၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုများ အပေါ် အခြေခံ၍ မဲမသမာမှု ဖြစ်စေနိုင်သော သံသယဖြစ် ဖွယ် အချက်များဟု စွပ်စွဲပါရှိသည့် တပ်မတော်၏ မဲစာရင်းစိစစ် ထုုတ်ပြန်ချက်အပေါ် ပြည်ထောင်စုု ရွေးကောက်ပွဲ ကော်မ ရှင် (UEC)က ပြန်လည် တုံ့ပြန်လိုက်သည်။
UEC ၏ ဒီဇင်ဘာ ၃၀ ရက်စွဲပါ ထုတ်ပြန်ချက်တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်နေသည့် မြို့နယ် အချို့၏ မဲစာရင်းများသည် ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်းများဖြစ်ပြီး အမှားအယွင်းများ ဖြစ်နေပါက ပြင် ဆင်ရန်အတွက် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ ဖြန့်ဝေထားသည့် မဲစာရင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ မဲစာရင်းကို တပ်မတော်အနေဖြင့် မည်သည်ကရသလဲ ဆိုခြင်းမျိုး ထောက်ပြထားပြီး တပ်မတော်က ယင်းမဲစာရင်း ကို အခြေခံကာ သုံးသပ် ထုတ်ပြန်နေသော်လည်း ထိုမဲစာရင်းသည်၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် မဲပေးသည့် နောက်ဆုံးမဲ စာရင်း မဟုတ်ကြောင်း ပါရှိသည်။
ထို့ပြင် ယခုအချိန်ကာလသည် ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုအတွက် တင်သွင်းလာသည့် ကန့်ကွက်လွှာများကိုုလည်း စစ်ဆေးနေသည့် ကာလ ဖြစ် သည်။
ထိုသို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံသည့်သဘော သက်ရောက် စေသည့် သဘောထား ထုတ်ပြန်ချက်များ၊ အလားတူ ဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများက ဖြစ်စေ၊ အဖွဲ့အစည်း များကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုကြရန် ကော်မရှင်က သတိပေးထားသည်။
ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် The Fifth Pillar အဖွဲ့မှ Program Director ဦးနေဝင်း နိုင်က “ဒီပြဿနာ ပြေလည်သွားချင်ရင် မဲစာရင်းရဲ့ Final version (နောက်ဆုံးမဲစာရင်း) ဖြစ်တဲ့ဟာကို UEC က သက် ဆိုင်တဲ့ Stakeholder များ အားလုံးကို ထုတ်ပြန်လိုက်တယ်ဆိုရင်တော့ ဒီလုပ်ငန်းစဉ်အားလုံးက တော်တော်ကြီးကို ရှင်း ရှင်းလင်းလင်း ဖြစ်သွားမယ်လို့ ထင်တယ်” ဟု သုံးသပ်ပြောဆိုသည်။
မဲစာရင်းကိစ္စသည် နိုင်ငံသားအားလုံးနှင့်ဆိုင်သည့်ကိစ္စ၊ မဲစာရင်း မှန်ကန်ရေးသည် မဲဆန္ဒရှင်တိုင်း၊ အဖွဲ့အစည်းတိုင်းက စိတ်ဝင်တစား ရှိရမည့် ကိစ္စတခုဖြစ်သော်လည်း ရွေးကောက်ပွဲဆိုင်ရာ အနိုင်အရှုံး ဖြစ်သည့်ကိစ္စ၊ မဲစာရင်းမှားယွင်းသည် ဟူသော ကိစ္စများနှင့် ပတ်သက်၍ တပ်မတော်က ဆောင်ရွက်ခြင်းထက် နိုင်ငံရေးပါတီများက ဆောင်ရွက်လျှင် ပိုသင့် လျော်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက UEC အနေဖြင့်လည်း ယခုလို တန်ပြန်သတိပေးစာများ ထုတ်ပြန်နေမည့်အစား လူတိုင်းစိတ်ဝင် စားနေသည့် နောက်ဆုံး မဲစာရင်းကို ထုတ်ပြန်ပေးပြီး မဲဆန္ဒနယ်တခုစီအလိုက် မဲပေးပိုင်ခွင့်ရှိသူ၊ မဲလာပေးသူ စာရင်း များကို ပွင့်ပွင့်လင်းလင်း ချပြလုက်မည် ဆုပါက အဖြေတခု ထွက်သွားမည် ဖြစ်ကြောင်း၊ ယခု UEC ၏ တုံ့ပြန်မှုသည် အဖြေကို မရောက်ကြောင်း ထောက်ပြသည်။
ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအပေါ် အခြေခံကာ ပြုစုခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်း ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်မှုများ ပြု လုပ်နိုင်ရန်၂ ကြိမ်တိုင် ကြေညာကပ်ထားပေးခဲ့သည်။
တပ်မတော်က မဲစာရင်းတွေ့ရှိမှုများနှင့် ပတ်သက်၍ ၃ ကြိမ် ထုုတ်ပြန်ထားပြီး ဖြစ်ကာ၊ ယင်းစိစစ်တွေ့ရှိမှုများ ထုုတ်ပြန် ထားချက်အရ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ဝေး မြို့နယ်၊ စေတုတ္တရာမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ရမည်းသင်း မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ တနုုိင်းမြို့နယ်တုုိ့တွင် မဲမသမာမှု ဖြစ်နုုိင်သည့် အရေအတွက် ၁၂၉၂၆၁ ဦး ရှိသည်ဟုု ဆိုသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ကုုိဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်မှုများကြောင့် မဲဆွယ်စည်းရုုံးခွင့်များ ကန့်သတ်ခံ ရခြင်း၊ မဲစာရင်း မှားယွင်းမှု၊ ကြိုတင်မဲ စာအိတ်များ ပေါက်ပြဲမှု စသည့် အားနည်းချက်များ ရှိခဲ့သော်လည်း ဖြစ်စဉ်တခုလုံး ကို ခြုံငုံသုံးသပ်ပါက ရွေးကောက်ပွဲသည် လွတ်လပ်စွာ မဲပေးခွင့်နှင့် တည်ငြိမ်မှု ရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံ ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများနှင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည်။
You may also like these stories:
ရွေးကောက်ပွဲ ရလဒ် တပ်မတော် ကန့်ကွက်လွှာတင်
ရွေးကောက်ပွဲ ကန့်ကွက်လွှာ၂၀၀ နီးပါး ကြံ့ခိုင်ရေးပါတီက UEC သို့ တင်ထား
မဲမသမာမှု ဖြစ်နိုင်ကြောင်း တပ်မတော် ပြောဆိုချက် ကော်မရှင်ခွဲ အဖွဲ့ဝင်များက ပယ်ချ