သတင်း

စစ်ကောင်စီ၏ ကျန်းမာရေးယန္တရားကို အယုံအကြည်မရှိဟုဆိုကာ ကိုဗစ် မစစ်ကြ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာတွင် ကိုဗစ်ရောဂါ တတိယလှိုင်း ဖြစ်နေပြီး မြန်မာနိုင်ငံတွင်လည်း ပြန်လည် ခေါင်းထောင်လာနိုင်ဖွယ်ရှိနေ သော်လည်း ပြည်သူလူထုက စစ်ကောင်စီ၏ ကျန်းမာရေးယန္တရားကို အယုံအကြည်မရှိသဖြင့် ကိုဗစ်စစ်ဆေးမှုများ ပြု လုပ်ခြင်း မရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက သိရသည်။

ရောဂါလက္ခဏာ ပြလာသဖြင့် တိုင်ပင်ဆွေးနွေးမှုများ ရှိလာသည့်တိုင် ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ရန် ငြင်းဆန်ကြကြောင်း ဆရာဝန်တဦးက ပြောသည်။

“စစ်မလားမေးတော့ မစစ်ချင်ကြဘူး။ စစ်မယ်ဆိုရင် စစ်ဖို့နေရာကို လမ်းညွှန်ပေးလို့ရအောင် ပြောပေမယ့် များသော အားဖြင့် မစစ်ကြဘူး အိမ်မှာနေမယ်။ ဆေးသောက်မယ်။ အဆင်မပြေရင် ဖုန်း ဆက်မယ်။ ဘာဆေးသောက်ရမလဲ ဆေးညွှန်းလေး တောင်းတယ်။ စစ်လိုက်ရင် အဖြေထွက်လာမယ်။ Positive ပေါ့နော်။ အရင်ကဆို ဧရာဝတီစင်တာတို့ အင်းလျား စင်တာတို့ အနံ့ပျောက်စင်တာတို့ ရှိတယ်။ အခုက ဘယ်ပို့လို့ ပို့မယ် မသိတော့ သူတို့ စိုးရိမ်ကြတာပေါ့” ဟု ပြောသည်။

လက်ရှိအချိန်တွင် ကိုဗစ်ရောဂါ ပြန့်ပွားမှု ရှိနေသည်ဟု ယူဆရပြီး ရောဂါလက္ခဏာရှိသူ ၅ ဦး စစ်ဆေးလျှင် ၃ ဦးနှုန်းခန့် ရောဂါတွေ့ရှိနေရကြောင်းနှင့် ကိုဗစ်ဖြစ်ပွားမှု ပြန့်ပွားလာမည့် အခြေအနေကို စိုးရိမ်နေကြောင်း ဆရာဝန် ၁ ဦးက ဆိုသည်။

ကိုဗစ်စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိသူများကို ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာနှင့် တပ်မတော် ဆေးရုံများသို့ ပို့ဆောင်ကု သနေခြင်း ဖြစ်ကြောင်း သိရသည်။

“ရောဂါ လက္ခဏာက ရှိနေတယ်။ မစစ်ကြလို့သာ မတွေ့တာ။ စစ်ရင်တော့ တွေ့မှာ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ မြန်မာ ပြည်က သွားလို့ရှိရင် စစ်လိုက်ရင်တွေ့တွ့နေတာပဲ ကျနော် ကြားရတယ်။ အဓိကတော့ မစစ်လို့ မတွေ့တာ” ဟု ဆရာဝန် ၁ ဦးက ဆိုသည်။

သို့ရာတွင် စစ်ကောင်စီက ထုတ်ပြန်သည့် သတင်းတွင်မူ ဧပြီလ၂၀ ရက် ည ၈ နာရီမှ ၂၁ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၁,၁၀၃ ခုကို စစ်ဆေးရာတွင် အတည်ပြုလူနာ ၁၃ ဦးသာ တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ ၁ ဦးက “နိုင်ငံတကာမှာ ကိုဗစ် ဖြစ်ပွားမှုနှုန်းတွေ ကြောက်စရာ ကောင်းနေတာ ကျနော်တို့လည်း သတင်းတွေမှာ တွေ့နေတာပဲ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေအရ ကိုဗစ်ကို ပူတာထက်ကို အဆပေါင်းများစွာ ပူရတဲ့ အခြေအနေ ဖြစ်နေတယ်။ ကာကွယ်ဆေးထိုးပေးပါတယ် ဘယ်လောက်ပြောနေနေ လူတွေကို သတ်ဖြတ်နေတဲ့ စစ် ကောင်စီရဲ့ ကျန်းမာရေးယန္တရားအောက်မှာ ကျနော်တို့ ဘယ်လို ယုံကြည်ကုသမလဲ။ အခု အခြေအနေက ကိုဗစ်ထက်ကို ဆိုးပါတယ်ဗျာ” ဟု ပြောသည်။

ထို့ပြင် ကာကွယ်ဆေး ၂ ဒသမ၂ သန်းကျော် ထိုးထားပြီးဖြစ်ပြီး လက်ကျန် ၁၂ ဒသမ၈ သိန်း ကျန်ရှိနေသေးကာ ဆေးများ ထပ်မံရောက်ရှိရန် ရှိနေသေးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ရေးသားထားသည်။

၎င်းက “ဆေးက ၂၂.၂ သိန်း ကုန်ပါပြီ။ လက်ကျန်က ၁၂.၈ သိန်း ကျန်ပါတယ်။ ပ အကြိမ်သမားတွေ သတ်မှတ်ရက် အတွင်း ဒု အကြိမ်လာထိုးပြီး မေလ၂၅ နောက်ပိုင်း ဆေးကျန်ရင် အသက် ၆၀ အထက် ကျန်သူတွေကို ဆက်ထိုးပေးပါမယ် ဆေးက တော့ ဒီဆေးပဲ ဆက်ရောက်ဖို့ရှိပါတယ်” ဟု ရေးသားထားသည်။

ဧရာဝတီတိုင်း ချောင်းသာဒေသတွင် ဧပြီလ၂၀ ရက်က COVID 19 အတည်ပြုလူနာ ၄ တွေ့ရှိခဲ့ပြီး ချောင်းသာသို့ လာ ရောက် တည်းခိုခဲ့သူတဦးထံက ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း ပရဟိတ အသင်းများထံက သိရသည်။

ထို့ပြင် ပုသိမ်မြို့တွင်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၄ ဦး တွေ့ရှိခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ကိုဗစ်လူနာ စုစုပေါင်း ၈ ဦးကို ပုသိမ်မြို့ကိုးသိန်း (ယာယီ) ဆေးရုံတွင် ဆေးဝါးကုသမှုများ ပေးနေကာ ထိုသူများနှင့် ထိစပ်သူများကိုလည်း Home quarantine ထားရှိကြောင်း သိရသည်။

ကိုဗစ်စစ်ဆေးမှုများကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ တဆင့် တပ်မတော် ဆေးရုံသို့ ပို့ဆောင် စစ်ဆေးမှုများ ရှိပြီး ငွေကြေးအကုန်အကျ ခံနိုင်သူများအနေဖြင့် အာယုဆေးရုံ၊ ပန်းလှိုင်ဆေးရုံစသည့် ဆေးရုံများသို့ သွားရောက် စစ်ဆေးနိုင် ကြောင်း သိရသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်၂၄ နာရီအတွင်း ကိုဗစ် ရောဂါပိုးကူးစက်ခံရသူ ကမ္ဘာ့စံချိန်တင် အရေအတွက် ရောက်ရှိသွားပြီး ဧပြီ၂၂ ရက်နေ့ တရက်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူအသစ် ၃၁၅,၀၀၀ ဦးနီးပါးအထိ ကမ္ဘာ့စံချိန်တင် တွေ့ရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

အာဏာသိမ်းအပြီး ကိုဗစ်ထိန်းချုပ်ရေးစနစ် ယိုယွင်းလာနေ

စစ်အာဏာသိမ်းခြင်းကြောင့် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

Did you find apk for android? You can find new Free Android Games and apps.
Loading