စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ် အထက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ကြား တိုက်ပွဲများအတွင်း အထက်ကင်းရွာမှ လူငယ်တဦး လက်မောင်းကို ကျည်ဆန်ထိမှန်ပြီး သွေးထွက်လွန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့တော့ ကနီမှာ တိုက်ပွဲ မရှိဘူး၊ ငြိမ်နေတယ်။ ကင်းတိုက်နယ်ဆေးရုံမှာ တပ်ဆွဲထားတယ်ဆိုတာ မဟုတ်ဘူး။ တပ်က အထက်ကင်းရွာ စာသင်ကျောင်းမှာ တပ်စွဲထားတယ်။ မနေ့က အထက်ကင်းရွာက ကိုကျော်စွာဖြိုးလို့ ခေါ်တဲ့ လူငယ်တယောက် လက်မောင်းကို ကျည်ထိတယ်။ သွေးထွက်လွန်ပြီးတော့ ဆုံးသွားတယ်” ဟု ကနီ ဒေသခံတဦးက ပြောသည်။
မေ ၆ ရက် တိုက်ပွဲဖြစ်ပွားပြီးနောက် ကုန်းလမ်းကြောင်းဘက်မှ စစ်ကောင်စီ တပ်များ ထပ်မံ ရောက်ရှိလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများမှ ထွက်ပြေးကြသူများလည်း ရှိကြောင်း၊ မနေ့က မိုးထဲလေထဲတွင် မပြေးနိုင်ကြသဖြင့် ယနေ့ နံနက်ပိုင်းတွင် ထပ်မံ ထွက်ပြေးသူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။
မနေ့က ကနီမြို့နယ် ကင်းရွာ၊ အထက်ကင်းရွာ၊ မိကျောင်းကွင်း၊ ဘင်ရွာ စည့်ရွာနှင့် ထိစပ်သည့် နေရာများတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့များက အထက်ကင်းရွာနှင့် မိချောင်းကွင်းရွာများတွင် ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေးနေကြောင်းနှင့် အထက်ကင်းရွာ စာသင်ကျောင်းများတွင် တပ်စွဲထားကာ၊ ယင်းရွာမှ ပုန်းရှောင်ရင်း စားနပ်ရိက္ခာကို ရွာမှ ပြန်လာယူသူများကိုလည်း ဖမ်းဆီးထားကြောင်း ရွာသားများထံက သိရသည်။
လက်ရှိတွင် ကနီနှင့် ယင်းမာပင်ရှိ ကျေးရွာပေါင်း ၄၀ ကျော်မှလူပေါင်း ၂ သောင်းကျော်မှာ ရွာလုံးကျွတ်အနေဖြင့် လွတ်ရာတောတွင်းနေရာများသို့ ထွက်ပြေးနေရပြီး ရွာထဲတွင် စစ်ကောင်စီလက်အောက်ခံ ဒေသခံများသာ ကျန်ရှိကာ စစ်ကောင်စီတပ်ဖွဲ့များကလည်း ကျေးရွာနေအိမ်များမှ အဖိုးတန် ပစ္စည်းများ၊ ကြက်၊ ဝက်နှင့် အစားအစာများကို ယူဆောင် စားသောက်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောသည်။
ကနီဒေသတွင် ယခုလို တိုက်ပွဲများ ပေါ်ပေါက်လာရခြင်းမှာ မုံရွာမြို့တွင် ဆန္ဒတက်ပြရင်း အဖမ်းခံရသည့် လူငယ်တဦးကို ကလေးဝဘက်သို့ ပြောင်းရွေ့မည်ဆိုသော သတင်းနှင့် ကနီမြို့ကို လုံခြုံရေးအင်အား တိုးမြင့်ရန် စစ်ကောင်စီက ရိက္ခာနှင့် လက်နက်များ ပေးပို့မည်ဆိုသော သတင်းကြောင့် ဧပြီလ ၁၅ ရက်မှ စတင်ကာ ဒေသခံများက မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်သို့ တက်၍ ကားများကို တားဆီး စစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးနေစဉ် ဧပြီလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လင်မယား ၂ ယောက် စီးနင်းလာသည့် ဟွန်ဒါဖစ်ကားကို ဒေသခံများက အစစ်ဆေးခံရန် တားဆီးသည့်အခါ အစစ်မခံဘဲ နောက်ပြန်လှည့် မောင်းပြေးကြောင်း၊ ဒေသခံများက ဆိုင်ကယ်များဖြင့် လိုက်သည့်အခါ ကားမောင်းလာသူက သေနတ် ထုတ်၍ ပြန်ပစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလကတည်းက စစ်ကောင်စီ တပ်ဖွဲ့များက ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများတွင် လိုက်လံဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်မှုများရှိနေသဖြင့် ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။
ရွာလုံးကျွတ် ထွက်ပြေးနေရသူများတွင် စားနပ်ရိက္ခာများအပြင် ဆေးဝါးများ၊ နေစရာ အမိုးအကာများပါ လိုအပ်နေကြောင်း သိရသည်။
You may also like these stories:
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
မုဒုံတွင် မီးနေသည်အမျိုးသမီးနှင့် ရက် ၂၀ အရွယ်ကလေးအား ဓားစာခံအဖြစ်ဖမ်းဆီး