ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားရုံသာမက မြို့ အဝင်အထွက်ကိုပါ တင်းကြပ်လိုက် ပြီး ယမန်နေ့(မေလ ၂၀ ရက်)ကလည်း မြို့ထဲသို့ ပြန်ဝင်လာသူတချို့ ကို စစ်ကောင်စီတပ်က ဖမ်းဆီး နှိပ်စက်မှုများ ပြု လုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ မင်းတပ်မြို့တွင် လေးရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက မြို့ကို ထိန်းချုပ်ထားပြီးနောက် ချင်းတိုင်းရင်းသား ဒေသခံ ထောင်နှင့်ချီ၍ မြို့ကို စွန့်၍ ထွက်ပြေး ခဲ့ရသည်။
“မနေ့က မြို့ ထဲကို ဆန်သွားပြီး ဝင်ယူတဲ့သူတွေကို ဖမ်းထားတယ်။ မြို့ အဝင်အထွက်ကို တော်တော် တင်းကြပ်နေတယ်။ အထဲမှာ တချို့ကို ဖမ်းတယ်။ ပြီးရင် သိချင်တာတွေ မေးတယ်။ ပြန်လွှတ်တာလည်း ရှိတယ်။ တချို့ကို ထိုးတာကြိတ်တာ လုပ်တယ်။ တချို့ကို လမ်းပေါ်မှာ ငုတ်တုတ်ထိုင်ခိုင်းထားတယ်။ ဖုန်းတွေ စစ်ပြီးတော့ ပြန်လွှတ်တယ်”ဟု မင်းတပ် ဒေသခံ တဦးက ပြောသည်။
မနေ့က လူငယ်နှစ်ဦး အဖမ်းခံရပြီး တဦးမှာ ဖုန်းထဲရှိ ဓာတ်ပုံများကြောင့် အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်းလိုင်းများ ဖြတ်တောက်ခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ ရေဖြတ်ထားခြင်း၊ မြို့ထဲသို့ စားနပ်ရိက္ခာ သယ်ယူ၍ မရခြင်း စသည်တို့ကို ပြုလုပ်လာသဖြင့် အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန်နှင့် သတင်းအမှောင်ချရန် ကြိုးစားခြင်း ဖြစ်နိုင် ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
“မြို့ပြင်ထွက်ချင်ရင် စစ်တပ်က တပ်ရင်းမှူးရဲ့ ခွင့်ပြုချက်ရမှ သွားရမယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိလာတယ်။ စစ် ရှောင်ချင်ရင်တောင်မှ သူတို့ဘက်က ခွင့်ပြုမှ သွားရမယ်ဆိုတာမျိုးရယ်၊ သောက်သုံးရေ၊ ဖုန်းလိုင်း၊ လျှပ်စစ်မီး ပြတ် တောက်သွားတာဆိုတော့ အင်မတန် စိုးရိမ်ရတယ်”ဟု ၎င်းက ပြောသည်။
ဒေသခံတဦးကလည်း“မင်းတပ်မြို့ထဲကိုတော့ မသွားရဲကြတော့ဘူး။ တချို့ သွားကြတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် တော် တော် အဆင်မပြေကြဘူး။ မေးတယ်။ မြန်းတယ်။ ဖမ်းတယ်ဆိုတာမျိုးလည်းရှိတော့ မသွားရဲကြဘူး။ ကျနော် ကိုယ်တိုင် လည်း စိုးရိမ်လို့ မသွားဘူး။ ပြီးတော့ မြို့ ထဲမှာ ဓာတ်ဆီရောင်းတဲ့သူတွေလည်း မရှိတော့ဘူး။ ဆိုင်ကယ်ဆီလည်း ပြတ် သွားပြီ”ဟု ပြောသည်။
လက်ရှိတွင် ဒေသ ကာကွယ်ရေးအတွက် စုဖွဲ့ထားသည့် ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF)မှာလည်း စစ် ကောင်စီတပ်များကို ခြုံခိုတိုက်ခိုက်သည့် အဆင့်သာ ပြုလုပ်နိုင်တော့သည်။
မနေ့က မင်းတပ် – မတူပီ လမ်းမိုင် ၄၀ နှင့် ၅၀ ကြားတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် မင်းတပ်ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ကြပ်တစ်ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က သတင်းထုတ်ပြန်ထားသည်။
“မင်းတပ်-မတူပီကားလမ်းပေါ် မှာလည်း မနေ့က တိုက်ပွဲဖြစ်တယ်။ ဒီဘက်က ချောင်းပစ်တာပေါ့။ စစ်သား ၃ ယောက်သေ တယ်။ ပြည်သူတွေဘက်ကတော့ အထိအခိုက် မရှိဘူးလို့ သိရတယ်”ဟု မင်းတပ်ဒေသခံ တဦးက ပြောသည်။
စစ်ရှောင်များအတွက် အစားအသောက် သယ်ယူသည့် တောထဲရှိ လမ်းကြောင်းများကိုပါ စစ်ကောင်စီတပ်များက စနိုက် ပါနှင့် လိုက်ပစ်လျက်ရှိပြီး စိတ်ချရသည့် လမ်းကြောင်း မရှိတော့ကြောင်း သိရသည်။
မြို့ ထဲရှိ ဒေသခံများမူ ကြိုတင် သိုလှောင်ထားသည့် စားနပ်ရိက္ခာ အနည်းအကျဉ်း ရှိသော်လည်း ရေ၊ မီး ဖြတ်တောက် ထားသဖြင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲ ရှိနေပြီး ရေ မရသည့်အတွက် အခြေအနေဆိုးကြောင်း သိရသည်။
“မြို့ထဲကလူတွေကျတော့ တချို့ကျတော့ သက်ကြီးရွယ်အိုတွေကျတော့ သေလည်း ဒီမှာ သေပစေဆိုပြီးတော့ အပြင် မ ထွက်ချင်ကြဘူး။ အပြင်မှာ လျှောက်သွားပြီး ဒုက္ခရောက်တာထက် ကိုယ့်အိမ်မှာပဲ သေရင်လည်း သေသွားမယ် ဆိုပြီး တော့ နေကြတဲ့သူတွေလည်း ရှိတယ်”ဟု မင်းတပ်မြို့ထဲတွင် ကျန်နေသူတဦးက ပြောပြသည်။
တောထဲသို့ ပြေးရသူများမှာလည်း မြို့ထဲသို့ စားနပ်ရိက္ခာ ပြန်မယူရဲသဖြင့် နီးစပ်ရာ ကျေးရွာများသို့ အကူအညီတောင်းခံပြီး စားသောက်နေရကြောင်း၊ သို့သော် ရေရှည်တွင် စစ်ရှောင်များအတွက်ရော၊ ကူညီပေးနေသည့် ကျေးရွာများအတွက်ပါ အဆင်မပြေနိုင်ကြောင်း စစ်ရှောင်နေသူ မင်းတပ်ဒေသခံတဦးက ပြောသည်။
ပြည်တွင်း၊ ပြည်ပအလှူရှင် အဖွဲ့အစည်းများက မင်းတပ်မြို့သို့ ကူညီထောက်ပံ့မှုများ ပို့ပေးလျက်ရှိကြောင်း လူမှု ကွန်ရက် စာမျက်နှာများတွင် တွေ့ရသော်လည်း မင်းတပ်သို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“ဖုန်းလိုင်းတွေ မပိတ်ဘဲနဲ့ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ လိုတယ်။ အခု ဖုန်းပြောချင်ရင် တောထဲမှာ တောင်ပေါ်အထိ တက်ပြော ရတာ။ မြို့ထဲမှာ ဆန်၊ ဆီ၊ ဓာတ်ဆီတွေ သယ်ယူပို့ဆောင်လို့ လွယ်ကူအောင် အခုလို တင်းကြပ်ပြီးတော့ ဖမ်းဆီးတာတွေ မလုပ်ဖို့လည်း လိုတယ်။ ဒီနှစ်ချက်ကတော့ တော်တော် အရေးကြီးတယ်”ဟု ဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ် ၇ ဦးကို ပြန်လွှတ်ပေးရန် ဒေသခံများက ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ရာမှ ညှိနှိုင်းမှု မပြေလည်ဘဲ ညပိုင်းတွင် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။
ဧပြီလ ၂၅ ရက်နေ့တွင် တိုက်ပွဲ မရှိသေးဘဲ ဧပြီလ ၂၆ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ယာဉ်တန်းများကို မင်းတပ်ဒေသ ကာ ကွယ်ရေး တပ်ဖွဲ့များက စုဖွဲ့ တိုက်ခိုက်ခြင်း၊ ဧပြီ ၂၇ ရက်နေ့တွင် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို ဝင်တိုက်ခြင်း စသည် တို့ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
နောက်ပိုင်းတွင် စစ်ကောင်စီဘက်က ညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း၊ အပစ်ရပ်လိုကြောင်း ညှိနှိုင်းလာပြီးနောက် မေလ ဆန်းပိုင်းတွင် စစ်ကားများ မင်းတပ်မြို့ကို ဖြတ်၍ သွားလာခွင့်များ ဒေသခံများဘက်က ခွင့်ပြုပေးခဲ့ဖူးသည်။
သို့သော် မေလ ၂ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး လေးရက်ကြာပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီ တပ်များက ယနေ့ အချိန်အထိ ထိန်းချုပ်ထားသည်။