စစ်ကိုင်းတိုင်း ကလေး – ဂန့်ဂေါလမ်းတလျှောက် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၃ ရက်ညနေ ၅ နာရီတွင် ကလေးမြို့တောင်ဘက် ၃၃ မိုင် အကွာရှိ ဆယ်တောရွာအနီး မြောင်ချောင်းတံတားတွင် ကလေးမြို့မှ လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကလေးမြို့ဒေသခံ တဦးက ပြောသည်။
“သူတို့က ဟားခါးကို တက်မယ်ဆိုပြီးတော့ ကား ၁၁ စီးနဲ့သွားတာ။ ဂန့်ဂေါရောက်တော့ သူတို့အပစ်ခံရတယ်။ အဲဒါနဲ့ ပြန်လှည့်တော့ ဒီကောင်တွေကို ကလေးအဖွဲ့တွေက ညောင်ချောင်းတံတားမှာ ပစ်ခတ်တယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဒေသလုပ် တူမီးသေနတ် ၊ ခါးချိုးသေနတ်များဖြင့် တိုက်ခိုက်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်းပြန်ရိုင်ဖယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း သိရသည်။
တိုက်ပွဲသည် ၃ နာရီခန့်ကြာကြောင်း၊ ည ၈ နာရီခန့်တွင် စစ်ကောင်စီဘက်က ကလေးမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားသဖြင့် တိုက်ပွဲပြီးဆုံးကြောင်း ကလေးမြို့ဒေသခံတဦးက ပြောသည်။
“ပြည်သူတွေဘက်က ၂ ယောက်လောက်အဖမ်းခံရတယ်ကြားတယ်။ ဆိုင်ကယ် ၈ စီးလောက်ပါသွားတယ်။ စစ်ကောင်စီဘက်က ၄ ယောက်လောက် သေနတ်မှန်ပြီး ၂ ယောက်လောက်ကျဆုံးတယ်လို့တော့ ကြားသိရတယ်”ဟု ၎င်းက ရှင်းပြသည်။
ကလေးမြို့ဒေသခံ ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတဦးကမူ ကလေး – ဂန့်ဂေါလမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်သော်လည်း ၂ ဖက်ထိခိုက်ကျဆုံးမှုမရှိကြောင်း ၊ စစ်ကောင်စီဘက်က စစ်ကား ၂ စီးအပါအဝင် ရဲကားတစီးနှင့် ကာကွယ်ရေးအဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“၂ ဖက်ထိခိုက်ဒဏ်ရာရတော့ မရှိဘူးကြားရတယ်။ ကာကွယ်ရေးအဖွဲ့ဘက်က လူတယောက်ပျောက်နေတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်က ဖမ်းသွားတာလား။ ဘာလဲတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။
ယနေ့ (မေလ ၄ ရက်) တွင် ကလေးမြို့ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များအကြား ညောင်ချောင်းတံတားတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ဂန့်ဂေါမြို့အနီး ၊ ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ ကံရွာတွင်မူ ဂန့်ဂေါဒေသ ကာကွယ်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်း ကလေးမြို့ဒေသခံအချို့ကပြောသည်။
အဆိုပါတိုက်ပွဲ အခြေအနေအသေးစိတ်ကို ဧရာဝတီက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
You may also like these stories:
ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ
ဟားခါးမှာ တိုက်ပွဲ ဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ထပ်မံ သေဆုံး