အကြောင်းပြချက် မရှိဘဲ ယနေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ ကျေးရွာထဲသို့ ဝင်ရောက်စီးနင်းရန် ကြိုးပမ်း သည့် စစ်ကောင်စီ လက်နက်ကိုင်များကို ဒေသခံများက ခုခံတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ဒေသခံ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့သည့် တလုပ်မြို့ ကျေးရွာထဲသို့ ဝင်ရောက်ရန် ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် စစ် ကောင်စီ လက်နက်ကိုင်တပ်များက စစ်ကား ၉ စီးဖြင့် စတင် ကြိုပမ်းခဲ့ခြင်း ဖြစ်သည်။
တလုပ်ဒေသခံတဦးက “သူတို့ လိုချင်တဲ့ ခေါင်းဆောင်တွေ၊ CDM တွေ ဒီလိုမျိုး အကြောင်းပြချက်လည်း မပါဘူး။ မပါဘဲ သက်သက်ဝင်ပစ်သလို ဖြစ်နေတာ။ ဒီတကြိမ်လည်း မဟုတ်ဘူး။ ဒါက တတိယအကြိမ် ရှိနေပြီ”ဟု ပြောသည်။
တလုပ်မြို့ ကျေးရွာသည် ရွာ ၄ ရွာ ပေါင်းစုထားသည့် ရွာကြီးတခု ဖြစ်ပြီး ရွာထိပ်တွင် လုံခြုံရေးအရ တံခါးများ တပ်ဆင် ထားရာ ယနေ့တွင် ရွာအရှေ့ဘက်ရှိ ယင်းတံခါးကို စစ်ကောင်စီတပ်များ ကျော်လာနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
“စစ်ကား ၉ စီးလောက်ရောက်လာပြီးတော့ ပစ်ခတ်တယ်ပေါ့။ ရွာထိပ် အရှေ့ဘက်တံခါးကို ပတ်ပြီးတော့ တရစပ် တောက် လျှောက် ပစ်နေတာပေါ့။ ပစ်တာမှ ဘယ်လောက်အထိ ပစ်လဲဆိုတော့ အချက်ပေါင်း ရာဂဏန်းလောက် ရှိလိမ့်မယ်”ဟု တလုပ်ဒေသခံက ပြောသည်။
ယင်းသို့ ပစ်ခတ်ကြောင့် ပြည်သူ ၂ ဦး လက်မောင်း ထိခိုက်မှုရှိပြီး အမျိုးသမီးနှင့် ကလေးငယ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီ တပ်သားများသည် ကျေးရွာ အတွင်းသို့ဝင်ရန် ကြိုးပမ်းနေသော်လည်း ဒေသခံများ ကာရံထားသည့် တံခါး များကို ဖြတ်ကျော်နိုင်ခြင်း မရှိသည့်အတွက် မြို့ ပြင်တောင်ကုန်းပေါ်မှ ယနေ့ညနေပိုင်းအထိပင် ပစ်ခတ်မှုများ ဆက်လက် ပြုလုပ်နေသေးကြောင်း သိရသည်။
ဒေသခံတဦးက”မပြန်သေးဘူး။ အဲဒီထောင်ထိပ်ကနေ ပစ်နေတုန်းပဲ။ ရွာခပ်လှမ်းလှမ်းကတည်းက တံခါးတချပ် ရှိတယ်။ နောက်အတွင်းထဲကနေ တံခါး တချပ် ပိတ်တယ်။ တံခါး နှစ်ချပ် ပိတ်တာပေါ့။ ပထမတံခါးကိုပဲ သူတို့ဝင်ဖို့ ကြိုးစားနေတာ ပေါ့။ ကျနော်တို့က အတွင်းထဲကနေ ခုခံနေတာ”ဟု ဆိုသည်။
မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ ကျေးရွာသို့ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒေသခံ ပြည်သူများနှင့် ထိပ်တိုက် ပစ်ခတ်မှုဖြစ်သည်မှာ ယခုဆိုလျှင် တတိယအကြိမ်မြောက် ရှိပြီ ဖြစ်သည်။
ယခုလို တလုတ်မြို့ ကျေးရွာတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေချိန် မြင်းခြံမြို့ပေါ်၌လည်း ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း မြင်းခြံမြို့တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် ဒေသခံများ ကြား တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၆ ဦး သေဆုံးခဲ့သလို ဒေသခံများဘက်မှလည်း ၃ ဦး သေ ဆုံးခဲ့သည်။
မတ်လ ၃ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ မြင်းခြံမြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၅ ဦးအထိ ရှိခဲ့ ကြောင်း သိရသည်။
You may also like these stories:
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
မုဒုံတွင် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ်ဖမ်းဆီး