မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ကျေးရွာတွင် အတားအဆီးများဖြင့် ခုခံနေသည့် ဒေသခံကာကွယ်ရေး များကို စစ်တပ်က ယမန်နေ့ မွန်းလွဲ ၂နာရီမှ စ၍ ယနေ့နံနက်ပိုင်းအထိ ညလုံးပေါက် ပစ်ခတ်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
တလုပ်မြို့ ကျေးရွာနယ်မြေသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များမှာ ဒေသခံကာကွယ်ရေးများ၏ အတား အဆီးချ၍ ခုခံမှုကြောင့် ရွာတွင်းဝင်ရောက်နိုင်ခြင်း မရှိသော်လည်း နောက်ပိုင်းတွင် အင်အားဖြည့်ကာ ပစ်ခတ် ပြီး အတားအဆီးများကို ဖယ်ရှားခဲ့သည့် အပြင် တလုပ်မြို့၊ ရဲတိုင်၊ မြို့ကြီး ကုန်းနှင့် မြောက်ရွာ အစရှိသည့် ရွာများသို့ ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
“မနက် ၁ဝ နာရီခွဲလောက်အထိက သူတို့ ဝင်လို့ မရသေးတာ ပြန်အလှန်ပစ်ခတ်နေတာပေါ့။ သူတို့က တအား ပစ် ခတ်နေတာ၊ လက်နက်အင်အား လူအင်အားနဲ့ ဝိုင်းပြီးတော့ ပစ်တဲ့အခါကျတော့ ကျနော်တို့က ဘယ်လိုမှ တောင့် မခံနိုင်တဲ့အဆုံး ပြည်သူ့ကာကွယ်ရေးတပ်က ဆုတ်ပေးလိုက်ရတာ” ဟု ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီ တပ်သားများသည် တလုပ်မြို့အတွင်းသို့ ဝင်ရန် ယမန်နေ့ကတည်းက ကြိုးပမ်းသော်လည်း ဒေသခံ များ ကာရံထားသည့် တံခါးများကို ဖြတ်ကျော်နိုင်ခြင်း မရှိသည့်အတွက် မြို့ ပြင် တောင်ကုန်းပေါ်မှ ပစ်ခတ်နေ ခဲ့ခြင်း ဖြစ်သည်။

“ညကတော့ သူထိုင်စောင့် ကိုယ်ထိုင်စောင့် သူပစ်လိုက် ကိုယ်ပစ်လိုက်နဲ့ လုပ်နေတာ။ မနက်လင်းမှ ဘေးက ရွာထဲတွေကို ဝင်စီးတာ။ ၆ နာရီ ၇ နာရီလောက်မှာ ဝင်တာ။ ပြည်သူတွေကို ဖမ်းတာ” ဟု ဒေသခံ တဦးက ပြော သည်။
ယနေ့အထိ တလုပ်မြို့ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိထားကာ ပြည်သူ၂ ဦး လက်မောင်းဒဏ်ရာရရှိထားပြီး ၁ ဦး ပေါင်ထိမှန်ထားကြောင်း သိရသည်။
တလုပ်မြို့ ကျေးရွာသည် မြင်းခြံမြို့နှင့် ၇ မိုင်ကွာဝေးပြီး ရဲတိုင်၊မြို့ကြီးကုန်းနှင့် မြောက်ရွာ အစရှိသည့် ရွာများ တဆက်တည်းရှိနေခြင်း ဖြစ်သည်။
ယမန်နေ့ကတည်းကပင် ပစ်ခတ်မှုများကြောင့် တလုပ်မြို့ရှိ ဒေသခံများသည် နေအိမ်များကို စွန့်ကာ ဘေး လွတ်ရာ တောများအတွင်းသို့ ပုန်းရှောင်နေရကြောင်း သိရသည်။
မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ ကျေးရွာသို့ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒေသခံ ပြည်သူ များနှင့် ထိပ်တိုက် ပစ်ခတ်မှုဖြစ်သည်မှာ ယခုဆိုလျှင် တတိယအကြိမ်မြောက် ရှိပြီ ဖြစ်သည်။
You may also like these stories:
တန့်ဆည်ကာကွယ်ရေးအဖွဲ့ ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၃ဦးသေဆုံးဟုဆို
စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ
တလုပ်မြို့သို့ စစ်ကောင်စီဘက်က စီးနင်းရန် ကြိုးပမ်းမှု စစ်သား ၁ ဦး သေဆုံး