မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင် သူနာပြု၊ ဆရာဝန်နှင့် တခြားအထောက်အကူပြု ကျန်းမာရေးဝန်ထမ်း အယောက် ၇ဝ ကျော် COVID-19 ရောဂါပိုး ကူးစက်ခံထားရပြီး ထိုစာရင်းထဲတွင် ရခိုင်ပြည်နယ်က ၄၇ ဦး ပါဝင်ကာ အများဆုံး ဖြစ် ကြောင်း ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ဒေါက်တာခင်ခင်ကြီးက “COVID-19 လူနာတွေရှိတဲ့ အဆောင်တွေထဲမှာ ထမင်းစားတဲ့အခါ နှာခေါင်းစည်းချွတ်ပြီး စားရ တယ်။ PPE ဝတ်စုံပါတာပဲဆိုပြီး မကူးဘူးဆိုတာ မဟုတ်ဘူး။ ကမ္ဘာမှာတောင် အကြောင်းကြောင်းကြောင့် ကူးနေ တာပဲ။ ဒီဝန်ထမ်းတွေ ပေါ့ဆလို့တော့ မဟုတ်ပါဘူး” ဟု ရှင်းပြသည်။
ထို့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 လူနာများရှိသည့် ဆေးရုံများတွင် ဝန်ထမ်းများ နားနေနိုင်ရန် လေဝင်လေထွက် ကောင်းသည့် အခန်းများ ထားပေးရန် လုပ်ဆောင်နေကြောင်း ၎င်းက ရှင်းပြသည်။
ကျန်းမာရေးဝန်ထမ်းများ ကူးစက်မှုသည် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် ကျောက်ဖြူမြို့တွင် ပိုမိုများပြားပြီး ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း ကူးစက်ခံထားရသည့် ဆေးဝန်ထမ်းအချို့ရှိပြီး ကိန်းဂဏန်း အချက်အလက် အတိအကျကို ပြုစုနေဆဲဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ အနေဖြင့် ဆေးရုံများတွင် အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့သည် ရောဂါ ကူးစက် ခံရနိုင်ခြေ မြင့်မားသူများ ဖြစ်သဖြင့် နေအိမ်သို့ ပြန်လည်နေထိုင်ပါက နေအိမ်ရှိ အတူနေ မိသားစုဝင်များထံ ရောဂါ ကူးစက် နိုင်ချေ ရှိနေသဖြင့် နေအိမ်သို့ မပြန်လိုသူများအတွက် အဆင်ပြေစွာ နေထိုင်နိုင်ရေးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ပရဟိတ အလှူရှင်များနှင့် တိုင်ပင်၍ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။
ထိုကဲ့သို့ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ထိုကဲ့သို့ ကျန်းမာရေး ဝန်ထမ်းများအထိပါ ကူးစက်မှု ဖြစ်ပေါ်လာသည့် အတွက် ၎င်းတို့၏ မိသားစုဝင်များထံသို့ မပြန်တော့ပဲ သီးသန်းနေထိုင်စေရေးကို လူ ၄ဝဝ စာခန့် နေထိုင်နိုင်ရေးကို ပြင်ဆင်နေကြောင်း ကျန်းမာရေးဝန်ကြီးက ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။
ကိုယ့်ရဲ့ ရောဂါရာဇဝင်၊ ခရီးသွားရာဇဝင် တိတိကျကျ ပြောစေချင်တယ်။ ဒါမှလည်း ကျနော်တို့ အနေနဲ့ ကိုယ့်လူတွေ လုပ်အားမလျော့ပဲ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုစောင့်ရှောက်ပေးလို့ရတာပေါ့
ထို့ပြင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ရောဂါ ကူးစက်ခြင်း မခံရစေရေး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စ ရပ်များအား ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
အချို့လူနာများ အနေဖြင့် မိမိ ဖျားနာခြင်း၊ အနံ့ပျောက်နေခြင်း စသည့် အခြေအနေမျိုး ဖြစ်လာပြီး ဆေးရုံ၊ ဆေးခန်းများကို လာရောက်ပြသမည်ဆိုလျှင် မိမိ၏ ရောဂါရာဇဝင်ကို အတိအကျ ပြောဆိုရန် လိုအပ်ကြောင်း၊ ရောဂါရာဇဝင်ကို မပြောသူ များသည် သာမန်လူနာများကဲ့သို့ လာရောက်ပြသမှုများ ရှိ၍ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံမိလျှင် ကျန်းမာရေး ဝန်ထမ်းများ ကိုလည်း ကူးစက်နိုင်ခြေရှိသည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးက သုံးသပ်သည်။
ဒေါက်တာကျော်စွာဦးက “တခါတလေတော့ အခု ထပ်တိုးလာတဲ့ COVID-19 ပိုးက မာယာများတယ်လို့တောင် ပြောရ မယ်။ ကျနော်တို့ သူငယ်ချင်းတချို့ ကူးစက်ခံရတာရှိတယ်။ နှာခေါင်းစည်းတပ်တယ်၊ PPE အဆင့် ၂ လောက်အထိ ဝတ်ထားတယ်။ ဘယ်ကနေ ဘယ်လိုကူးသွားတယ်ဆိုတာတောင် ရှာရခက်နေတယ်။ တချို့လူနာတွေက ကိုယ့်ရဲ့ ဖြစ်နေ တဲ့ ရောဂါရာဇဝင်ကို အတိအကျမပြောမိတော့ သာမန်လူနာလို ဆက်ဆံရာကနေလည်း ကူးနိုင်တာပဲ။ လူနာ အမှားလို့ မပုံချပါဘူး။ ဒါပေမယ့် ကိုယ်တခုခုဆို တိတိကျကျ ပြောဆိုပြီး ကုသမှုတော့ ခံယူသင့်တယ်” ဟုဆိုသည်။
ပဲခူးတွင်လည်း ရန်ကုန်မှ ပြန်လာသူ ၁ ဦးအား Quarantine ဝင်ခိုင်းသည့်အခါ ခရီးသွားရာဇဝင်ကို လိမ်လည်ထွက်ဆိုခဲ့ပြီး ဆေးရုံလာပြခဲ့ကြောင်း၊ ထို့နောက်မှ အဖြစ်မှန်သိရှိကာ ၎င်းလူနာ ကို ဆေးစစ်ကြည့်ရာမှ ကိုဗစ်ပိုး တွေ့ရှိခဲ့သဖြင့် ၎င်းနှင့် ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများအားလုံး Quarantine ဝင်ကြရမည်ဖြစ်ကြောင်း ပဲခူးမြို့ရှိ အမည်မဖော်လိုသည့် သူနာပြုဆရာမ ၁ ဦးက ပြောသည်။
ဧရာဝတီတိုင်းတခုလုံးတွင်လည်း လက်ရှိအချိန်အထိ COVID-19 လူနာ ၂၂ ဦးရှိသည့် အနက် ၁၂ ဦးသည် ပုသိမ်ဆေးရုံ တွင် တက်ရောက်ကုသမှု ခံယူနေရကြောင်း၊ လူနာများအနေဖြင့် ပြင်ပနေအိမ်များတွင် ဖွင့်ထားသည့် ဆေးရုံ ဆေးခန်းများ တွင် သွားရောက်ပြသမည်ဆိုလျှင် မရိုးမသား ပြောဆိုမှုကြောင့် ၎င်းတို့အား ကုသပေးသည့် ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင် COVID-19 ပိုး ကူးစက်ခံရနိုင်ခြေကို စဉ်းစားထားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က သုံးသပ်သည်။
ဒေါက်တာသန်းမင်းထွဋ်က “လူနာတွေအနေနဲ့ တကယ်လို့များ ကိုယ့်အခြေအနေတခုခု ဖြစ်လာပြီဆို ကျနော်တို့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက် ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရမယ့် ဖုန်းတွေကို ကြိုတင်ပြီး ဆက်သွယ်ထား စေချင်တယ်။ အဲဒီတော့မှ ကျနော်တို့က သူတို့လာမယ့်အချိန်မှာ ဘယ်လိုစိစစ်ရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထား လို့ရတာပေါ့။ နောက်ပြီး ကိုယ့်ရဲ့ ရောဂါရာဇဝင်၊ ခရီးသွားရာဇဝင် တိတိကျကျ ပြောစေချင်တယ်။ ဒါမှလည်း ကျနော်တို့ အနေနဲ့ ကိုယ့်လူတွေ လုပ်အားမလျော့ပဲ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုစောင့်ရှောက်ပေးလို့ရတာပေါ့” ဟု ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ မနက်ပိုင်း သတင်းထုတ်ပြန်ချက်များအရ ပိုးတွေ့လူနာပေါင်း ၃၂၉၉ ဦး၊ သေဆုံးသူ ၃၂ ဦးနှင့် ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရသူ ၇၉၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ဒုတိယလှိုင်း ကူးစက်ခံရသူ ၁၀ ရာခိုင်နှုန်း ကျန်းမာရေးဝန်ထမ်းများဖြစ်
ရန်ကုန်တိုင်း စက်ရုံအလုပ်သမားများတွင် ကိုဗစ်ရောဂါပိုးတွေ့