သတင်း

ရခိုင်ဝန်ကြီးချုပ်သမီးနှင့်အတူ NLD လူငယ် ၃ ဦးပါ အဖမ်းခံထားရ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည် ဖမ်းဆီးခံရချိန်တွင် NLD လူငယ် ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ် ပြတ်နေကြောင်း NLD ပါတီဝင် တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုလူငယ်တာဝန်ခံလည်းဖြစ်သူ မမိုးဆန်းစုကြည်အား အာဏာသိမ်းစစ် ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်(လည်းတန်း)ရှိ နေအိမ်တွင် မေလ ၉ ရက်နေ့ ညနေပိုင်းက ဝင်ရောက်ဖမ်းဆီးစဉ် ၎င်းနှင့်အတူရှိနေသည့် မအိအိဖြိုး၊ မနှင်းဝတ်ရည်ဖြိုးနှင့် ကိုထွန်းဆွေတို့ ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တဦးက “အခု သူတို့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရဘူး။ သူတို့ သတင်းကလည်း ပျောက်နေတော့ မိဘတွေက တော်တော်စိုးရိမ်နေကြတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူ မအိအိဖြိုးမှာ မြောင်းမြခရိုင် NLD လူငယ်တာဝန်ခံတဦး ဖြစ်သည်။

၎င်းတို့အား စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးစဉ် “ငါ့မှာ ဘာအပြစ်ရှိလို့လဲ” ဟု မမိုးဆန်းစုကြည်က ပြန်လည်အော်ဟစ်မေးမြန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ၎င်းတို့အား ဖမ်းဆီးစဉ် ရိုက်နှက်မှုများ ရှိခဲ့ကြောင်း သိရသည်။

မေလ ၈ ရက်နေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်ကလည်း ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ရှေ့တွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဌ ဦးစိုးလေး(ခ)ဦးစိုးဝင်းနှင့် ရခိုင်ပြည်နယ် NLD လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လက်ရှိတွင် ဦးဘမျိုးသိန်း၊ ဦးစိုးလေးနှင့် ကိုဟိန်းမင်းထက်တို့ ၃ ဦးအား စစ်ကြောရေးတွင် ပို့ဆောင်ထားပြီး အမှုတွဲမှာ ဗဟန်းရဲစခန်းတွင် ရှိနေကြောင်း မိသားစုဝင်များက ပြောကြားသော်လည်း အမှုဖြစ်စဉ်အသေးစိတ်အား မသိရှိရသေးပေ။

မမိုးဆန်းစုကြည်၏ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုမှာလည်း စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး လက်ရှိတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည်။

You may also like these story:

ရခိုင်ဝန်ကြီးချုပ်သမီး မမိုးဆန်းစုကြည် ဖမ်းဆီးခံရ

Loading