ဆောင်းပါး

မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်

Want create site? Find Free WordPress Themes and plugins.

နယ်စပ်ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်ရာတွင်အသုံးပြုသည့် မြန်မာစစ်တပ်၏ လေတပ်စခန်းများအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဖက်ပစ်မှတ်များကို တပြိုင်နက်နီးပါးတိုက်ခိုက်မှု အများစုကို မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ယူခြင်း မရှိသေးပေ။

သို့သော် ထိုတိုက်ခိုက်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြိုပြအခြေစိုက် ဒီမိုကရေစီလိုလားသူများအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်ဟု လုံခြုံရေးသုတေသီများယူဆသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်နက်များပေးပြီး ဒီမိုကရေစီ လိုလားသူများက ဒေသအခြေအနေကို သိရှိထားခြင်းတို့ ပေါင်းစပ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆကြသည်။

(မေလ ၅ ရက်နေ့ကလည်း စစ်ကောင်စီဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြန်မာစစ်တပ်ကို ရရာ လက်လုပ်သေနတ်များဖြင့် တိုက်ခိုက်နေသူ ဒေသခံ ဒီမိုကရေစီ လိုလားသူများကလည်း ပူးပေါင်းပါဝင်ကြောင်း ကြေညာချက် ထုတ်ကြသည်။)

ထိုအကဲဖြတ်ချက်သည် တိကျမှန်ကန်ပြီး ထိုဖြစ်ရပ်များသည် သီးခြားစီဖြစ်နေသော ဖြစ်ရပ်များမဟုတ်လျှင် မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ တဖြည်းဖြည်းဖြစ်ပွားနေသော ပြည်တွင်းစစ်သည် နိုင်ငံ၏ဝေးကွာသော တိုင်းရင်းသားဒေသများမှ အဓိက မြို့ကြီးမြို့ငယ်များသို့ ကျယ်ပြန့်လာခြင်းဖြစ်သည်။ (ထို့ပြင် ကာလရှည်ကြာ ပုန်ကန်မှုမရှိသော ချင်းပြည်နယ်သို့ပါ ကူးစက်သွားပြီ ဖြစ်သည်။)

လူထုထောက်ခံမှုဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ အာဏာကို ဗိုလ်ချုပ်များကသိမ်းယူပြီး ၃ လအကြာတွင် စစ်တပ်နှင့်ရဲများက လူ ၇၅၀ ကျော်ကို ပစ်သတ်ကာ ဆန္ဒပြသူ ၄၀၀၀ ကျော်ကို ဖမ်းဆီးထားသော်လည်း ပြည်သူများသည် ၎င်းတို့၏ ဒေါသကိုဖေါက်ခွဲရန် လမ်းမများပေါ်သို့ ရဲရင့်စွာတက်လာနေကြဆဲဖြစ်သည်။

ထိုသို့ ဆက်လက်ဖြစ်ပွားနေသော လူထုဆန့်ကျင်မှုများက ထိုစစ်အာဏာသိမ်းမှုသည် ခေတ်သစ်အာရှသမိုင်းတွင် အောင်မြင်မှု အနည်းဆုံး စစ်အာဏာသိမ်းမှုဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။ သို့သော် ထိုအခြေအနေသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတုန်လှုပ်စေသေးဘဲ နိုင်ငံအား အကြီးအကျယ် အထီးကျန်စေသည့် နိုင်ငံတကာပြစ်တင် ရှုတ်ချမှုများအကြား သေနတ်ကို ခေါင်းမာစွာ ဆုပ်ကိုင်ထားစေသည်။

ယခင်စစ်ကောင်စီများဖြစ်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) မှ ဗ်ိုလ်ချုပ်ဟောင်းများသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ထိရောက်မှုမရှိဘဲ ဆန့်ကျင်ဖက်ဖြစ်နေသော လုပ်ရပ်များနှင့် နည်းပိရိရာယ်များအပေါ် စိုးရိမ်ပူပန်လာကြောင်း စစ်တပ်အတွင်းလူများက အေးရှားတိုင်းမ်သို့ ဖေါ်ပြချက်များလည်း ရှိလာသည်။

လေတပ်စခန်းများကို တိုက်ခ်ိုက်မှုအပါအဝင် မကြာသေးမီက ဖြစ်ရပ်များသည် လွန်ခဲ့သော ၃ လက တင့်ကားများ ရန်ကုန်သို့ တက်လာပြီး မြို့တော်နေပြည်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားနိုင်ငံရေးသမားများကို ဖမ်းဆီးထိန်းသိမ်းလိုက်စဉ်က ကြိုတင်သိမြင်မထားသည့် ပြဿနာများပင်ဖြစ်သည်။

ထိုပြဿနာများတွင် ဗိုလ်ချုပ်များ၏ ကတုတ်ကျင်းနှင့်တူသော မြို့တော် နေပြည်တော်အနီးအပါအဝင် နိုင်ငံအတွင်းပိုင်းထိ ကျယ်ပြန့်လာသော ပြည်တွင်းစစ်လည်း ပါဝင်သည်။ ဧပြီလ ၂၉ ရက်နေ့တွင် အမျိုးအမည်မသိရသော တိုက်ခိုက်သူများက မြန်မာနိုင်ငံအလယ်ပိုင်း မကွေးနှင့် မိတ္ထီလာမှ လေတပ်စခန်းများကို ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ရန်ကုန်မြို့မြောက်ဖက် ကီလိုမီတာ ၇၀ ခန့်အကွာ ပဲခူးမြို့အနီးရှိ စစ်လက်နက်ဂိုဒေါင်တခုတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားသည်။ ထိုဖြစ်ရပ်များသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်များအကြား နယ်စပ်တွင် တ်ိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေစဉ် ဖြစ်ပွားသော တိုက်ခိုက်မှုများဖြစ်သည်။

ထိုသို့ သေသေချာချာမသိရဘဲ မည်သူမျှလည်း တာဝန်ယူခြင်းမရှိသည့် တိုက်ခိုက်မှုများသည် နိုင်ငံမြောက်ပိုင်းမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မြို့ပြဒေသများမှ သွေးချောင်းစီးဖြိုခွဲမှုများကြောင့် ထွက်ပြေးလာသူ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အများအပြားသည်လည်း KIA ထံတွင် ခ်ိုလှုံနေချိန်ဖြစ်သည်။

စစ်ကောင်စီသည် အရပ်သားကျေးရွာများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်သည်။ ထိုလေကြောင်း တိုက်ခိုက်မှုများကြောင့် ကရင်ပြည်နယ်မှ အရပ်သား ၂၅၀၀၀ နှင့် ကချင်ပြည်နယ်မှ အရပ်သား ၅၀၀၀ နေရပ်စွန့်ခွာထွက်ပြေးရသည်။ ထို့ကြောင့် တိုင်းရင်းသားဒေသများမှ ယခင်ကတည်းကပင် ထွက်ပြေးရသူ ထောင်ပေါင်းများစွာ၏ အရေအတွက်မှာ တိုးပွားလာသည်။

(စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ စစ်တပ်ကို ခုခံတိုက်ခိုက်ရာ ဒေသတွင်းရှိ ရွာပေါင်း ၄၀ ကျော်မှ လူပေါင်း ၂ သောင်းခန့်သည်လည်း စစ်တပ်၏ တိုက်ခိုက်နှိမ်နင်းမှုကြောင်း နေရပ်စွန့်ခွာပြီး အနီးအနားရှိ တောတောင်များကြား ရှောင်ပုန်းနေကြရသည်။)

မြန်မာ့နိုင်ငံရေးကိုကာလကြာမြင့်စွာလေ့လာခဲ့သူများက လက်ရှိဖြစ်ရပ်များကို ၁၉၈၈ ခုနှစ်က ပိုမိုသွေးချောင်းစီးသည့် စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပျက်ခဲ့သည်များနှင့် နှိုင်းယှဉ်ပြောကြားကြသည်။ ထိုစဉ်က စစ်အုပ်စုက နိုင်ငံတဝန်းကျယ်ပြန့်သည့် ဒီမိုရေစီလှုပ်ရှားမှုကို ဖြိုခွဲသောကြောင့် ထောင်ပေါင်းများစွာသော စစ်အစိုးရ ဆန့်ကျင်သူများသည် တောတောင်များဆီသို့ ထွက်ပြေးရသည်။

သို့သော် ၁၉၈၈ ခုနှစ်ကဖြစ်ရပ်များနှင့် လက်ရှိဖြစ်ရပ်များအကြား ကွဲပြားခြားနားမှုကိုလည်း ၎င်းတို့မှတ်ချက်ချသည်။ ၁၉၈၈ ခုနှစ်က လူငယ်မြို့ပြ စစ်အစိုးရဆန့်ကျင်သူများသည် မြန်မာန်ိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ဖွဲ့စည်းကာ စစ်ဝတ်စုံများဝတ်ဆင်ပြီး နယ်စပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ စစ်တပ်ကို တိုက်ခိုက်ကြသည်။

ထိုစဉ်က ထိုင်းလက်နက်မှောင်ခိုဈေးကွက်တွင် လက်နက်ဝယ်ရန် ပိုမိုလွယ်ကူပြီး စစ်အစိုးရဆန့်ကျင်သည့် အုပ်စုများသည် ထိုင်းနိုင်ငံတွင် ခိုလှုံရန်နေရာများ ရုံးခန်းများပင် ရှိကြသည်။ သို့သော် ယခုအခါတွင်မူ ထိုင်းနှင့်မြန်မာစစ်တပ်များအကြား ဆက်ဆံရေးတိုးတက်လာခြင်းနှင့် ကိုဗစ်-၁၉ ကန့်သတ်ပိတ်ပင်မှုများက ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် လွန်စွာတင်းကျပ်ခြင်းတို့ကြောင့် စစ်ကောင်စီဆန့်ကျင်သူများသည် လက်ရှိအချိန်အထိ မြန်မာဖက်အခြမ်းနယ်စပ်တွင်သာ အများစု ရှိနေကြသည်။

ABSDF အဖွဲ့မှာလည်း အမည်သာကျန်ရစ်တော့ပြီး ကေဒါဟောင်းများသည် လက်နက်ချ သို့မဟုတ် တတိယနိုင်ငံများတွင် အခြေချနေထိုင်နေကြပြီဖြစ်သည်။ ABSDF ၏ မအောင်မြင်မှုက ယခုလက်ရှိ တိုင်းရင်းသား-မြို့ပြ မဟာမိတ်များအနေဖြင့် ကွဲပြားခြားနားပြီး ပိုမိုပေါက်ကွဲစေသော ပုံစံကို မည်သည့်အတွက် ရွေးချယ်ကိုင်စွဲခဲ့ရကြောင်း ရှင်းပြနေသည်။

လက်တွေ့တွင် မကြာသေးမီက ဖြစ်ရပ်များသည် ယခင်က မကြုံဘူးသည့် မြို့ပြစစ်ပွဲအစဖြစ်ကြောင်း ပြသနေပုံရသည်။ စစ်ကောင်စီသည် မြို့ပြစစ်ပွဲများကို ကိုင်တွယ်ရန် ကျွမ်းကျင်ခြင်း မရှိပေ။ ဒီမိုကရေစီလိုလားသောအုပ်စုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ မဟာမိတ်ဖွဲ့စည်းမှုအပြင် ဒေသခံခုခံရေး အင်အားစုများသည်လည်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ပေါ်ပေါက်နေသည်။ အလားတူတပ်ဖွဲ့များကို မွန်ပြည်နယ်နှင့် မန္တလေးတိုင်းတွင် ပူးပေါင်းဖွဲ့စည်းသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ထို ဒေသခံ ပုန်ကန်သူများသည် အမဲလိုက်ရိုင်ဖယ်များနှင့် လက်လုပ်ဖေါက်ခွဲပစ္စည်းများကိုသာ ကိုင်ဆောင်ကြသော်လည်း စစ်ကိုင်းတိုင်းမှ ကလေးအပါအဝင် နေရာများတွင် ရဲနှင့်စစ်သားအများအပြားသေဆုံးအောင် တိုက်ခိုက်နိုင်ကြသည်။ အနီးရှိ ချင်းပြည်နယ်တွင်လည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဟု ခေါ်သည့် တပ်ဖွဲ့သစ်သည် ၎င်းတို့ဒေသမှ စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့သည်။

ရန်ကုန်၊ မန္တလေးနှင့် မုံရွာရှိ ရဲစခန်းများကို ဗုံးများ၊ လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်သည့် သတင်းများလည်းထွက်ပေါ်နေသည်။

တချိန်တည်းတွင် စစ်ကောင်စီသည် စစ်မြေပြင်တွင် အသားကျနေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ယှဉ်ပြိုင်တိုက်ခိုက်နေရသည်။ မတ်လ ၂၅ ရက်နေ့တွင် န်ိုင်ငံမြောက်ပ်ိုင်းတရုတ်နယ်စပ်အနီး အလောဘွမ် တောင်ကုန်းကို ကချင်တိုင်းရင်းသားလက်နက်ကိုင်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့သည်။

လေကြောင်းတ်ိုက်ခိုက်မှုများသည် KIA ကို ဖယ်ရှားနိုင်စွမ်းမရှိဘဲ KIA က ကချင်ပြည်နယ် အနောက်ပိုင်း ဖားကန့်ကျောက်စိမ်းတွင်းများ အနီးနှင့် ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ် တို့တွင် နောက်ဆက်တွဲ တိုက်ခ်ိုက်မှုများ ပြုလုပ်သည်။

၂၀၁၅ ခုနှစ်အောက်တိုဘာလက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း ကရင်ပြည်နယ်တွင် KNLA နှင့် စစ်ကောင်စီတပ်များအကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေကြောင်း အစိုးရမဟုတ်သောအဖွဲအစည်းဖြစ်သည့် Free Burma Rangers က ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် အခြားပိုမိုသေးငယ်သည့် အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် တနိုင်ငံလုံး အကျုံးဝင်ခြင်း မရှိသကဲ့သို့ နယ်စပ်ဒေသများ ငြိမ်းချမ်းရေးနှင့် မဆိုင်သလောက်ဖြစ်နေသည်။

KNLA နှင့် KIA တို့သည် မြန်မာပြည်မမှ ငြိမ်းချမ်းစွာ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဗြောင်ကျကျ ထောက်ခံကြသော်လည်း အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထိုမျှ ထောက်ခံခြင်း မရှိပေ။ စစ်ကောင်စီတပ်များက ဆန္ဒပြသူများကို ဆက်လက်သတ်ဖြတ်နေလျှင် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း Reuters သတင်းဌာနနှင့် မတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် RCSS ဥက္ကဌ ရွက်ဆစ်က ပြောသော်လည်း သူ၏စကားကို မည်သည့် ရှင်းလင်းသော လုပ်ရပ်ဖြင့် သက်သေပြခြင်း မရှိသေးပေ။

စကားနှင့် အလုပ်ဆန့်ကျင်နေသည်မှာ RCSS သည် ရှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေထိန်းချုပ်မှု ရရေးအတွက် ၎င်း၏ပြိုင်ဖက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ ရှမ်းပြည်တပ်မတော်နှင့် ၎င်း၏ တိုင်းရင်းသားမဟာမိတ် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အင်အားအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အင်အား ၂၀၀၀၀ မှ ၃၀၀၀၀ ရှိသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထူးထူးခြားခြား ဝစီပိတ်ကျင့်နေသည်။ ထိုရပ်တည်ချက်ကို ၀ တိုင်းရင်းသားအားလုံးက သဘောတူသည် မဟုတ်ပေ။ ၀ လူမှုအခြေပြုအဖွဲ့အစည်း ၁၀ ဖွဲ့သည် မတ်လ ၂၅ ရက်နေ့တွင် UWSA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ၀ပြည်သွေးစည်းညီညွတ်ရေးပါတီသို့ စာတစောင် ရေးသားပြီး အခြေအနေနှင့်ပတ်သက်ပြီး ထုတ်ဖေါ်ပြောဆိုရန် တိုက်တွန်းသည်။

သို့သော် UWSA သည် မြန်မာ့စစ်အာဏာသ်ိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ပတ်သက်လိုခြင်းမရှိသည့် တရုတ်လုံခြုံရေးဌာနများနှင့် လွန်စွာနီးစပ်သောကြောင့် ထိုတောင်းဆိုမှုကို လိုက်လျောမည့်သဘောမရှိပေ။ ကုလသမဂ္ဂတွင် ဘေ့ဂျင်းက စစ်ကောင်စီအား ထောက်ခံမှုများကို ဆန္ဒပြသူများက ပစ်မှတ်ထားကြသည်။ အကြမ်းဖက်မှုများဖြစ်စဉ်အတွင်း ရန်ကုန်ရှိ တရုတ်စက်ရုံ အများအပြား မီးရှို့ခံခဲ့ကြရသည်။

တိုက်ပွဲများအတွင်း စစ်သားရာပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သည် မြန်မာနိုင်ငံမှ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သော ရခိုင်ပြည်နယ်မှ အင်အား ၇၀၀၀ ရှိသော ရက္ခိုင့်တပ်တော်(AA) ၏ ရပ်တည်ချက်မှာ ပိုမို၍ပင် အံ့သြစရာဖြစ်သည်။ ထိုအဖွဲ့သည် စစ်အုပ်စုနှင့် လွန်ခဲ့သောနှစ်အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲခဲ့ပြီး ဖေဖေါ်ဝါရီ ၁ ရက်အာဏာသိမ်းမှုအပြီးတွင် အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်ပေးခံရသည်။

ဖြုတ်ချခံလိုက်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တိုင်းရင်းသား အားလုံးတန်းတူညီမျှအခွင့်အရေးရှိသည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်မည် ဟုပြောသော်လည်း ထိုကတိကို ဖြည့်ဆည်းခြင်း မရှိကြောင်း AA ထွန်းမြတ်နိုင်က ဧပြီလ ၁၆ ရက်နေ့တွင် UWSA ဌာနချုပ်ပန်ဆန်းတွင်ပြောသည်။ ထိုသို့သော အမြင်ရှိသောကြောင့် AA သည် မြို့ပြမှ စစ်ကောင်စီဆန့်ကျင်သူများအား အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလို ပူပေါင်းနိုင်ခြေ မရှိပေ။

ညီညွတ်သော တိုင်းရင်းသားများ၏ ခုခံဆန့်ကျင်မှု မရှိခဲ့လျှင်ပင် စစ်အုပ်စုလူဟောင်းများသည် အခြေအနေ ပိုမိုဆိုးရွားခြင်း မရှိမီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏နောက်လ်ိုက်များကို ဖိအားပေးခြင်း သို့မဟုတ် ဖြုတ်ချရန် ကြိုးစားခြင်းဖြင့် အကျပ်အတည်းကို ဖြေရှင်းနိုင်သည်။

နဝတ SLORC နှင့် နအဖ SPDC သည် အလားတူ ရက်စက်ကြမ်းကြုတ်သည့် ဂိုဏ်းများဖြစ်ပြီး ဒီမိုကရေစီ၏ မိတ်ဆွေများ မဟုတ်သော်လည်း ယခင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၁၀ ခုနှစ်တွင် ရာထူးမှ မထွက်မီ ပိုမိုပွင့်လင်းသည့် လူ့အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး အနောက်န်ိုင်ငံများနှင့် ဆက်ဆံရေးကို ပြန်ကောင်းမွန်စေရန် လမ်းဖွင့်ပေးခဲ့သူဖြစ်သည်။

ဦးသန်းရွှေသည် ယခုအခါ အသက် ၈၀ နှောင်းပိုင်းသို့ ရောက်နေပြီး ယခုဖြစ်ပေါ်နေသော ဖရိုဖရဲ အခြေအနေသည် သူထားခဲ့လိုသည့် အမွေမဟုတ်ကြောင်း နိုင်ငံရေးသုတေသီများက ယူဆကြသည်။ ထိုအသက်အရွယ် ကြီးရင့်ပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးဟောင်းသည် သူတင်ပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိန်းချုပ်ရန် အင်အား၊ သြဇာနှင့် ဆန္ဒ ရှိမရှိ မသိရသော်လည်း အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် ဖရိုဖရဲ အခြေအနေများသည် စစ်တပ်ရေပေါ်ဆီအလွှာ၏ ရေတိုနှင့် ရေရှည် အကျိုးစီးပွားတော့ မဟုတ်ပေ။

(Asia Times ပါ A wider war coming to Myanmar ကို ဘာသာပြန်ဆိုပြီး အနည်းငယ် ဖြည့်စွက်ထားသည်။

You may also like these stories:

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား

ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်

ဟားခါးတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိလာ

ထီးလင်း ခုခံပစ်ခတ်မှုကို အာဏာသိမ်းတပ် စစ်ကူအားများသုံး၍တိုက်နေ

ကလေး- ဂန့်ဂေါလမ်းတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading