သတင်း

အာဏာသိမ်းပြီး ၁ လကျော်အတွင်း စက်သုံးဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာ

စစ်တပ်က အာဏာသိမ်းပြီး ၁ လကျော်အတွင်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာပြီး ယခုအခါ ၁ လီတာလျှင် ငွေကျပ် ၂၀၀ ခန့် မြင့်တက်နေကြောင်း သိရသည်။  

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အောက်တိန်း (92) ၁ လီတာလျှင် ၆၄၅ ကျပ်၊ အောက်တိန်း (95) ၁ လီတာလျှင် ၇၅၅ ကျပ်၊ ဒီဇယ် ၁ လီတာလျှင် ၆၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၁ လီတာလျှင် ၆၉၅ ကျပ်သာရှိခဲ့ပြီး ယနေ့ (မတ် ၂၂ ရက်) တွင် အဆိုပါ စက်သုံးဆီ ဈေးနှုန်းများသည် ၁ လီတာလျှင် ၂၀၀ ကျပ်ခန့်အထိ ဈေးမြင့်တက်နေခြင်း ဖြစ်သည်။  

လက်ရှိ အချိန်တွင် ပြည်တွင်းသို့ စက်သုံးဆီ ဝင်ရောက်မှု နည်းပါးနေသည့်အပြင် လက်ကားရောင်းချသော စက်သုံးဆီ ကုမ္ပဏီတချို့၏ ဆီလက်ကျန် နည်းပါးလာနေခြင်းတို့ကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ပြည်ပ ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသည့် စက်သုံးဆီကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။ 

၎င်းက “ပြည်တွင်းမှာ ဆီလက်ကျန် နည်းလာတော့ အရင်က လက်ကားရောင်းတဲ့ ပြည်တွင်း ကုမ္ပဏီတွေက တခြား ဆိုင်တွေကို သိပ်မရောင်းနိုင်တော့ဘူး။ သူတို့ဆိုင်တွေကိုပဲ ဖြန့်ပေးနိုင်နေရတဲ့ အခြေအနေ ဖြစ်နေတာ” ဟု ဆိုသည်။

ပြည်တွင်း ဘဏ်လုပ်ငန်းများကလည်း ပုံမှန်လည်ပတ်နိုင်မှု မရှိသေးသောကြောင့် ပြည်တွင်း စက်သုံးဆီကုမ္ပဏီများသည် ပြည်ပမှ စက်သုံးဆီ တင်သွင်းရန်အတွက် ငွေပေးချေမှု အခက်အခဲ ရှိနေဆဲဖြစ်ပြီး ပြည်ပကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင် သည့် ကုမ္ပဏီတချို့သာ ပြည်ပကုမ္ပဏီဘက်မှ ငွေပေးချေမှု လုပ်ဆောင်ပေးနေသည့်အတွက် စက်သုံးဆီ တင်သွင်းနိုင်နေ ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။  

မတ်လ ၂၂ ရက်နေ့ ဈေးနှုန်းများအရ အောက်တိန်း (92) ၁ လီတာလျှင် ၈၃၀ ကျပ်၊ အောက်တိန်း (95) ၁ လီတာလျှင် ၉၃၀ ကျပ်၊ ဒီဇယ် ၁ လီတာလျှင် ၈၆၀ ကျပ်နှင့် ပရီမီယံဒီဇယ် ၁ လီတာလျှင် ၈၇၀ ကျပ် ဝန်းကျင်အထိ ရှိကြောင်း ပြည် တွင်း စက်သုံးဆီဆိုင်(ရန်ကုန်)များထံမှ သိရသည်။  

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်းများ ယခင်ကထက် ပိုမို မြင့် တက်လာနေသည်ဟုလည်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၁၆ ရက်တွင် သတိပေး ထုတ်ပြန်ထား သည်။  

လောင်စာဆီ ဈေးနှုန်းများသည် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယခင် ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာနေပြီး လောင်စာဆီ ဈေးနှုန်းတက်မှုသည် စားသောက်ကုန် ဈေးနှုန်းတက်မှုကို ထပ်မံမြင့်တက် ရန် တွန်းအားပေးနေသည်ဟုလည်း WFP က ဆိုသည်။ 

You may also like these stories:

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေး မြင့်တက်နေ

Loading