ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ အဆုံးသတ်ရန် အားထုတ်မှုအဖြစ် အင်တာနက်ကွန်ရက်များကို ပိတ်ရန် မြန်မာစစ်ကောင်စီက ဆက်သွယ်ရေး ကုမ္ပဏီများကို အမိန့်ထုတ်လိုက်ချိန်မှ စတင်ပြီး တယ်လီနော၏ မြန်မာနိုင်ငံမှ စီးပွားရေးသည် မရေမရာဖြစ်သွားသည်။
လွန်ခဲ့သောဆယ်စုနှစ်တခုက စစ်အုပ်ချုပ်ရေးမှ မြန်မာနိုင်ငံ ရုန်းထွက်လာစဉ် လာရောက်ရင်းနှီးမြှုပ်နှံသည့် အနောက်တိုင်းကုမ္ပဏီ အနည်းငယ်အနက် တခုဖြစ်သော နော်ဝေးမှ တယ်လီနောသည် စစ်အာဏာသိမ်းမှုကြောင့် ယခုအပတ်အတွင်း မြန်မာနိုင်ငံမှ ဒေါ်လာ ၇၈၃ သန်းကို ငွေစာရင်းရှင်းတမ်းမှ ပယ်ဖျက်လိုက်ရသည်။
ထိုနော်ဝေးနိုင်ငံပိုင်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသော လုပ်ငန်းတခုဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံ ဖရိုဖရဲအခြေအနေများကြား ဆက်လက်ရပ်တည်မည် သို့မဟုတ် လွန်ခဲ့သော နှစ်က လုပ်ငန်း၏ စုစုပေါင်းဝင်ငွေ ၇ ရာခိုင်နှုန်းရရှိခဲ့သော မြန်မာဈေးကွက်မှ ထွက်ခွာမည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
“ကျနော်တို့မှာ အကျပ်အတည်းတွေ အများကြီးရင်ဆိုင်နေရတယ်” ဟု တယ်လီနော အမှုဆောင်အရာရှိချုပ် ဆီကဗယ်ဘရက်က Reuters သို့ မကြာသေးမီက ပြောကြားခဲ့ပြီး ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းမှုကို ဆန့်ကျင်သူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံတွင် ၎င်းတို့လုပ်ကိုင်မှုကို စူးစမ်းလေ့လာခံနေရသော ပြဿနာများကို မီးမောင်းထိုးပြသည်။
တယ်လီနောသည် လတ်တလော မြန်မာနိုင်ငံတွင် ဆက်လက်ရှိနေသော်လည်း အနာဂတ်သည် မရေရာကြောင်း ဘရက်က ဗီဒီယိုဖြင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင်ပြောသည်။
ထွန်းသစ်စ မြန်မာ့ဒီမိုကရေစီကို ထောက်ခံအားပေးခဲ့သော တယ်လီနောသည် ချီးကျူး ဂုဏ်ပြုခံခဲ့ရသော်လည်း ယခုအခါ ၎င်း၏ စစ်တပ်နှင့်ပတ်သက်သည့် ဆက်ဆံရေးများအတွက် တက်ကြွလှုပ်ရှားသူများက ပူပန်လာကြပြီး ထိုပူပန်မှုများသည် နိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်သောအခါ ပိုမိုပြင်းထန်လာသည်။
စစ်တပ်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ငွေကြေးထောက်ပံ့သည့် အခွန်များ သို့မဟုတ် လိုင်စင်ကြေးများပေးခြင်းကို တယ်လီနောအနေဖြင့် ရှောင်ရှားသင့်ကြောင်း၊ တယ်လီနောသည် မြန်မာနိုင်ငံတွင် အကောင်းထက် အဆိုးကိုသာဖြစ်စေကြောင်း သီးခြားလွတ်လပ်စွာ ဆုံးဖြတ်နိုင်ခြင်းမရှိလျှင် မြန်မာနိုင်ငံမှ ထွက်ခွာသင့်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ခရစ် ဆီဒေါ့တီ ကပြောသည်။
သို့သော် တယ်လီနောသည် ၎င်း၏ ခိုင်မာသော နိုင်ငံခြားလုပ်ငန်းရှင်အဆင့်ကို အသုံးပြုပြီး မြန်မာတွင် ဆက်လက်လုပ်ကိုင်ကာ စစ်တပ်ကို ဝေဖန်သင့်ကြောင်း တယ်လီနော မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင်ရသည့် ၂၀၁၃ ခုနှစ်က နော်ဝေးနိုင်ငံခြားရေး ဝန်ကြီတာဝန်ထမ်းဆောင်ခဲ့သူ အက်စပန် ဘာ့သ် အိုက်က Reuters သတင်းဌာနသို့ပြောသည်။
လက်ရှိအခြေအနေများအရ တယ်လီနောသည် မြန်မာနိုင်ငံတွင် အကျပ်အတည်းများစွာ ရင်ဆိုင်နေရကြောင်း နော်ဝေးအစိုးရကို ရှယ်ယာရှင်အဖြစ် ကိုယ်စားပြုသည့် နော်ဝေးနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ပြောခွင့်ရသူတဦးက ပြောသည်။
“ကော်ပိုရိတ်လုပ်ငန်း စီမံအုပ်ချုပ်ရေး ရှုထောင့်က ပြောရရင် မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုဟာ ကုမ္ပဏီ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ တာဝန်ပါ။ အဲဒီမူဘောင်အတွင်းက ရှယ်ယာရှင်တဦးအနေနဲ့ ဝန်ကြီးဌာနက အခြေအနေနဲ့ပတ်သက်ပြီး တယ်လီနောနဲ့ ဆွေးနွေးနေပါတယ်” ဟု ထိုပြောခွင့်ရသူက အီးမေးလ်ဖြင့် အကြောင်းပြန်သည်။
လွန်ခဲ့သောနှစ် ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက်များကို ရွေးကောက်ပွဲကော်မရှင်က ဂရုမစိုက်သောကြောင့် အာဏာသိမ်းသည်ဆိုသည့် စစ်ကောင်စီက ဆန္ဒပြသူများနှင့် ယခင်အာဏာရပါတီသည် အကြမ်းဖက်မှုလှုံ့ဆော်သည်ဟု စွပ်စွဲနေသည်။
ဆက်သွယ်ရေးကွန်ရက် ကန့်သတ်ချက်များကို ရုတ်သိမ်းရန် အစီအစဉ်မရှိကြောင်း စစ်ကောင်စီက မတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ စစ်ကောင်စီသည် ထိုကန့်သတ်ချက်များနှင့် ပတ်သက်ပြီး တစုံတရာ ထပ်မံ ပြောကြားခြင်းလည်း မရှိသေးပေ။
ဈေးကွက်သစ်
ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့တွင် စစ်အုပ်ချုပ်ရေးအောက်တွင် လုပ်ကိုင်ခဲ့သော တယ်လီနောသည် ထိုင်းစစ်ကောင်စီက လူမှုကွန်ရက် ပိတ်ဆို့ရန် အမိန့်ကို အာခံခဲ့ဖူးသည်။
ထိုတချိန်တည်းခန့်တွင်ပင် တယ်လီနောသည် မြန်မာနိုင်ငံမှ အသုံးပြုသူများကို စတင် ဝန်ဆောင်မှုပေးခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစမ်းသပ်မှု ရေရှည်မခံသော အန္တရာယ်အကြောင်း တယ်လီနောက များစွာ စဉ်းစားခဲ့ကြောင်း ထိုစဉ်က အမှုဆောင်အရာရှိချုပ် တာဝန်ယူခဲ့သူ ဂျွန် ဖရက်ဒရစ် ဘက်ဆက်က Reuters သို့ပြောသည်။
“ဒါပေမယ့် အဲဒီအချိန်တုန်းက နိုင်ငံတနိုင်ငံမှာ အနောက်တိုင်း ဆက်သွယ်ရေး ကုမ္ပဏီတခုရှိနေရင် ကျနော်တို့မှာ တာဝန်တချို့ယူပြီး ရပ်တည်မယ်၊ မှန်မှန်ကန်ကန်လုပ်တယ်ဆိုတဲ့ အာမခံချက်လည်း ရှိနေမယ်လို့ ကျနော်တို့ဆွေးနွေးခဲ့တယ်” ဟု သူပြောသည်။
စစ်အစိုးရကို တရားဝင်ဖျက်သိမ်းပြီး အရပ်သားတပိုင်းအစိုးရ တက်လာခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ သွားရောက်သည့် ပထမဆုံး အမေရိကန် သမ္မတဖြစ်လာသောအခါ တယ်လီနော၏ အမြင်ကို နိုင်ငံတကာထောက်ခံမှု ရရှိခဲ့သည်။
တယ်လီနော၏ ရှယ်ယာအများစုကို ပိုင်ဆိုင်သော နော်ဝေးအစိုးရသည် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ကာလကြာမြင့်စွာကပင် ထောက်ခံခဲ့ပြီး စစ်အုပ်ချုပ်ရေးကာလက မြန်မာ့အတိုက်အခံ ရုပ်သံနှင့် ရေဒီယိုဌာနကို အိမ်ရှင်အဖြစ် လက်ခံထားသည်။
၁၉၉၁ ခုနှစ်တွင် နော်ဝေးနိုဗယ်ကော်မတီသည် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဗယ်ဆုပေးခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရသည့် အစိုးရကို ဦးမဆောင်မီ နေအိမ်အကျယ်ချုပ် ၁၅ နှစ် နေထိုင်ခဲ့ရသည်။
ယခု အာဏာသိမ်းသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ပြစ်မှုများဖြင့် စွဲချက်တင်ထားသော်လည်း ထိုအမှုများမှာ လုပ်ကြံဖန်တီးထားသည့် အမှုများသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက ပြောသည်။
တယ်လီနော၏ မြန်မာနိုင်ငံမှ လုပ်ငန်းကို နော်ဝေးက ထောက်ခံသော်လည်း အစိုးရသည် ကျရောက်လာမည့် အန္တရာယ်ကို သတိပေးခဲ့ကြောင်း ထိုစဉ်က နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဘာ့သ်အိုက် ပြောသည်။
“မြန်မာနိုင်ငံဟာ ကြမ်းတမ်းတဲ့ စစ်အုပ်ချုပ်ရေး ရှိခဲ့တဲ့ ရှုပ်ထွေးတဲ့ နိုင်ငံဖြစ်ကြောင်း ကျနော်တို့က သူတို့ကို သတိပေးခဲ့တယ်။ တယ်လီနောကလည်း ဒီလောကမှာ လုပ်ငန်းသစ်မဟုတ်တဲ့အတွက် အခြေအနေကို သဘောပေါက်တယ်” ဟုလည်း သူပြောသည်။
တယ်လီနောသည် ကာတာန်ိုင်ငံမှ အော်ရီဒူးနှင့်အတူ ၂၀၁၃ ခုနှစ်တွင် လုပ်ငန်းလ်ိုင်စင်ရခဲ့သည့် ပြည်ပ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည်။ အခြားဆက်သွယ်ရေးလုပ်ငန်းများမှာ အစိုးရ ကျောထောက်နောက်ခံပြု MPT နှင့် စစ်တပ်ပ်ိုုင်ကုမ္ပဏီက တစိတ်တပိုင်းပိုင်သော Mytel တို့ဖြစ်သည်။
ကမ္ဘာတဝှမ်းမှ တယ်လီနောအသုံးပြုသူ ၁၈၇ သန်းအနက် ၉၅ ရာခိုင်နှုန်းသည် အာရှမှဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ ၅၄ သန်း အနက် တယ်လီနောအသုံးပြုသူ ၁၈ သန်းရှိသည်။
တိုက်ရိုက်ပတ်သက်မှု မရှိ
တယ်လီနောသည် စစ်တပ်နှင့် စီးပွားရေးအရ မပတ်သက်အောင် ရှောင်ရှားရခြင်းအပါအဝင် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရာတွင် ကြုံရသည့် စိန်ခေါ်မှုများရှိသည်။
တယ်လီနောသည် ၎င်းတို့ ပြည်ပမှ တင်သွင်းလာသည့် ပရိဘောဂများအတွက် အကောက်ခွန်ကို လာဘ်မပေးသောကြောင့် ထုတ်မရဘဲ မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်လည်ပတ်ပြီး နှစ်ပတ်အကြာအထိ တယ်လီနောဝန်ထမ်းများသည် ကြမ်းပြင်ပေါ်တွင် ထိုင်ရကြောင်း အမှုဆောင် အရာရှိချုပ်ဟောင်း ဘက်ဆက် ပြောသည်။
မိုဘိုင်းတာဝါများအတွက် မြေရရှိအောင် ဆောင်ရွက်သောအခါတွင်လည်း အဂတိလိုက်စားမှု အန္တရာယ်ကို ရှောင်ရှားနေရကြောင်းလည်း သူပြောသည်။
ထို့နောက် အိမ်ခြံမြေလုပ်ငန်းမှ ကျောက်မျက်တူးဖေါ်ခြင်းနှင့် ဘဏ်လုပ်ငန်းအထိ လုပ်ကိုင်နေသည့် စစ်တပ်နှင့် ဆက်ဆံရခြင်းလည်း ရှိခဲ့သည်။ စစ်တပ်သည် လူမျိုးစုများနှင့် ဆန္ဒပြသူများကို ဖိနှိပ်သည့် သမိုင်းဆယ်စုနှစ်များစွာအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် စွပ်စွဲခံနေရသည်။
တယ်လီနောသည် စစ်ဖက်ကန်ထရိုက်တာတဦးပါဝင်သည့် မိုဘိုင်းတာဝါများ တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်က သဘောတူခဲ့သောကြောင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် အားထုတ်မှုများကို ပျက်ကွက်ခဲ့ကြောင်း Justice for Myanmar အဖွဲ့၏ ၂၀၂၀ ခုနှစ် အစီရင်ခံစာက ဖေါ်ပြသည်။
စစ်တပ်ပ်ိုင်မြေတွင် တည်ဆောက်ထားသည့် အဆောက်အအုံတခုတွင် တယ်လီနောက ရုံးခန်းငှားထားကြောင်းလည်း ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတစောင်က ဆိုသည်။
လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် မြန်မာမှ လုပ်ငန်းများသည် စစ်တပ်နှင့် မပတ်သင့်ကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
၂၀၁၅ ခုနှစ်က သဘောတူညီချက်ပြဿနာကို ကိုင်တွယ်ဖြေရှင်းပြီးဖြစ်ကြောင်းနှင့် ရုံးခန်းနေရာရွေးချယ်မှုသည် လုံခြုံရေးကဲ့သို့သော ကိစ္စများကြောင့် တခုတည်းသော ရွေးစရာဖြစ်နေကြောင်း တယ်လီနော ပြောခွင့်ရသူ တဦးက ဧပြီ ၉ ရက်နေ့တွင် Reuters သို့ အီးမေးလ်ဖြင့် အကြောင်းပြန်သော်လည်း အသေးစိတ်မပြောပေ။
“စစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုအနည်းဖြစ်အောင် တယ်လီနောက အာရုံစိုက်ကြောင်း နှင့် စစ်တပ်က ထိန်းချုပ်ထားသည့် လုပ်ငန်းများနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိပေ” ဟုလည်း ထိုပြောခွင့် ရသူကဆိုသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး တယ်လီနောသည် စစ်တပ်နှင့်ပတ်သက်သည့် ပစ္စည်းပေးသွင်းသူ ၃ ဦးနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ကြောင်းလည်း သူပြောသည်။
ဟန်ချက်ညီအောင် ထိန်းနေ
အာဏာသိမ်းသည့်နေ့တွင် စစ်တပ်က တယ်လီနောနှင့် အခြားဆက်သွယ်ရေးလုပ်ငန်းများအားလုံး ၏ ကွန်ရက်များကို ပိတ်ထားရန် အမိန့်ထုတ်သည်။ တယ်လီနောက ထိုလုပ်ရပ်ကိုဝေဖန်သော်လည်း လိုက်နာခဲ့သည်။ ဝန်ဆောင်မှုများပြန်စခွင့်ပေးခဲ့သော်လည်း ထိုနောက်ပိုင်းတွင် ခေတ္တပိတ်ရန် တောင်းဆိုမှုများရှိကာ မိုဘိုင်းအင်တာနက်ကို မတ်လ ၁၅ ရက်နေ့မှ စတင် ပိတ်ပင်ထားသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းနှင့် ဘရောဘန်းဝါယာလက် ဝန်ဆောင်မှုများ ကန့်သတ်သည့် ညွှန်ကြားချက်များကို လိုက်နာရသောကြောင့် စိတ်မကောင်းကြောင်း အောရီဒူးကလည်းပြောသည်။ သို့သော် မြန်မာနိုင်ငံမှ လုပ်ငန်းအနာဂတ်နှင့်ပတ်သက်ပြီး တစုံတရာမပြောပေ။
အခြားဆက်သွယ်ရေးလုပ်ငန်းများကဲ့သို့ပင် တယ်လီနောသည် မတ်လတွင် စစ်ကောင်စီသို့ လိုင်စင်ကြေးပေးသွင်းရသည်။ ထိုငွေကို ဆန္ဒပြပွဲများကို ဖိနှိပ်ရာတွင် သုံးသည်ဟု ဝေဖန်သူများပြောသည်။
မကြာသေးမီက ဖြစ်ပေါ်ခဲ့သောအခြေအနေများကို ပြင်းထန်စွာဆန့်ကျင်ပြီးမှ ငွေပေးချေခဲ့ ခြင်းဖြစ်ကြောင်း တယ်လီနောက အီးမေးလ်ဖြင့် အကြောင်းပြန်သည်။
စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးအန္တရာယ်များကို လေ့လာသုံးသပ်ရန် တယ်လီနောကို ပြောထားကြောင်း တယ်လီနော၏အခြား အဓိက ရှယ်ယာရှင် နော်ဝေးမှ KLP က ဆိုသည်။
“တယ်လီနောအနေဖြင့် မည်သည်ကို လုပ်ရမည်၊ မည်သည်ကို မလုပ်ရဆိုသည်ကို ရွေးချယ်နိုင်ခြင်းမရှိသော ကြောင့် စိန်ခေါ်မှုများသည့် အနေအထားဖြစ်သည်။ ၎င်းတို့သည် အာဏာပိုင်များထံမှ ညွှန်ကြားချက်များကို လိုက်နာနေရသည်။ ထိုသို့သောအခြေအနေတွင် တယ်လီနော၏ ဆောင်ရွက်ချက်များသည် မည်မျှအပြုသဘောဆောင်သည်ကို သုံးသပ်ရန် ခက်ခဲသည်” ဟု KLP မှ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထက်တန်းသုတေသီ ကီရန် အဇစ်ပြောသည်။
ဖေါက်သည်များကို လုံခြုံစွာ ဝန်ဆောင်မှုပေးရေးနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုနိုင်ရေးတို့အနှင့်အတူ လူ့အခွင့်အရေးကို ချိန်ဆရခြင်းသည် တယ်လီနော လတ်တလောရင်ဆိုင်နေရသည့် အကျပ်အတည်းများအနက် တခုဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ဘရက်ပြောသည်။
“ဟန်ချက်ညီအောင် နေ့စဉ်ကြိုးစားနေရတယ်” ဟုလည်း သူပြောသည်။
သို့သော် ထိုသို့ ဟန်ချက်ညီခြင်းသည် လတ်တလောတွင် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရေးဖက်သို့ တိမ်းစောင်းနေသော်လည်း သေချာသော ကိစ္စတခုမဟုတ်ပေ။
“ကျနော်တို့ ဒီကိုရောက်ကတည်းကလုပ်ခဲ့သလိုပဲ ထူးခြားအောင်လုပ်တယ်။ ဒါပေမယ့် အခြေအနေက ကြိုတင်ခန့်မှန်းမရတော့ အနာဂတ်အကြောင်းခန့်မှန်းရတာနဲ့ ဘာဆက်ဖြစ်မလဲခန့်မှန်းဖို့မဖြစ်နိုင်ဘူး” ဟုလည်း သူပြောသည်။
(Reuters သတင်းဌာနမှ Military coup puts Telenor’s future in Myanmar on the line ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုကြောင့် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်း ပိတ်သိမ်းဟု စစ်တမ်းက ဆို
တယ်လီနောမြန်မာကို အရှုံးစာရင်းပြထား
မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ