လွန်ခဲ့သော သီတင်းပတ်များအတွင်း တရုတ်၏ မကြုံစဖူး သံတမန်ရေးနှင့် ရုပ်ဝတ္တုအထောက်အပံ့ဖြင့် ကျားကန်ပေးသော်လည်း မြန်မာစစ်တပ်သည် မြင့်မားနေသည့် စီးပွားရေးနှင့် ဘဏ္ဍာရေး စိန်ခေါ်မှုများ ရင်ဆိုင်ရပြီး ရောထွေးနေသော ရလဒ်များသာ ရသည်။
စစ်ကောင်စီသည် စီးပွားရေးအပေါ် သက်ရောက်မှုများရှိသည့် စစ်ရေးအရ ရှုံးနိမ့်မှုများ ဆက်လက် ခံစားနေရသည်။
စစ်ကောင်စီသည် စီးပွားရေးအပေါ် သက်ရောက်မှုများရှိသည့် စစ်ရေးအရ ရှုံးနိမ့်မှုများ ဆက်လက် ခံစားနေရသည်။
ကန်ပိုက်တီ (ကံပိုင်တည်) ကို သိမ်းပိုက်ခြင်းနှင့်အတူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် တရုတ်နှင့်စပ်နေသည့် နယ်စပ်တခုလုံးကို ထိန်းချုပ်မှု ခိုင်မာစေပြီး သယံဇာတကြွယ်ဝသော ဒေသများမှ ၎င်းတို့ထိုးစစ်များကို အရှိန်မြှင့်တင်သည်။
၎င်းတို့ ယခုထိန်းချုပ်ထားသည့် ပန်ဝါ-ချီဖွေဒေသတွင် မြေရှားသတ္တုတူးဖော်ခြင်းကို ပြန်လည် စတင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း KIA က ကြေညာသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) သည် တောင်ကုတ်ကို သိမ်းပိုက်လိုက်သောကြောင့် တောင်ပိုင်းမှ ကျောက်ဖြူသို့ ကုန်းလမ်းမှ ရိက္ခာပို့ဆောင်ခြင်းကို အတားအဆီးဖြစ်စေသည်။
AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ တရုတ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့သည့် အဓိက တွန်းစက်စခန်းရှိရာ အမ်းမှ စစ်တပ်၏ နောက်ဆုံးစခန်းများကို သိမ်းပိုက်သည်။
အများအားဖြင့် အလျင်စလို အတင်းအကျပ် စုဆောင်းထားသည့် စစ်ကောင်စီစစ်သား ၈၀၀ ကျော် မကြာသေးမီက ထိုးစစ်အတွင်း လက်နက်ချသည်။ AA သည် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၁ ခုကို ထိန်းချုပ်ထားသည်။
AA နှင့် ချင်းအတိုက်အခံများအကြား ကြီးမားသော တင်းမာမှုများ ယခင်က ရှိသော်လည်း ယခုအခါ မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်။
ဒေသခံ ချင်းကာကွယ်ရေးတပ်များနှင့် AA သည် မကွေးမှ အမ်းသို့ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ပြီး စစ်သားအနည်းဆုံး ၁၄ ဦး ဖမ်းမိသည်။
ရှမ်းပြည်နယ်မှ အပစ်အခတ်ရပ်စဲရေးများ
တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် တရုတ်သည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို ဖိအားအရှိန်မြှင့်သည်။
ကိုးကန့်ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော MNDAA သည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ၎င်း၏စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေး ကြေညာရသည်။ တရုတ်ဖိအားကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စိတ်အားထက်သန်ကြောင်း ကြေညာသည့် ဒုတိယ တော်လှန်ရေးအင်အားစု ဖြစ်သည်။
စစ်ကောင်စီနှင့် ဆွေးနွေးရန် TNLA သဘောတူညီသည့် ကြေညာချက်အပြီး ထိုသို့ကြေညာခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်သည် တိုးတက်မှု မရသလောက် ဖြစ်နေပြီး တိုက်ပွဲများသည် အင်အားနှင့် ရင်ဆိုင်ခံရကာ ထိခိုက်သေဆုံးမှု မြင့်မားသည်။ စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို လေကြောင်းမှ ဆက်လက် ပစ်မှတ်ထားသည်။
ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်သည် တိုးတက်မှု မရသလောက် ဖြစ်နေပြီး တိုက်ပွဲများသည် အင်အားနှင့် ရင်ဆိုင်ခံရကာ ထိခိုက်သေဆုံးမှု မြင့်မားသည်။ စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို လေကြောင်းမှ ဆက်လက် ပစ်မှတ်ထားသည်။
ကရင်နီပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် အတိုက်အခံများသည် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိသောကြောင့် ဆုံးရှုံးမှုများ ရင်ဆိုင်ရသည်။ ကရင်တပ်များသည် စစ်ကောင်စီတပ်များကို အခွင့်ကောင်းယူပြီး ခြုံခိုတိုက်ခိုက်နေသည်။
သို့သော် စစ်ကောင်စီ၏ ရင်းမြစ်အားလုံး စိန်ခေါ်ခံနေရပြီး ၂၀၂၅ ခုနှစ်တွင် စီစဉ်ထားသည့် တရုတ်ထောက်ခံသော ရွေးကောက်ပွဲမတိုင်မီ ဆုံးရှုံးမှုများ ပြန်လည်ရရန် မျှော်လင့်ချက်ကင်းမဲ့နေသည်။
နိုင်ငံပိုင်နက်၏ ၄၀ ရာခိုင်နှုန်းသာ ၎င်း၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိတော့သောအခါ ရွေးကောက်ပွဲများသည် ဗိုလ်ချုပ်များအတွက် ဖြတ်လမ်းမှအပ အရာထင်မည် မဟုတ်ပေ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး ၁၂ ရာခိုင်နှုန်း ကျုံ့သွားသော်လည်း စစ်ကောင်စီ ကာကွယ်ရေးအသုံးစရိတ်သည် ၂၂၂ ရာခိုင်နှုန်တိုးကာ ၂၀၂၁ ခုနှစ်က ကျပ် ၁ ဒသမ ၇၄၆ ထရီလီယံသာရှိရာမှ ၂၀၂၂ ခုနှစ်တွင် ကျပ် ၃ ဒသမ ၇၀၃ ထရီလံယံရှိကာ ၂၀၂၃ ခုနှစ်တွင် ကျပ် ၅ ဒသမ ၆၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်) ကုန်ကျစေသည်။
၂၀၂၄ သို့မဟုတ် ၂၀၂၅ အတွက် ကာကွယ်ရေး အသုံးစရိတ်များကို စစ်ကောင်စီ မကြေညာတော့ပေ။
ရှေ့ဆက် ဘဏ္ဍာရေး ကျပ်တည်းမည်
လွန်ခဲ့သော သုံးနှစ်အတွင်း စစ်တပ်က အများပြည်သူကုန်စည်နှင့် ဝန်ဆောင်မှုများပေးခြင်း ကျဆင်းလာသော်လည်း မင်းအောင်လှိုင်သည် လုံခြုံရေးအသုံးစရိတ်ကို အခြား အများပြည်သူအသုံးစရိတ်ထက် ဦးစားပေးရန် ညွှန်ကြားထားကြောင်း မကြာသေးမီက စစ်ကောင်စီ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတခုတွင် ဒု စစ်ခေါင်းဆောင် စိုးဝင်းက ဝန်ခံသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၅ ရာခိုင်နှုန်း ကျဆင်းကာ ဓာတ်အားထုတ်လုပ်သည့် စက်ရုံအများအပြား မလည်ပတ်နိုင် သို့မဟုတ် စစ်ကောင်စီ ထိန်းချုပ်မှုပြင်ပတွင် ရောက်နေကြောင်း လွတ်လပ်သောအာရှအသံ (RFA) က မကြာသေးမီတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွက် ၅၄၀ မဂ္ဂါဝပ် လိုအပ်သည်။
ပိုမိုများပြားလာသည့် ကာကွယ်ရေးအသုံးစရိတ်အတွက် ငွေများ မည်သည့်နေရာမှ လာသည်ကို မည်သူမှ မသိပေ။ စစ်ကောင်စီအတွက် ဘဏ္ဍာရေးကျပ်တည်းနေပြီး နိုင်ငံခြားငွေ အမြဲတမ်း မလုံမလောက်ဖြစ်နေသည်။
ပိုမိုများပြားလာသည့် ကာကွယ်ရေးအသုံးစရိတ်အတွက် ငွေများ မည်သည့်နေရာမှ လာသည်ကို မည်သူမှ မသိပေ။ စစ်ကောင်စီအတွက် ဘဏ္ဍာရေးကျပ်တည်းနေပြီး နိုင်ငံခြားငွေ အမြဲတမ်း မလုံမလောက်ဖြစ်နေသည်။
စီးပွားရေးအသိုက်အဝန်းကို ဘဝပျက်စေသည့် စစ်ကောင်စီ၏ ငွေကြေးထိန်းချုပ်မှု ဆက်လက်ရှိနေပြီး စီးပွားရေးလုပ်ငန်းများသည် နိုင်ငံခြားငွေများကို အတင်းအကျပ် လုပ်ယူထားသည့်နှုန်းဖြင့် ရောင်းချနေရကာ ကုမ္ပဏီအများအပြားသည် ၎င်းတို့ပိုင်ဆိုင်မှုများကို ပြည်ပတွင် ဝှက်ထားရန် ကြိုးစားရသည်။
နယ်စပ်ကုန်သွယ်ရေးကို ဒေါ်လာဖြင့်မဟုတ်ဘဲ ယွမ်နှင့် ကျပ်ငွေဖြင့်သာ ဆောင်ရွက်နေချိန် တရုတ်နှင့်တရားဝင်နယ်စပ်ဂိတ် ငါးခုအနက် လေးခုကို အတိုက်အခံများ ထိန်းချုပ်ထားခြင်းသည် ဘဏ္ဍာရေးအကျပ်အတည်း ပိုမိုဆိုးရွားစေသည်။
ထို့ကြောင့်ပင် စစ်ကောင်စီသည် MNDAA နှင့် TNLA တို့ ထိုးစစ်ရပ်ရန် ဖိအားပေးရေးအတွက် တရုတ်ကို တောင်းဆိုရခြင်း ဖြစ်သည်။ ထိုအဖွဲ့ နှစ်ဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်နေသည့် ညီနောင်မဟာမိတ်အဖွဲ့မှ ဖြစ်သည်။
အာဏာသိမ်းပြီးနောက် နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆၄ ဘီလီယံမှ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၆၆၁ သန်းသို့ ကျဆင်းသည်။ ယခု သုံးနှစ်ကျော် ကြာလာသောအခါ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု လုံးဝဆုံးရှုံးသည်။
၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ပထမ ခုနစ်လတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂၆ သန်းသာရှိကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေး ဦးစီးဌာန (DICA) က ဖော်ပြသည်။
ထိုရင်းနှီးမြှုပ်နှံမှု အများစုသည် လက်ရှိစီမံကိန်းများနှင့် လုပ်ငန်းများအတွက်သာဖြစ်ကြောင်း ယခုနှစ် ရင်းနှီးမြှုပ်နှံမှု ၃၃ ခုအနက် လေးခုသာ အသစ်ဖြစ်ကြောင်း DICA စာရင်းများအရ သိရသည်ဟု Myanmar Now က ဖော်ပြသည်။
ဝင်ငွေရရန် အသည်းအသန်လုပ်နေ
စစ်ကောင်စီသည် ဝင်ငွေရင်းမြစ်သစ်များရရန် အသည်းအသန်လုပ်နေသည်။
စစ်ကောင်စီသည် ဝင်ငွေရင်းမြစ်သစ်များရရန် အသည်းအသန်လုပ်နေသည်။
စစ်ကောင်စီစွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ဘေဂျင်းတွင် ဆွေးနွေးပွဲများ ပြုလုပ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထပ်မံရောင်းချရန်နှင့် မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများတွင် ဖြစ်နိုင်ခြေမရှိသည့် စွမ်းရည်မြှင့်တင်ရန် ဆွေးနွေးသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီ အားထားရသည့် ဝင်ငွေရင်းမြစ် အနည်းငယ်အနက် တခုဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ကြောင်း ပြသသည်။
အာဏာသိမ်းပြီးနောက် နှစ်စဉ်ရောင်းချသည့် ကျောက်စိမ်းတွဲအရေအတွက် တိုးလာကြောင်း ၂၀၂၁ ခုနှစ်တွင် ကျောက်စိမ်းတွဲ ၁,၉၅၅ သာ ရောင်းချရာမှ ၂၀၂၂ ခုနှစ်တွင် ကျောက်စိမ်းတွဲ ၂,၁၅၀ အထိ တိုးလာပြီး ၂၀၂၃ ခုနှစ်တွင် ကျောက်စိမ်းတွဲ ၄,၀၂၅ အထိ ဆက်လက်တိုးလာကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။
TNLA သည် မိုးကုတ်ပတ္တမြားမှ ရသည့် အကျိုးအမြတ်များကို စစ်ကောင်စီထံမှ သိမ်းယူလိုက်သည်။
ပုဂ္ဂလိက တူးဖော်သူများကို ခွင့်ပြုသော်လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ချုပ်ကိုင်ထားသည့် အကြီးစားစက်ဖြင့် တူးဖော်မှုကို TNLA က ပိတ်ပင်ထားသည်။
လူအင်အား မလုံလောက်သောကြောင့် စစ်ကောင်စီသည် ပြည်ပရောက်လုပ်သားများ ပြန်လာပြီး စစ်မှုထမ်းရန် အတင်းအကျပ် လုပ်ဆောင်နေသည်။
လုပ်ထုံးလုပ်နည်းသစ်တခုတွင် အလုပ်သမားအေဂျင်စီများသည် စစ်သားစုဆောင်းခံရမည့် အလုပ်သမားများကို ပြန်ခေါ်ရန် ညွှန်ကြားခံရသည်။ တရားဝင်နေထိုင်သူ ၂ သန်းနှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃ သန်းကျော်ကို နေရပ်ပြန်ပို့ရန် ထိုင်းအစိုးရအား လှုံ့ဆော်သည်။
ပြည်ပတွင် အလုပ်လုပ်သူများသည် စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းဖြစ်သည်။
ပြည်ပတွင် အလုပ်လုပ်သူများသည် စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းဖြစ်သည်။
ပြည်ပတွင် သွားရောက်အလုပ်လုပ်သူများ ၎င်းတို့လွှဲငွေ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်လမ်းကြောင်းမှ အတင်းအကျပ် လွှဲခိုင်းသည့် စည်းမျဉ်းတခုကို စစ်ကောင်စီက စက်တင်ဘာလတွင် စတင်ကျင့်သုံးပြီး ထိုငွေကို တရားဝင် ငွေလဲနှုန်း တဒေါ်လာလျှင် ၂,၁၀၀ ကျပ်နှင့် တဘတ်လျှင် ၅၆ ကျပ်ဖြင့် လဲလှယ်ရမည်ဖြစ်သည်။ ပြင်ပဈေးကွက်တွင် တဒေါ်လာလျှင် ၃,၄၀၀ ကျပ်ဝန်းကျင်နှင့် တဘတ်လျှင် ၁၀၀ ကျပ်ခန့်ရှိသည်။
စီးပွားရေးစစ်ပွဲ
စစ်ကောင်စီသည် အတိုက်အခံများကို စီးပွားရေးစစ်ပွဲလည်း ဆင်နွှဲနေသည်။
စစ်ကောင်စီသည် မိုးကုတ်နှင့် လားရှိုးကို ပြန်လည် မသိမ်းပိုက်နိုင်ဘဲ စီးပွားရေးလုပ်ငန်းများ ပျက်စီးသွားစေရန် ထိုမြို့များကို ဗုံးကြဲတိုက်ခိုက်သည်။
တရုတ်၏ နယ်စပ်များကို ပိတ်ခြင်းနှင့် အတိုက်အခံထိန်းချုပ် နယ်စပ်များသို့ အင်တာနက်နှင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်စပ်များတွင် နေထိုင်သည့် နိုင်ငံသားများအပေါ် ကြီးမားသော ဘဏ္ဍာရေးဖိအား ကျရောက်စေသည်။
ယခုအခါ စစ်ကောင်စီသည် အတိုက်အခံ ထိန်းချုပ်ဒေသများသို့ ရေနံရောင်းချခြင်း ပိတ်ပင်ထားသည်။
ရခိုင်ပြည်နယ်တခုလုံး၊ ရှမ်းပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမှအပ ကချင်ပြည်နယ်တို့သည် လောင်စာဆီဖြန့်ချိခြင်းကို ယခုအခါ တရားဝင်ပိတ်ပင်ထားသည်။ စစ်ကိုင်းတိုင်းမှ မြို့နယ် ၂၆ ခု၊ မကွေးတိုင်းမှ မြို့နယ်တခုနှင့် မန္တလေးတိုင်းမှ မြို့နယ် နှစ်ခုတို့လည်း အလားတူပိတ်ပင်ခံရသည်။
စစ်ကောင်စီသည် ရင်းမြစ် မလုံမလောက်ဖြစ်နေသော်လည်း အတိုက်အခံတို့ထက် အားသားချက်များ ရှိနေသေးသည်။
သို့သော် အကျင့်ပျက်ခြစားမှုနှင့် ကျဆင်းနေသောစိတ်ဓာတ်တို့ကို ရင်ဆိုင်နေရသောကြောင့် ထိုမျှဖြင့် လုံလောက်ပါမည်လား။
(RFA ပါ Zachary Abuza ၏ Chinese Aid Cannot Overcome Myanmar Junta’s Declining Finances And Morale – Analysis ကို ဘာသာပြန်သည်။ ဇာကာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ် ပါမောက္ခနှင့် ဂျော့တောင်းတက္ကသိုလ်တွင်လည်း ဧည့်ပါမောက္ခဖြစ်သည်။)
You may also like these stories:
တရုတ်ဖိအားအောက် စစ်ကောင်စီ ဘယ်လို အသွင်ပြောင်းမလဲ
တရုတ်က ပိတ်ဆို့ပေးလို့ ရှမ်းမြောက်ကို စစ်ကောင်စီ ပြန်ရနိုင်သလား
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ
တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ
နယ်စပ်ကုန်သွယ်ရေး လက်လွှတ်ရခြင်းက စစ်ကောင်စီ ဒေါ်လာသန်းချီ ဆုံးရှုံး
တရုတ်ခရီးစဉ်ကနေ စစ်ကောင်စီ ထွက်ပေါက်ရသွားသလား (ရုပ်/သံ)