့်ရ

ကိုဗစ်ကြောင့် သေဆုံးသူ ၆၉ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အိုများဖြစ်

နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းတွင် ကိုဗစ်ပိုးတွေ့ လူနာများ တိုးလာနေ

Loading